သရုပ်ဆောင်စိုးမိုးကြည်က ဇာတ်ကားတွေအထဲမှာတင်မဟုတ်ဘဲ အပြင်မှာလည်း မြန်မာဝတ်စုံတွေကို အဝတ်များသူ တယောက်ဖြစ်ပါတယ်။ ဘယ်လောက်ပဲအခြားနိုင်ငံက ဖက်ရှင်တွေ လွှမ်းမိုးပါစေ မြန်မာမိန်းကလေးတွေအနေနဲ့ မြန်မာဝတ်စုံဝတ်ထားတာက ချစ်စရာအကောင်းဆုံးဖြစ်တယ်လို့ ဧရာဝတီကို ဆိုပါတယ်။
“ဖက်ရှင်အနေနဲ့တော့ ကိုယ့်အသက်အရွယ်နဲ့ကိုယ် အရမ်းကြီးတွေ ဝတ်လို့မရဘူးလေ။ ဇာတ်ကားတွေထဲမှာ ဟော့ရှော့ဒီဇိုင်းတွေ ဝတ်ရတာရှိတယ်။ ဟော့ရှော့ဒီဇိုင်းဆိုပေမယ့်လည်းကိုယ့် အသက်အရွယ်နဲ့ ကိုယ့်ပါရမယ့် ကာရိုက်တာနဲ့လိုက်ရောညီထွေစွာ ဝတ်ရတယ်”
“ပရိသတ်ကကြည့်လိုက်ရင်လည်း သူ့ အသက်အရွယ်နဲ့ သူပါရတဲ့ကာရိုက်တာနဲ့ လိုက်ဖက်ဆိုတာမျိုး ဖြစ်အောင် တွေးတွေးပြီး ဝတ်ဖြစ်တယ်။ အရမ်းဟော့ရှော့ကြီးကြတော့ အဆင်မပြေဘူးလေ။ အဲ့လိုတော့ ကျမ မဝတ်တတ်ပါဘူး။ နိုင်ငံခြားသွားရင်တောင် မြန်မာပြည်ကသူတွေကပဲ ကြည့်ကြတာဆိုတော့ သူ့အသက်အရွယ်နဲ့သူလိုက်ဖက်အောင် ဝတ်တတ်တယ်ဆိုပြီးဖြစ်အောင် အမြဲတမ်းစဉ်းစားပြီးဝတ်တယ်” လို့ ဆိုပါတယ်။
စိုးမိုးကြည်က မြန်မာဝတ်စုံကို ဝတ်ဆင်ရတာ ကြိုက်နှစ်သက်ပြီးငယ်စဉ်ကတည်းက မြန်မာဝတ်စုံကိုပဲ ဝတ်ဆင်လာခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒီဘက်ခေတ် အမျိုးသမီးများရဲ့ဝတ်စားဆင်ယင်မှုအပိုင်းနဲ့ ပတ်သက်လို့လည်း အခုလိုဆိုပါတယ်။
“အခုဆိုကိုရီးယားဖက်ရှင်တွေ ခေတ်စားပြီး ဝတ်ဆင်ကြတယ်။ ဘယ်လောက်ပဲ အခြားနိုင်ငံက ဖက်ရှင်တွေလွှမ်းမိုးပါစေ မြန်မာ ဝတ်စုံဖက်ရှင်တွေနဲ့ပဲ မြန်မာမိန်းကလေးတွေက ချစ်စရာကောင်းတယ်”လို့ စိုးမိုးကြည်က ပြောပါတယ်။
စိုးမိုးကြည်က အခုလက်ရှိခန္ဓာကိုယ် ဝလာတဲ့ အတွက် ဝိတ်ချရာမှာ အစားမစားဘဲသာဝိတ်ချပြီး အခြားသော ခွဲစိတ်ပြုပြင်တာမျိုးတွေနဲ့ မလုပ်ဖြစ်ကြောင်း မျက်နှာနဲ့ ပတ်သက်ပြီးလည်း ဘာမှမလုပ်ဖြစ်ကြောင်းပြောပါတယ်။
“ကျမ ဝိတ်ချတုန်းကပါးတွေအရမ်းကျတယ်။ အစာအိမ်လည်း ထိသွားတယ်။ အခြားဆေးတွေနဲ့ ချတာ မဟုတ်ဘူး။ ဇွတ်မှိတ်ပြီး အစာမစားဘဲ နေတာ။ အဲ့မှာ ပါးတွေကျတော့ ဆေးထိုးပါလားပေါ့။ ကျမဆေးမထိုးရဲဘူး။ ကြောက်လို့။ ကျမအတွေးက အဲ့လို လုပ်တာကောင်းရင်ကောင်းမယ်။ မကောင်းရင်ဘယ်လိုလုပ်မလဲ ဆိုပြီးမလုပ်ရဲဘူး။ ကျမခွဲစိတ်တာမျိုးတွေလည်း မလုပ်ဘူး။ နောက်မျက်နှာကို အိုလာလို့ဆိုပြီး ကြိုးထိုးတာတွေ မလုပ်ပါဘူး”လို့ပြောပါတယ်။
သရုပ်ဆောင် စိုးမိုးကြည်က လတ်တလောမှာတော့ ဇာတ်ကားများနှင့် ဇာတ်လမ်းတွဲများကို လက်ခံရိုက်ကူးနေပါတယ်။