Lenovo ဟာ Z5 Pro ဖုန်းကို မိတ်ဆက်ပြီးနောက်၊ တလအကြာမှာ Z5s ဆိုတဲ့ မော်ဒယ်အသစ်တမျိုးကို တရုတ်နိုင်ငံမှာ ထပ်မံ မိတ်ဆက်သွားဖို့ ရှိပါတယ်။
Lenovo ရဲ့ VP Chang Cheng ဟာ Lenovo Z5s ဖုန်းကို ပထမက ဒီဇင်ဘာ ၆ ရက်နေ့ မိတ်ဆက်မယ်လို့ ကြေညာခဲ့ပေမယ့်၊ အခုတော့ ဒီဇင်ဘာ ၁၈ မှာ မိတ်ဆက်မှာ ဖြစ်ကြောင်း ပြောင်းလဲ ကြေညာခဲ့တာပါ။
Chenge တယောက် Weibo မှာ တင်ထားတဲ့ အမြည်းဓာတ်ပုံနှစ်ခုအရ ဖုန်းရဲ့ ကျောဘက်မှာ ကင်မရာ ၃ လုံးကို ဒေါင်လိုက်အနေအထား တွေ့မြင်ရပါတယ်။
မကြာခင်က မိတ်ဆက်ခဲ့တဲ့ Lenovo Z5 Pro မှာ ကျော ကင်မရာ ၂ လုံးထဲ သုံးထားပေမယ့် Z5s မှာတော့ ကျောကင်မရာ ၃ လုံး ဖြစ်သွားတာပါ။ ဓာတ်ပုံတွေမှာ ဖုန်း နောက်ကျောဘက်ပဲ တွေ့မြင်ရတဲ့အတွက် ဖုန်း ရှေ့ဘက်ဒီဇိုင်းကိုတော့ မသိရသေးပါဘူး။
Z5 Pro တုန်းက ရှေ့ကင်မရာ ၂ လုံးက နောက်က ဆွဲထုတ်ရတဲ့ Slider ထဲမှာ ဖြစ်ပါတယ်။ Z5s မှာလည်း ယခု ဒီဇိုင်း ဆက်သုံးမလားတော့ မသေချာသေးပါဘူး။
တရုတ် ဆက်သွယ်ရေးပစ္စည်း မှတ်ပုံတင် ဝဘ်ဆိုဒ် TENAA မှာ ဖော်ပြထားချက်အရတော့ ၆.၃ လက်မ ရေစက်ပုံ Notch ပါ Display ၊ ကျောကင်မရာ ၃ လုံး၊ ကျောဘက် သတ္တုကိုယ်ထည်နဲ့ ကျောဘက် လက်ဗွေရာ ဆန်ဆာတို့ ပါဝင်လာမယ်လို့ သိထားရပါတယ်။ Snapdragon 710 ဒါမှမဟုတ် Snapdragon 845 နဲ့ ထွက်လာနိုင်ပါတယ်။
Lenovo Z5s ကို ဘယ်လို ထူးခြားတဲ့ ဒီဇိုင်းတွေနဲ့ မိတ်ဆက်မလဲဆိုတာကတော့ ဒီဇင်ဘာ ၁၈ ရက်မှာ မျက်ဝါးထင်ထင် တွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။
Ref: Gadgets NDTV, GSM Arena