ဗြိတိန်နဲ့ ခွဲရေး၊ တွဲရေးကိစ္စ စကော့တလန်မှာ တွဲရေးဘက်က အနိုင်ရသွားပါတယ်။ မဲပေးနိုင်သူ စုစုပေါင်းရဲ့ ၈၄ ဒဿမ ၅ ရာခိုင်နှုန်းမှာ တွဲရေးက ၅၅ ရာခိုင်နှုန်း၊ ခွဲရေးက ၄၅ ရာခိုင်နှုန်း ရလဒ် မတိမ်းမယိမ်းနဲ့ အနိုင်ရသွားတာပါ။ စကော့တလန်ရဲ့ သမိုင်းဝင် ဆန္ဒခံယူပွဲဟာ တခြား ပြည်ထောင်စုတွေအတွက် ကောင်းတဲ့ နမူနာတခုလည်း ဖြစ်သွားပါတယ်။
မဲရလဒ်ကို ကြေညာပြီး ချက်ချင်းဆိုသလိုပဲ ခွဲရေးအတွက် ဦးဆောင်စည်းရုံးခဲ့တဲ့ စကော့တလန် ပထမဝန်ကြီး အဲလက်စ်ဆဲလ်မွန်က အရှုံးကို လက်ခံပြီး အများစု ဆန္ဒကို လက်ခံဖို့ သူ့ကို ထောက်ခံသူတွေကို မေတ္တာရပ်ခံပါတယ်။ အဲလက်စ်ဆဲလ်မွန်နဲ့ Scottish National Party (SNP) ပါတီဟာ စကော့တလန် လွတ်လပ်ရေး ရအောင်ကြိုးပမ်းမယ်ဆိုတဲ့ ကတိကဝတ်နဲ့ ၂၀၁၁ ရွေးကောက်ပွဲအပြီးမှာ စကော့တလန် လွှတ်တော်မှာ အများစု နေရာရထားပါတယ်။ ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကလည်း ဆန္ဒခံယူပွဲ ရလဒ်အတွက် ဝမ်းမြောက်တဲ့ အကြောင်း ဒေါင်းနင်းလမ်း အိမ်အမှတ် ၁၀ မှာ မိန့်ခွန်း ပြောပါတယ်။ တွဲရေးအတွက် ဦးဆောင်စည်းရုံးသူတွေ၊ မဲပေးသူတွေကို ချီးကျူး စကားပြောသလို ခွဲရေးသမားတွေရဲ့ အသံကိုလည်း ကြားရပါတယ် လို့ ပြောပါတယ်။ ခွဲရေးသမားတွေ တောင်းဆိုထားတဲ့ အာဏာခွဲဝေမှု၊ အခွန်ကိစ္စ၊ လူမှုဖူလုံရေးကိစ္စကို လုပ်ပိုင်ခွင့် တိုးပေးသွားမယ်လို့ ကတိပြုလိုက်ပါတယ်။
ဆန္ဒခံယူပွဲ အကြိုကာလမှာ ဗြိတိသျှလွှတ်တော် ဝက်မင်စတာကလည်း စကော့တလန် လွှတ်တော်ကို အာဏာပိုပေးမယ်လို့ ကတိပြုထားပါတယ်။ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန် ကလည်း ရင်ကွဲပက်လက် ခဏခဏ တောင်းပန်ခဲ့ပါတယ်။ စကော့တလန် ခွဲထွက်သွားခဲ့ရင် သူအသည်းကွဲရပါမယ်လို့ အကြိမ်ကြိမ်ပြောခဲ့ပါတယ်။ အခု ဆန္ဒခံယူပွဲမှာ တွဲရေးနိုင်သွားပေမယ့် ခွဲရေးသမားတွေ တောင်းဆိုတဲ့ အတိုင်း ပြန်ထိန်းညှိလိုက်ရင် နှစ်ဖက်စလုံးဆင်ပြေသွားမှာပါပဲ။
လွတ်လပ်ရေးမရပေမယ့် ကိုယ်ပိုင်လွှတ်တော်၊ ကိုယ်ပိုင် တရားစီးရင်ရေးစနစ် ရှိနှင့်ပြီးသား စကော့တလန်ဟာ အရင်နဲ့ မတူတဲ့ နိုင်ငံသစ်တခု ဖြစ်လာမှာ အမှန်ပါ။ အရင်နဲ့ မတူတဲ့ အာဏာတွေ ရလာမှာသေချာပါတယ်။ သီးခြားနိုင်ငံဖြစ်သွားလို့ မလိုလားအပ်တဲ့ ရှုပ်ထွေးမှုတွေကို ဖြေရှင်းရတာထက် အဖိုးအခ ပိုနည်းနိုင်ပါတယ်။ စကော့တလန် သီးခြားနိုင်ငံ ဖြစ်သွားရင် ဘယ်ငွေကြေးကိုသုံးမလဲ ဆိုတဲ့ စီးပွားရေးကိစ္စကနေ အီးယူ အဖွဲ့ဝင်ဖြစ်ရေး၊ နေတိုးအဖွဲ့ဝင် ဖြစ်ရေး စသဖြင့် နိုင်ငံရေး၊ လုံခြုံရေး၊ မဟာမိတ်ဖွဲ့ရေးမှာ ရှုပ်ထွေးမှုတွေ ရှိပါတယ်။
တကယ်တော့ ခွဲရေး (လွတ်လပ်ရေး) လှုပ်ရှားမှုတွေက တခြားဒေသတွေမှာလည်း တပြိုင်တည်း ဖြစ်နေတာပါ။ ခရိုင်းမီးယားနဲ့ ယူကရိန်း အရှေ့ပိုင်းက ဆိုးပါတယ်။ အရှေ့အလယ်ပိုင်းက အစ္စလာမ္မစ် နိုင်ငံတော် ဆိုတာက ပိုဆိုးပါတယ်။ ဒီအရေးတွေ အားလုံးမှာ ခွဲထွက်ရေးသမားတွေ တိုက်ယူနေကြတဲ့ နယ်မြေဟာ သူ့သမိုင်းနဲ့သူ ရှိတာချည်းပါပဲ။ ဒါပေမ့ယ် ချဉ်းကပ်ပုံချင်း၊ ဖြေရှင်းပုံချင်း မတူပါဘူး။
ဒါကြောင့် စကော့တလန်သားတွေကို ချီးကျူးပါတယ်။ ဒီမိုကရေစီ ယဉ်ကျေးမှုမှာတော့ ထိပ်ဆုံးပါပဲ။ ယူကေ အစိုးရကိုလည်း ချီးကျူးပါတယ်။ ဒီမိုကရေစီဟာ လူသားတွေနဲ့ အသင့်တော်ဆုံး ဆိုတာကို သက်သေပြလိုက်ပါတယ်။ လူတွေမှာ အမြင်မတူနိုင်ပါဘူး။ မတူတာတွေ အားလုံးကို တစုတစည်းတည်း စည်းရုံးလို့လည်း မရနိုင်ပါဘူး။ အရေးကြီးတာက ဒီမိုကရေစီ နည်းကျ ဆုံးဖြတ်တာကို လက်ခံဖို့ပါပဲ။ နိုင်အောင် စည်းရုံးရမယ်။ ရှုံးသွားရင် လက်ခံရမယ်။ နိုင်သူကလည်း ရှုံးသူကို အနိုင်မကျင့်နဲ့။ အရှုံးသမားကလည်း မစားရတဲ့အမဲ သဲနဲ့ မပက်ကြေး။ ဒါက စကော့တလန်က ပေးတဲ့ သတင်းစကားပါပဲ။
ဒီသတင်းစကားကို မြန်မာနဲ့ အာရှနိုင်ငံတွေ ကြားစေချင်ပါတယ်။ အာရှဒီမိုကရေစီမှာ ထိုင်း၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်တို့မှာ ဒီမိုကရေစီ ပြဿနာတွေ ပေါ်နေပါတယ်။ ရွေးကောက်ပွဲက အဖြေမထုတ်နိုင်ပါဘူး။ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ မော်လ်ဒိဗ် တို့မှာလည်း ဒီသဘောပါပဲ။ နိိုင်သူရော၊ ရှုံးသူမှာပါ ပြဿနာ အနည်းနဲ့အများ ရှိနေပါတယ်။
အာရှသားတွေအတွက် ကောင်းတဲ့ နမူနာမရှိဘူးလားဆိုရင် ရှိပါတယ်။ ပြီးသွားတဲ့ အိန္ဒိယနဲ့ အင်ဒိုနီးရှားကို အာရှသားတွေ အတုယူသင့်ပါတယ်။ အိန္ဒိယက ဒီမိုကရေစီ သက်တမ်း ရင့်လို့ အသားကျနေတယ်ဆိုရင် အင်ဒိုနီးရှားကို အတုယူသင့်ပါတယ်။
အင်ဒိုနီးရှား သမတ ရွေးကောက်ပွဲ ရလဒ်က အခု စကော့တလန်လိုပဲ နှစ်ဖက်မဲရလဒ်က မတိမ်းမယိမ်းရှိပါတယ်။ စစ်ဗိုလ်ချုပ်ဟောင်း ပရာဘိုဝိုက အရပ်သားမြို့တော်ဝန် ဂျိုကိုဝီကို ရှုံးတဲ့အခါ အစပိုင်းမှာ မဲလိမ်တယ်လို့ စွပ်စွဲပေမယ့် နောက်ဆုံးမှာ ဖွဲ့စည်းပုံ ခုံရုံး အဆုံးအဖြတ်ကို ခံယူပြီး ကျေနပ်လိုက်ပါတယ်။ စစ်တပ်ကလည်း သူ့နေရာမှာ သူနေပါတယ်။ ဂုဏ်သိက္ခာရှိတဲ့ အရှုံးပါ။
ထိုင်းမှာ ရွေးကောက်ပွဲ အငြင်းပွားမှုဟာ စစ်တပ် အာဏာသိမ်းမှုကို ဦးတည်ခဲ့ပါတယ်။ အာဖဂနစ္စတန်မှာ ရှုံးတဲ့ သမ္မတလောင်း အပ်ဗဒူလာက ရလဒ်ကို ဆက်ပြီး ငြင်းဆန်နေလို့ ကုလသမဂ္ဂက ကြားဝင်ဖြန်ဖြေပေး နေရပါတယ်။ ဒီ်မိုကရေစီနည်းကျ ရွေးကောက်ခံရတဲ့ အစိုးရ နှစ်ရပ် အာဏာအလွှဲအပြောင်းဖြစ်ဖို့ အခက်ကြုံနေရပါတယ်။ အမျိုးသားညွန့်ပေါင်း အစိုးရ နည်းလမ်းဟာ အဖြေဖြစ်ဖို့ များပေမယ့် အတော်တော့ ညှိယူရပါဦးမယ့် ပုံပါ်။ ကံကောင်းတာက သေနတ်တွေ မှိုလိုပေါတဲ့ နိုင်ငံမှာ နှစ်ဖက်စလုံးက သေနတ်အားကိုးနဲ့ ဖြေရှင်းဖို့ စိတ်မကူးကြတာပါပဲ။
ပါကစ္စတန်မှာတော့ ရွေးကောက်ပွဲမှာ အပြတ်အသတ် ရှုံးထားတဲ့ ပါတီ ခေါင်းဆောင်နဲ့ ဘာသာရေးခေါင်းဆောင်တို့က ဒီမိုကရေစီနည်းကျ တခဲနက် အနိုင်ရထားတဲ့ ဝန်ကြီးချုပ်ကို နုတ်ထွက်ပေးဖို့ ဖိအားပေးနေတယ်။ အခုအထိ စစ်တပ်က ကြားနေ အဖြစ်ပဲ ရှိနေတယ်။ ကျောင်းတော်က ရန်စ ရှိတဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ လက်ရှိဝန်ကြီးချုပ်ကြားမှာ အပေးအယူ မတည့်ရင် လမ်းပေါ်ဆန္ဒပြပွဲဟာ စစ်တပ် အာဏာသိမ်းတဲ့အထိ ဦးတည်သွားနိုင်ပါတယ်။ ပါကစ္စတန် စစ်တပ်ဟာ ထိုင်းစစ်တပ်လိုပဲ နိုင်ငံရေး ကိစ္စတွေမှာ တိုက်ရိုက် ဝင်ပါတဲ့ အစဉ်အလာရှိပါတယ်။
စစ်တပ် အဏာသိမ်းဖူးတဲ့ အစဉ်အလာရှိတိုင်း ထစ်ကနဲရှိ စစ်တပ် အာဏာသိမ်းတာကလည်း တရားနည်းလမ်းမကျပါဘူး။ ရှောင်လွဲမရတဲ့ ကိစ္စလည်း မဟုတ်ပါဘူး။ ဥပမာ တောင်ကိုရီးယား ဆိုရင် စစ်တပ် အာဏာသိမ်းမယ့် အရိပ်အယောင်တောင် မမြင်ရတော့ပါဘူး။ အင်ဒိုနီးရှားကလည်း ဒီသဘောပါပဲ။
မြန်မာပြည်အတွက်ဆိုရင် ရွေးကောက်ပွဲက ဒီမိုကရေစီနည်းလမ်းတကျဖြစ်ဖို့၊ စစ်တပ်က အာဏာမသိမ်းဖို့ ဘာမှ မသေချာပါဘူး။ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီအကူးအပြောင်းဟာ လမ်းသစ်ဖောက်ရတဲ့ ကိစ္စလည်း မဟုတ်လို့ ဒါက ရွေးချယ်မှုနဲ့ ဆိုင်တဲ့ကိစ္စလို့ပဲ ဆိုရမှာပါ။ မျက်စိရှေ့မှာ နမူနာ ကောင်းတွေရော၊ နမူနာဆိုးတွေရော ရှိပါတယ်။
တိုက်တိုက်ဆိုင်ဆိုင် စက်တင်ဘာ ၁၈ ရက်နေ့ စကော့တလန်မှာ တွဲရေးခွဲရေး ဆန္ဒခံယူပွဲကျင်းပနေတဲ့အချိန်ဟာ မြန်မာပြည်မှာ ၁၉၈၈ ခုနှစ်က စစ်တပ် အာဏာသိမ်းခဲ့တဲ့ နှစ်ပတ်လည်နဲ့ တိုက်ဆိုင်ပါတယ်။ စစ်အုပ်ချုပ်ရေးရဲ့ ဆိုးမွေးတွေ အကြောင်း ဇာချဲ့ဖို့တောင် မလိုပါဘူး။ အခုတော့ စစ်ခေါင်းဆောင်တွေရော၊ အရပ်ဘက် ခေါင်းဆောင်တွေရော ဒီမိုကရေစီအကြောင်းကို တဖွဖွပြောလာကြပါပြီ၊ လက်တွေ့ကျင့်ဖို့ပဲ လိုပါတယ်။
ဒီမိုကရေစီဟာ ခြောက်ပြစ်ကင်းမဟုတ်ပါဘူး။ ပြည်ထောင်စုတိုင်းမှာလည်း ပြဿနာရှိပါတယ်။ ပြဿနာရှိတာက ပြဿနာ မဟုတ်ပါဘူး။ ပြဿနာကို ဘယ်လို နည်းနဲ့ ဖြေရှင်းကြရသလဲဆိုတာက အနှစ် ၃၀၀ ပြည်ထောင်စုဖြစ်တဲ့ ယူနိုက်တက်ကင်းဒမ်း (ယူကေ) က ပြောပြနိုင်ပါတယ်။ တောမခိုကြေး၊ ဘားတိုက်က ထွက်ပြီး အာဏာမသိမ်းကြေး၊ သေနတ်မပါကြေး၊ အောက်တမ်းမကျကြေး ဒီမိုကရေစီ ကျင့်စဉ်ကို စကော့တလန်က ပြောပြ နိုင်ပါတယ်။ ဒါကို နိုင်ငံရေးသိပ္ပံ ပညာရှင်တွေက မဲပုံးတွေကတဆင့် မြို့ပြင်မထွက်တမ်း ကစားပွဲလို့ နာမည်ပေးကြပါတယ်။
(ညီစောလွင်သည် မြန်မာ့အရေးနှင့် ကမ္ဘာ့ရေးရာ သုံးသပ်ချက်များကို ရေးသားနေသူဖြစ်သည်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လတ်တလော နေထိုင်သည်။)