အိုင်ဗရီကို့စ် နိုင်ငံတွင် ဖျက်ဆီးခံခဲ့ရသော မြန်မာ့ဆန် ပြဿနာနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ အနေဖြင့် ပြည်ပသို့ ဆန် တင်ပို့မှု မူဝါဒကို ပြန်လည်သုံးသပ်ရန် လိုအပ်လာပြီ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန (စီးပွား/ကူးသန်း) မှ ဒု ဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မြန်မာ့ဆန်များ အိုင်ဗရီကို့စ်တွင် ဖျက်ဆီးခံရမှုနှင့် ပတ်သက်ပြီး နေပြည်တော်ရှိ စီးပွား/ကူးသန်း ရုံးတွင် ယနေ့ ပြုလုပ်သော နိုင်ငံတကာ ဈေးကွက်များ၌ ခိုင်မာသည့် ဈေးကွက် တည်ဆောက်ရေး နှင့် အရည် အသွေး ပြည့်မီသည့် ဆန်များ တင်ပို့နိုင်ရေး ညှိနှိုင်း အစည်းအဝေးတွင် ဒုဝန်ကြီးက ပြောကြားခြင်း ဖြစ်သည်။
“ဆန်တင်ပို့မှုနဲ့ ပတ်သက်ပြီးတော့ အလုံးစုံမူဝါဒကို ပြန်ဆန်းစစ်ဖို့ လိုပါတယ်။ ထောက်ပံ့ရေး အပြောင်းအလဲ တခုလုံးမှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ပြန်ပြီးတော့ ကောင်းအောင် ဘယ်လိုလုပ်မလဲဆိုတာ အားလုံးဝိုင်းစဉ်းစားဖို့ လိုပါတယ်” ဟု သူက ဆိုသည်။
အိုင်ဗရီကိုစ့်နိုင်ငံတွင် မြန်မာ့ဆန် တန် ၂၂၀၀၀ တွင် တန် ၄ ထောင်ကိုသာ လက်ခံပြီး တန် ၁၈၀၀၀ ကို စားသုံးရန်မသင့် ဟု ဆိုကာ ဖျက်ဆီးခဲ့ရာတွင် မြန်မာနိုင်ငံက ရွှေဝါရောင်၊ မြန်မာ စီးပွားရေး ကော်ပိုရေးရှင်း (MEC) နှင့် ဧရာဟင်္သာ ကုမ္ပဏီ တို့မှ ဆန်များဖြစ်ကြောင်း၊ သယ်ယူပို့ဆောင်သည့် ကုမ္ပဏီမှာ ရန်ကုန် အခြေစိုက် Olam International Co.Ltd ဖြစ်ပြီး ၂၀၁၈ ခုနှစ် သြဂုတ်လတွင် ဆန်များကို ဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆန်များနှင့် ပတ်သက်ပြီး ရေကြောင်းမှတဆင့် တင်ပို့ခြင်းဖြစ်၍ ၈ လကျော်ကြာ သိုလှောင်ထားခြင်း ဖြစ်ပြီး ဖျက်ဆီး ခံရမည့် ဆန်များ၏ အရည်အသွေး ပြန်လည် စစ်ဆေးရန် စီးပွား/ကူးသန်း ဝန်ကြီးဌာန အနေဖြင့် စီစဉ်ခဲ့သော် လည်း ပြန်လည် သယ်ယူနိုင်ခြင်းမရှိဘဲ ထိုနိုင်ငံတွင်သာ ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ယခု တပတ်အတွင်း ထိုကဲ့သို့ တင်ပို့သော ဆန်အရည်အသွေး ပြဿနာများ နောင်မဖြစ်စေရန် ဆန်စပါးနှင့် ပတ်သက်သည့် အသင်းအဖွဲ့များကို တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်းလည်း စီးပွား/ကူးသန်း လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်က ပြောသည်။
“ဆန်စပါးနဲ့ ပတ်သက်တဲ့ လုပ်ငန်းရှင်တွေ၊ ဆန်စက်ပိုင်ရှင်တွေ၊ ပို့ကုန် ပိုင်ရှင်တွေ အပြင် အရည်အသွေး စစ်ဆေးတဲ့ တတိယ အုပ်စု (Third Party) အဖွဲ့တွေ အားလုံးနဲ့ တွေ့ဆုံဖို့ အစည်းအဝေး ခေါ်ထားတယ်။ အိုင်ဗရီကို့စ် ပြဿနာမျိုး ဘာ့ကြောင့် ဖြစ်သွားလဲ၊ နောင်မဖြစ်အောင် ဘယ်လိုလုပ်ကြမလဲဆိုတာ ဆွေးနွေး အဖြေရှာဖို့ ဖြစ်ပါတယ်”ဟု သူက ဆိုသည်။
ယခုကဲ့သို့ ဖြစ်ပျက်ခဲ့ခြင်းသည် မြန်မာနိုင်ငံရှိ ဆန်ကုန်သည်များ နစ်နာမှုမရှိခဲ့သော်လည်း ပြည်ပသို့ ဆန်တင်ပို့နေသည့် မြန်မာနိုင်ငံ၏ ပုံရိပ်ကို ကျဆင်းစေခဲ့သည်ဟုလည်း ဦးခင်မောင်လွင်က ဆက်ပြောသည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး နိုင်ငံတကာ ကုန်သွယ်ရေးတွင် သင်္ခန်းစာ ယူသင့်ကြောင်း၊ ဈေးကျနေသည့် အချိန်မျိုးတွင် ပစ္စည်း၏ အရည်အသွေးနှင့် ပတ်သက်ပြီး ကုန်သွယ်ရေးစကားများ ပြောလာရနိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်း ချုပ် ဒုဥက္ကဌ ဦးအောင်သန်းဦးက ပြောသည်။
ဖျက်ဆီးခံလိုက်ရသော မြန်မာ့ဆန်များ အရေးကြောင့် နိုင်ငံတကာမှ စားသုံးသူများက မြန်မာ့ဆန် အားလုံးကို ကိုယ်စားပြု မည်ဟု ယူဆချက်များ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ကြောင်း၊ ပြည်ပပို့သည့် ဆန်များပင် စားသုံးရန်မသင့်ဟု ဆိုလာလျှင် ပြည်တွင်း စားသုံးနေသော ဆန်များကရော စားသုံးရန် သင့်ပါ့မလားဆိုသည့် အတွေးများ ဖြစ်လာနိုင်ကြောင်း ၎င်းက ဆက် ပြောသည်။
“ဆန်တင်တော့မယ်ဆိုရင် ဂိုထောင်မှာ သက်ဆိုင်ရာ အဖွဲ့ရဲ့ ကိုယ်စားလှယ်ထားပြီး ဒီဆန်ကို အိတ်သွပ်တဲ့အချိန် အလေး ချိန် ပြည့်မှု၊ အရည်အသွေး စတာတွေကို စစ်ဆေးပါတယ်။ ဒါ့ကြောင့် လက်ရှိ ဆန်တင်ပို့တာက စနစ်တကျ တင်ပို့ပါတယ်” ဟုလည်း ဦးအောင်သန်းဦးက ပြောဆိုသည်။
မြန်မာ့ဆန်များ ဖျက်ဆီးခံရမှုနှင့် ပတ်သက်ပြီး လက်ရှိအချိန်တွင် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်နှင့် စီးပွား/ကူးသန်း တို့ ပူးပေါင်းကာ စုံစမ်းစစ်ဆေးလျက် ရှိသည်။
ထိုကဲ့သို့ မြန်မာ့ဆန်များ ဖျက်ဆီးခံခဲ့ရမှုကြောင့် ပြည်ပသို့ မြန်မာ့ဆန်များ တင်ပို့နေမှုကို ထိခိုက်မှု မရှိနိုင်ကြောင်း မြန်မာ နိုင်ငံ ဆန်စပါး အသင်းချုပ် ဥက္ကဌ ဦးရဲမင်းအောင်က ဧပြီလ ၂၂ ရက်နေ့က မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားထားသည်။
မြန်မာ့ဆန်များသည် ဈေးနှုန်း နည်းပါးခြင်း၊ အရသာနှင့် အရည်အသွေးကို နှစ်ခြိုက်သည့် အာဖရိက နိုင်ငံများ ရှိနေခြင်း ကြောင့် အာဖရိက နိုင်ငံများ၏ ဈေးကွက်သို့ မြန်မာ့ဆန်များ ပုံမှန် တင်ပို့နေမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၈ ခုနှစ် ဧပြီလမှ ၂၀၁၉ ခုနှစ် မတ်လအထိ ပင်လယ်ရေကြောင်းမှ ပြည်ပသို့ ဆန်တင်ပို့မှု ပမာဏ တန် ၁ ဒသမ ၂ သန်းကျော် ရှိပြီး အမေရိကန် ဒေါ်လာ သန်း ၄၀၀ ကျော် ရှိကြောင်း စီးပွား/ကူးသန်း ဝန်ကြီးဌာန၏ ထုတ်ပြန်သော စာရင်းများတွင် ဖော်ပြထားသည်။
သတင်းထောက် မြတ်ပြည့်ဖြိုး ပူးပေါင်းရေးသားသည်။