IT

iOS မှာ ရက် ၉၀ အတွင်း ကန်ဒေါ်လာ သန်း ၁၀၀ ရှာနိုင်ခဲ့တဲ့ Fortnite ဂိမ်း

လူငယ် လူရွယ်တွေကြားမှာ ရေပန်းစားနေတဲ့၊ နာမည်ကြီး Battle Royal ဂိမ်းတခုဖြစ်တဲ့ Fortnite ဟာ iOS မှာ ထွက်ရှိပြီး ရက် ၉၀ အတွင်းမှာပဲ အမေရိကန်ဒေါ်လာ သန်း ၁၀၀ အထိ ရှာနိုင်ခဲ့တယ်လို့ သိရပါတယ်။

App Analytics ကုမ္ပဏီတခုဖြစ်တဲ့ Sensor Tower ရဲ့ ဖော်ပြချက်အရ Epic Games ကုမ္ပဏီက iPhone နဲ့ iPad တွေ အတွက် ထုတ်ထားတဲ့ Fortnite မိုဘိုင်းဂိမ်းဟာ သမိုင်းတလျှောက် အမြန်ဆုံး ငွေရှာနိုင်ခဲ့တဲ့ iOS ဂိမ်းတခု အဖြစ်လည်း မှတ်တမ်း ဝင်သွားခဲ့ပါတယ်။ Fortnite ရဲ့ အထက်မှာတော့ Supercell က ထုတ်ထားတဲ့ Clash Royale ဂိမ်းက ရက် ၉၀ အတွင်းမှာ ကန်ဒေါ်လာ သန်း ၁၅၀ ကျော်ရှာပြီး ထိပ်ဆုံးက ရပ်တည်နေပါတယ်။

Clash Royale ဂိမ်းဟာ Fortnite က ရက် ၉၀ အတွင်း ရှာခဲ့တဲ့ သန်း ၁၀၀ ကို ၅၁ ရက်အတွင်းမှာ ရှာနိုင်ခဲ့တာ ဖြစ်ပါတယ်။ Fortnite ဂိမ်းဟာ Apple ရဲ့ App Store မှာ Beta အဆင့်ကတည်းက ဒေါ်လာ ၁ ဒဿမ ၅ သန်း ရှာနိုင်ခဲ့ပြီး၊ iPad နဲ့ iPhone တွေအတွက် တရားဝင် ထွက်ရှိလာတဲ့ ပထမဆုံးလမှာ ဒေါ်လာ ၂၅ သန်း ရှာနိုင်ခဲ့တာ တွေ့ရပါတယ်။ နောက်ထပ် ဒေါ်လာ ၂၅ သန်းကိုတော့ နောက်ထပ် ၂ ပတ်အကြာမှာ ထပ်ရှာနိုင်ခဲ့ပါတယ်။

 

 

ဒီလောက် များပြားတဲ့ငွေကို အချိန်တိုအတွင်း ရှာနိုင်ခဲ့ပေမယ့် Fortnite မိုဘိုင်းဂိမ်းဟာ App Store မှာ အခမဲ့ ရယူနိုင်တဲ့ ဂိမ်းတခု ဖြစ်ပါတယ်။ ဂိမ်းထဲမှာပဲ “V-Bucks” လို့ ခေါ်တဲ့ ငွေကြေးတမျိုးကို ဒေါ်လာနဲ့ ပြန်လည်ရောင်းချပြီး၊ အဆိုပါ ဂိမ်းငွေကြေးနဲ့ သီးသန့် Outfits တွေ၊ Gliders တွေစတဲ့ ဂိမ်းပစ္စည်းတွေကို ပြန်လည် ဝယ်ယူရတာ ဖြစ်ပါတယ်။

ဂိမ်းထဲမှာ V-Bucks 1000 ကို ၉ ဒဿမ ၉၉ ဒေါ်လာနဲ့ ရောင်းချလျက်ရှိပြီး၊ အဆိုပါပမာဏက အနည်းဆုံး ဝယ်ယူနိုင်တဲ့ ပမာဏ ဖြစ်ပါတယ်။ မဝယ်ပဲနဲ့လည်း ဂိမ်းဆော့ရင်း V-Bucks တွေ ရတယ်ဆိုပေမယ့် In-App Purchases လို့ခေါ်တဲ့ ဂိမ်းတွင်း ရောင်းချမှု စနစ်တွေပါတဲ့ ဂိမ်းတွေ ထုံးစံအတိုင်း မဝယ်ဘဲ ဆော့မယ်ဆိုရင် အချိန်အများကြီးပေးမှ “V-Bucks” အနည်းအကျဉ်းလောက်ပဲ ရနိုင်မှာဖြစ်ပါတယ်။

Fortnite ဂိမ်းရဲ့ ပြိုင်ဘက်ဂိမ်းတခုဖြစ်တဲ့ PUBG ဂိမ်းလည်း iOS မှာ ထွက်ရှိပြီး ဖြစ်ပေမယ့် ဒေါ်လာ ၅ ဒဿမ၂ သန်း လောက်ပဲ ရှာနိုင်ခဲ့တယ်လို့ Sensor Tower က ခန့်မှန်းတွက်ချက် ထားပါတယ်။ Fortnite ဂိမ်းဟာ လက်ရှိအချိန်ထိ iOS မှာပဲ ထွက်ရှိထားသေးပြီး၊ Android အတွက် ဘယ်တော့ထွက်မလဲ ဆိုတာကိုတောင် အတိအကျ မသိရသေးပါဘူး။

Ref: Mac Rumors

Loading