မိမိရတဲ့ ဝင်ငွေလစာအပေါ် မှန်မှန်ကန်ကန်သုံးစွဲတတ်ဖို့ ဆိုတာဟာ ဘယ်အသက်အရွယ် အပိုင်းအခြားမှာ မဆို အရေးကြီးပါတယ်။ ဒါပေမယ့် အသက် ၂၀ ကျော်အရွယ်ဆိုတာကတော့ မိဘဆီက လက်ဖြန့်တောင်းသူတွေလည်း ရှိကြဦးမှာဖြစ်သလို အလုပ်အကိုင်တခုနဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေသူတွေလည်း ရှိတာကြောင့် ဒီအသက်အရွယ် အပိုင်းအခြားမှာ ပြုလုပ်မိလေ့ရှိတဲ့ ငွေကြေးသုံးစွဲမှုဆိုင်ရာ အမှားတွေကို ဖော်ပြပေးလိုက်ရပါတယ်။
(၁) ဝင်ငွေထက်များတဲ့ ငွေကြေးပမာဏကို သုံးစွဲမိခြင်း
ဒါကတော့ အများစုမှာ ဖြစ်လေ့ရှိတဲ့ ငွေကြေးသုံးစွဲမှု အမှားတခုပဲ ဖြစ်ပါတယ်။ အသက် ၂၀ ကျော်အရွယ်တွေမှာ မိမိရတဲ့ဝင်ငွေ လစာထက် ပိုမိုသုံးစွဲမိတတ်ကြပြီး ပိုက်ဆံစုဖို့ မလိုအပ်သေးဘူးလို့လည်း ထင်တတ်ကြပါတယ်။ ဒါပေမယ့် မိမိလိုချင်တဲ့အရာတခုကို ရဖို့နဲ့ အမှန်တကယ် လိုအပ်တာတွေကို ဝယ်ယူစုဆောင်းနိုင်ဖို့အတွက်တော့ ပိုက်ဆံစုဖို့ဟာလည်း အရေးပါတဲ့ အချက်တခုပဲ ဖြစ်ပါတယ်။
(၂) အမှန်တကယ် မလိုအပ်ဘဲ သင်တန်းတွေ လျှောက်တက်ခြင်း
ဒါကလည်း အများစု ပြုလုပ်လေ့ရှိတဲ့ အချက်တခုပဲဖြစ်ပါတယ်။ ကိုယ်တိုင် မတတ်ချင်ဘဲ ဒါမှမဟုတ် အမှန်တကယ် မလိုအပ်ဘဲ သင်တန်းတွေ လျှောက်တတ်ခြင်းဟာ ငွေကြေးအရလည်း ဖြုန်းတီးရာ ရောက်သလို အချိန်ကုန် လူပင်ပန်း ဖြစ်စေနိုင်တာကြောင့် ကိုယ်ဝါသနာပါတဲ့ သင်တန်းမျိုးတွေကိုသာ အချိန်ပေးတက်ရောက်သင့်ပါတယ်။
(၃) အရေးပေါ်သုံးငွေ မထားရှိမိခြင်း
တချိန်မဟုတ် တချိန်တော့ အရေးပေါ် အကြောင်းအရာတွေက ဖြစ်လာတတ်ပါတယ်။ ရုတ်တရက် နေမကောင်းဖြစ်တာ၊ အရေးပေါ် ခရီးသွားရမယ့် အကြောင်းအရာတွေ ပေါ်ပေါက်လာတာ စသဖြင့် ဖြစ်ပေါ်လာနိုင်တာကြောင့် အရေးပေါ်သုံးငွေဆိုပြီး မိမိဝင်ငွေထဲကနေ ခွဲထားသင့်ပါတယ်။
(၄) ငွေကြေး အမြောက်အများကို လက်ထပ်ပွဲအတွက် အသုံးချမိခြင်း
အသက် ၂၀ ကျော်အရွယ်မှာ အိမ်ထောင်ပြုသူတွေအနေနဲ့ သတိထားသင့်တဲ့ အချက်တခုပဲဖြစ်ပြီး တသက်မှာ တခါသာ ကျင်းပရတဲ့ လက်ထပ်ပွဲဆိုပေမယ့် ငွေကို ထိန်းထိန်းသိမ်းသိမ်း အသုံးပြုဖို့တော့ သတိပြုသင့်ပါတယ်။ မလိုအပ်တဲ့နေရာမှာ အပို မသုံးစွဲမိစေဖို့အတွက် ကြိုတင်စဉ်းစားဖို့ လိုအပ်ပါတယ်။
(၅) ငွေရေးကြေးရေးကို ထည့်သွင်း မစဉ်းစားမိဘဲ မိသားစုဘဝတခု ထူထောင်မိခြင်း
အိမ်ထောင်ပြုဖို့ အတွက်ပဲဖြစ်ဖြစ်၊ သားသမီးယူဖို့ပဲဖြစ်ဖြစ် မိမိရဲ့ဝင်ငွေလမ်းကြောင်းနဲ လက်တွဲဖော်ရဲ့ ဝင်ငွေပမာဏ တို့ကို ကြိုတင်တိုင်ပင်ပြီးမှသာ ပြင်ဆင်လုပ်ဆောင်သင့်ပါတယ်။ ငွေရေးကြေးရေးကို ဒီလိုအခြေအနေမျိုးမှာ မစဉ်းစားမိဘူးဆိုရင်တော့ သာယာပျော်ရွှင်တဲ့ မိသားစုဘဝတခုဖြစ်ဖို့ ခဲယဉ်းနိုင်ပါတယ်။
Ref : www.entrepreneur.com