Entertainment

Myanmar Idol မှာ ဖြူဖြူကျော်သိန်းရဲ့ ဖက်ရှင်ဆန်းများကို ပရိသတ်များ စောင့်ကြည့်နေရ

Want create site? Find Free WordPress Themes and plugins.

Myanmar Idol Season 4 ရဲ့ဒိုင်များထဲမှာ ပထမဆုံးအကြိမ် ပါဝင်လာခဲ့တဲ့ အဆိုတော် ဖြူဖြူကျော်သိန်းရဲ့ ဖက်ရှင်ဆန်းများဟာ တပတ်နဲ့ တပတ် မရိုးရအောင် ဖန်တီးဝတ်ဆင်လေ့ရှိပြီး နိုဝင်ဘာလ ၇ ရက်နေ့ Rock သီချင်းများနဲ့ ယှဉ်ပြိုင်ရတဲ့ညမှာတော့ လူမှုကွန်ရက် စာမျက်နှာမှာ လူအများရဲ့ပြောစမှတ် ဖြစ်ခဲ့ပါတယ်။

အဆိုပါ ဖက်ရှင်နဲ့ ပတ်သက်ပြီးတော့လည်း Myanmar Idol ပွဲကြီး ကျင်းပနေစဉ်မှာပင် ပန်းချီဆရာတဦးရဲ့ ရုပ်ပြောင်ပန်းချီတပုံ ထွက်ပေါ်လာခဲ့ပြီး တခြားသော ရုပ်ပြောင် ကာတွန်းများလည်း ထွက်ပေါ်လာခဲ့တာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။

ဖြူဖြူကျော်သိန်း ကိုယ်တိုင်ကလည်း သူမရဲ့ဖက်ရှင်ကို အဓိပ္ပါယ် ဖွင့်ဆိုထားပါတယ်။

“Myanmar Idol Season 4 Rock Week Performance Show မှာ မြန်မာပြည်က ကယန်းလှပျိုညိုလေးရဲ့ အခြားကမ္ဘာက ဂြိုဟ်သားတို့ မေတ္တာသက်ဝင်ပြီး မွေးဖွားလာတဲ့ Alien Kyaw Thein ကို တွေ့မြင်ရမှာဖြစ်ပါတယ်ရှင်။ ဒီလိုတွေ လုပ်နိုင်ဖြစ်နိုင်ဖို့ အဘက်ဘက်က ပံ့ပိုးဝန်းရံအားပေးကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ချစ်ပရိသတ် မိသားစုတွေကို ရင်ထဲက ကျေးဇူးအကြီးကြီး တင်ပါတယ်” လို့ ဖြူဖြူကျော်သိန်းက ဆိုထားပါတယ်။

ဒီဖက်ရှင်ကိုတော့ ဒီဇိုင်နာ သျှတ္တရက ဖန်တီးချုပ်လုပ်ပေးထားပြီး မိတ်ကပ်ဆံပင်ကိုတော့ လင်းလင်း (Makeup Artist) က ပြင်ဆင်ပေးထားတာ ဖြစ်တယ်လို့ သိရပါတယ်။

ပထမဆုံး စတင်ခဲ့တဲ့ Live အစမှာဆိုရင်လည်း Halloween နေ့နဲ့ တိုက်ဆိုင်နေတာကြောင့် Halloween ဖက်ရှင်ကိုမှ အပေါင်းလက္ခဏာ ဆောင်တဲ့ ဖက်ရှင်မျိုးကို မျက်နှာဖုံးတခု တပ်ဆင်ကာ လှပလုံခြုံစွာဝတ်ဆင်ခဲ့ပြီး ဒုတိယနေ့ Result Show မှာလည်း ခေါင်းစွပ်ဖက်ရှင်နဲ့ ထင်ပေါ်လို့နေပါတယ်။

ယခင်နှစ်များက ဒိုင်အဖြစ်ပါဝင်ခဲ့တဲ့ မြန်မာပြည်သိန်းတန်ရဲ့ ဖက်ရှင်များကို ပရိသတ်များက စောင့်ကြည့်ခဲ့ရပြီး ယခုနှစ်မှာတော့ Live Show ၂ ခုမှာပင် ဖြူဖြူကျော်သိန်းရဲ့ ဖက်ရှင်များဟာ ပရိသတ်တွေကြားမှာ ရေပန်းစားပြီး ပြောစမှတ် ဖြစ်နေခဲ့ပါတယ်။

မနေ့ည Rock ဂီတယှဉ်ပြိုင်မှုမှာတော့ ပြိုင်ဝင်တဦးဖြစ်တဲ့ ဘင်ဂျမင်ဆုမ်းရဲ့ ဖျော်ဖြေတင်ဆက်မှုအပြီး မှတ်ချက်ပေးတဲ့အချိန်မှာ ဖြူဖြူကျော်သိန်းက အနုပညာရှင်တယောက်ဖြစ်ဖို့အတွက် ရူးသွပ်မှုတခုလိုအပ်တယ်လို့ မှတ်ချက်ပေးခဲ့ပြီး အဆိုပါ မှတ်ချက်ကိုတော့ အောင်ကိုလတ်နဲ့ တင်ဇာမော်တို့က ထောက်ခံခဲ့ကြပါတယ်။

“ဖြူဖြူကျော်သိန်း ပေါက်စလေးကို ကြည့်ရသလိုပဲ။ ရူးနေတာလေ။ အဲ့အပေါ်မှာ နေဖို့အတွက် အဲ့လိုရူးနေဖို့ လိုတယ်။ သူများတွေ နားမလည်ပေမယ့် အစ်မ ပြောတာကို သားနားလည်မယ်လို့ အစ်မ ယုံကြည်လို့ပြောတာ။ တခါတလေကျရင် အဲ့ရူးနေတာကိုလူတွေက မလိုအပ်ဘူးလို့ ထင်တတ်ကြတယ်”

“အစ်မတို့ Artist တွေ အကုန်လုံးက တယောက်တမျိုးစီ ရူးနေကြတဲ့ သူတွေချည်းပဲ။ အဲဒီရူးတာ တခုနဲ့တင်ဖြစ်လားဆိုတော့ မဖြစ်ဘူး။ အသံလည်း ကောင်းရတယ်။ ဆိုလည်း ဆိုတတ်ရတယ်။ ပြီးတော့ အသံက ထူးခြားရသေးတယ်” လို့ ဖြူဖြူကျော်သိန်းက မှတ်ချက်ပြုပြီး ပြောခဲ့ပါတယ်။

ဒီလိုမျိုး ရူးသွပ်တယ်လို့ပြောတာဟာ နှိမ်ပြောတာ မဟုတ်ဘဲ အနုပညာလုပ်တဲ့အခါ ရူးသွပ်မှုက လိုအပ်ပြီး ဒီလိုရူးသွပ်မှု မရှိရင် စင်ပေါ်တက်မလာနဲ့ဆိုတဲ့ မှတ်ချက်လည်း ပေးခဲ့ပါတယ်။

Myanmar Idol Season 4 ပြိုင်ပွဲ Rock ဂီတညမှာတော့ ပြိုင်ပွဲဝင် ၁၀ ဦးက ယှဉ်ပြိုင်ခဲ့ပြီး ယနေ့ညမှာတော့ ပြိုင်ပွဲဝင် တယောက်က ထွက်ခွာရမှာဖြစ်ပါတယ်။ ဒီနေ့ညမှာလည်း ဖြူဖြူကျော်သိန်းက ဘယ်လိုဖက်ရှင်မျိုးနဲ့ ပွဲထွက်လာမလဲဆိုတာကိုလည်း ပရိသတ်များက စိတ်ဝင်စားနေကြပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading