စစ်အာဏာရှင်ကို လက်နက်ကိုင် တော်လှန်ဖို့ တောတွင်း တနေရာသို့ ရောက်ရှိနေတဲ့ “ဟား ၅ ကောင်” အဖွဲ့မှ လူရွှင်တော် တိုင်းကျော်က လူရွှင်တော် ဝတ်စုံနဲ့ ရယ်စရာ ပြောတဲ့ ဘဝကို ဘယ်အရာနဲ့မှ မလဲနိုင်ဘူးလို့ ဆိုပါတယ်။
“မိုက်လေး ကိုင်ပြီး ရယ်စရာပဲ ပြောချင်တာပေါ့။ သေနတ်ကိုင်တာ လူအထင်ကြီးစရာမှ မဟုတ်တာ။ စင်ပေါ်မှာ လူရွှင်တော် ဝတ်စုံနဲ့ ရယ်စရာ ပြောတဲ့ ဘဝကို ဘယ်အရာနဲ့မှ မလဲနိုင်ဘူး။ တချို့ မိသားစုတွေ ငိုနေတဲ့အချိန် ဒီ လူရွှင်တော် ၅ ယောက် ရယ်စရာ ဘယ်ပြောနိုင်မှာလဲ”
“ကျနော်တို့ကို ဂရုမစိုက်ခိုင်းနဲ့၊ ခင်ဗျားတို့ ဂရုစိုက်။ ကျနော်တို့ကို အားတင်းထားလို့ မပြောပါနဲ့၊ ခင်ဗျားတို့ အားတင်းထား။ ကျနော်တို့ တာဝန်ကိုက ခင်ဗျားတို့ ရယ်ဖို့၊ ပြုံးဖို့၊ ပျော်ဖို့ တာဝန်လေ။ မျက်ရည် ချူတယ် မပြောနဲ့နော်။ ကျနော်တို့က ပြည်သူ့ ရဲဘော်တွေလေ။ အသဲမာစ ပြုနေပြီ။ တချိန်တုန်းကတော့ ပျော်တော်ဆက်တွေပေါ့”လို့ တိုင်းကျော်က ပြောပါတယ်။
ဆက်လက်ပြီး လူရွှင်တော် တိုင်းကျော်က အောင်နိုင်ရေးဟာ မသိချင်ယောင်ဆောင်သူတွေကြောင့် မကြာသင့်ဘဲ ကြာနေရတာလို့ ဆိုပါတယ်။
“ကျနော့် အနာဂတ်၊ ခင်ဗျား အနာဂတ်၊ ကျနော့် မိသားစု အနာဂတ်၊ ခင်ဗျား မိသားစု အနာဂတ်၊ တိုင်းပြည်မှာ ရှိတဲ့ မိသားစု အားလုံးရဲ့ အနာဂတ်တွေ ဖျက်ဆီး လုယူ ခံလိုက်ရတာတောင် တချို့
မသိချင်ယောင်ဆောင်နေကြလို့ ကျနော်တို့ အောင်ပွဲက မကြာသင့်ဘဲ ကြာနေတာ”လို့ တိုင်းကျော်က ပြောထားပါတယ်။
“ဟား ၅ ကောင်” အဖွဲ့ဟာ အဖွဲ့သားများ စုံလင်စွာနဲ့ တော်လှန်ရေး နယ်မြေကို ရောက်ရှိနေပြီး၊ စစ်အာဏာရှင်ကို လက်နက်ကိုင် တော်လှန်ဖို့ စစ်သင်တန်း တက်နေကြပြီ ဖြစ်ပါတယ်။
လူရွှင်တော် “ဟား ၅ ကောင်” အဖွဲ့မှာ တိုင်းကျော်၊ တိုးကျော်၊ ပိုးလေး၊ ဝိုင်းကျော်၊ ပြည်ကျော်တို့ ပါဝင်ပြီး၊ သူတို့ဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပြည်သူနဲ့အတူ တသားတည်း ပါဝင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။
You may also like these stories:
“ကိုယ့်အသိစိတ်နဲ့ကိုယ် တိုင်းပြည်ကို ချစ်လို့ ဓမ္မဘက်က ရပ်တည်နေကြတာ”
လိုအပ်တဲ့အချိန်ကျရင် ပြည်သူတွေအတွက် လက်နက်ကိုင်မှာပါ