Lifestyle

ဂျိုလီ နဲ့ ဘရပ်ပစ်တို့ရဲ့ လမ်းခွဲချိန်

အသက် ၄၁ နှစ်အရွယ် သရုပ်ဆောင်မင်းသမီး အင်ဂျယ်လီနာဂျိုလီဟာ အသက် ၅၂ နှစ်အရွယ် သရုပ်ဆောင်မင်းသား ဘရတ်ပစ်ထံသို့ ကွာရှင်းခွင့်တောင်းထားတယ်လို့ ဂျိုလီရဲ့ ရှေ့နေက အတည်ပြုပြောကြားခဲ့ပါတယ်။

ဂျိုလီရဲ့ရှေ့နေ ရောဘတ်အော်ဖာရဲ့ပြောကြားချက်အရ သူက ကွာရှင်းခွင့်ကို ပြီးခဲ့တဲ့ တနင်္လာနေ့မှာ တင်ခဲ့တာဖြစ်ပြီး မိသားစုရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ အခုလိုဆုံးဖြတ်ချက်ကို ချခဲ့ရတာဖြစ်ကြောင်း ကွာရှင်းခွင့်တောင်းခံခြင်း အချက်အလက်အနေနဲ့ ဂျိုလီက ဒီလောက်ပဲ မှတ်ချက်ပေးခဲ့တယ်လို့ အော်ဖာက ပြောဆိုခဲ့ပါတယ်။

သူတို့စုံတွဲဟာ ၂၀၀၄ ခုနှစ်ကတည်းက အတူနေထိုင်ခဲ့ကြတာဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ လက်ထပ််ခဲ့ကြတာဖြစ်ပါတယ်။

အနုပညာ သတင်းဝက်ဘ်ဆိုဒ် တစ်ခုဖြစ်တဲ့ TMZ ရဲ့ ဖော်ပြချက်အရ ဂျိုလီဟာသူမရဲ့ ကွာရှင်းခွင့်စာတမ်းမှာ ညိုနှိုင်းမရတဲ့ ကွဲပြားမှုတွေကြောင့်လို့ တင်ပြထားခဲ့ပြီး ကွာရှင်းမယ့် နေ့ရက်ကို စက်တင်ဘာလ ၁၅ လို့ ရေးသားခဲ့ပါတယ်။

ဒါ့အပြင် ၎င်းတို့စုံတွဲထံတွင် ကလေး ၆ ယောက်ရှိပြီး ကလေးတွေရဲ့ အုပ်ထိန်းခွင့်ကိုလည်း တောင်းဆိုထားကာ ဘရတ်ပစ်အနေနဲ့ ကလေးတွေကို တွေ့ခွင့်နဲ့ပတ်သက််ပြီး တရားသူကြီးကိုလည်း မေးထားပါတယ်လို့ TMZ သတင်းမှာ ဖော်ပြထားပါတယ်။

ဂျိုလီဟာ ပရဟိတအလုပ်တွေကြောင့် လူပိုသိလာခဲ့တာဖြစ်ပါတယ်။ သူဟာ UN လက်အောက်က ဒုက္ခသည်များ ကူညီရေး အဖွဲ့အစည်းမှာ သံတမန်ကိုယ်စားလှယ်အဖြစ် ၁၁ နှစ်ကျော်လုပ်ကိုင်ခဲ့ကာ နာမည်ကောင်းရခဲ့သူလည်း ဖြစ်ပြီး ၂၀၁၂ နောက်ပိုင်းမှာတော့ အထူးသံတမန်အနေနဲ့ အလုပ်လုပ်ကိုင်ပေးနေတာလည်း ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်မှာတော့ ရင်သားကင်ဆာဖြစ်ဖို့ အလားအလာရှိတာကြောင့် ဂျိုလီရဲ့ ရင်သားနှစ်ဖက်ကို ဖြတ်တောက် ခဲ့ရပါတယ်။

ယခင်တုန်းက သူတို့နှစ်ယောက်ပါ၀င်ထားသော Drama ဇာတ်ကားတကားဖြစ်တဲ့ “By the Sea” ဇာတ်ကားမတိုင်ခင် Telegraph သတင်းမီဒီယာမှာ “ပြဿနာလေးတွေ ရှိတာပေါ့၊ ကျမတို့နှစ်ဦးလည်း တခြားစုံတွဲတွေလိုပဲ အခန့်မသင့်ရင် စကားများ ရန်ဖြစ်ကြတာပဲလေ။ ဒါပေမယ့် ဇာတ်ကားတွေထဲမှာပါသလို ပြဿနာတွေကြောင့်တော့ မဟုတ်ပါဘူး”လို့ ရေးသားဖော်ပြခဲ့ဖူးပါတယ်။

ဂျိုလီနဲ့ ပစ် တို့ရဲ့ပရိသတ်တွေက သူတို့နှစ်ဦးကို ဟောလီးဝုဒ်ရဲ့ လူသိအများဆုံး စုံတွဲလို့ သတ်မှတ်ထားခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ဂျိုလီကိုယ်တိုင် ရေးသား ထုတ်ဝေပြီး ဒါရိုက်တာအဖြစ် ဖန်တီးထားတဲ့ “By The Sea ” Drama ဇာတ်ကား အတွက် ၂၀၁၅ ခုနှစ်မှာ အတူတကွ အလုပ်လုပ်ခဲ့ကြပါသေးတယ်။

Ref: cnn.com

Loading