ဒုတိယကမ္ဘာစစ်အတွင်းတုန်းက ဂျပန်နိုင်ငံရဲ့ ဟီရိုရှီးမားမြို့နဲ့ နာဂါဆာကီမြို့ ၂ မြို့ဟာ အဏုမြူဗုံးဒဏ် သင့်ခဲ့ရပါတယ်။ အဲဒီ အဏုမြူဗုံးကိုတော့ အမေရိကန်ပြည်ထောင်စုက ၁၉၄၅ခုနှစ်၊ သြဂုတ်လ ၆ ရက်နဲ့ ၉ ရက်နေ့တွေမှာ ကြဲချခဲ့တာပဲ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုက ကြဲချခဲ့တဲ့ အဏုမြူ ဗုံး ၂ လုံးကြောင့် ဂျပန်နိုင်ငံသား သိန်းနဲ့ချီ သေဆုံးခဲ့ရပါတယ်။
ဟီရိုရှီးမားနေ့ အမှတ်တရအဖြစ် ဖွင့်လှစ်ထားတဲ့ ဟီရိုရှီးမားပြတိုက်ဟာ ဂျပန်နိုင်ငံမှာတော့ ထင်ရှားတဲ့ပြတိုက် တခုပါပဲ။ ၂ နှစ်ကြာပြန်လည် ပြုပြင်ဖို့ ပိတ်ထားခဲ့တဲ့ ဟီရိုရှီးမားပြတိုက်ကို အခုတော့ ပြန်လည် ဖွင့်လှစ်လိုက်ပါပြီ။ ဒီပြတိုက်ကိုတော့ ငြိမ်းချမ်းရေး အမှတ်တရအနေနဲ့ ဖွင့်လှစ်ခဲ့တာပဲ ဖြစ်ပါတယ်။
ဒီပြတိုက်ကိုတော့ ၁၉၅၅ ခုနှစ် သြဂုတ်လမှာစတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဒီပြတိုက်ဟာ ဂျပန်နိုင်ငံရဲ့ ကျောင်းသား လေ့လာရေးခရီးအတွက် အရေးပါတဲ့ ပြတိုက်တခုဖြစ်သလို နိုင်ငံတကာ ခရီးသွား ဧည့်သည်တွေအတွက်လည်း စိတ်ဝင်တစား သွားရောက်လည်ပတ်ရတဲ့ ပြတိုက်တခုပါ။
ဟီရိုရှီးမားပြတိုက် စတင်ဖွင့်လှစ်တဲ့ ၁၉၅၅ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်အထိ လာရောက်လည်ပတ်သူပေါင်းက ၅၃ သန်းအထိ ရှိခဲ့ပါတယ်။ တနှစ်ကို လာရောက် လည်ပတ်သူပေါင်းက ပျမ်းမျှခြင်းအားဖြင့် ၁ သန်းအထိ ရှိပါတယ်။
အဏုမြူဗုံး ကြဲခံရတဲ့ သြဂုတ်လ ၆ ရက်နေ့ရောက်တိုင်း ဒီပြတိုက်မှာ ငြိမ်းချမ်းရေးပွဲတော်ကို ကျင်းပလေ့ ရှိပါတယ်။ ၂၀၁၆ ခုနှစ် မေလတုန်းကတော့ အမေရိကန်ပြည်ထောင်စုရဲ့သမ္မတဖြစ်ခဲ့တဲ့ ဘားရက်အိုဘားမားဟာ ဟီရိုရှိးမား ငြိမ်းချိမ်းရေးပြတိုက်ကို လာရောက် လည်ပတ်ခဲ့ပါတယ်။
ဟီရိုရှီးမား အမှတ်တရပြတိုက်ကိုတော့ ဂျပန်ဗိသုကာပညာရှင်ဖြစ်တဲ့ Kenzo Tange က ဒီဇိုင်းရေးဆွဲခဲ့တာပဲ ဖြစ်ပါတယ်။ Tange ဟာ ၂၀ ရာစုရဲ့ အကျော်ကြားဆုံး ဗိသုကာပညာရှင်တွေထဲက တယောက်ပါ။ သူရေးဆွဲတဲ့ အဆောက်အဦ ဒီဇိုင်းတွေဟာ ဂျပန်ရိုးရာနဲ့ ခေတ်သစ်ပုံစံကို ပေါင်းစပ်ထားတာ များပါတယ်။
ပြန်လည် ပြင်ဆင်ဖို့ ၂ နှစ်ကြာပိတ်ထားခဲ့တဲ့ ဟီရိုးရှီးမား အမှတ်တရပြတိုက်ကို အခုအခါမှာတော့ ပြန်လည်ဖွင့်လှစ်လိုက်ပြီပဲ ဖြစ်ပါတယ်။
Ref: edition.cnn & en.wikipedia