၂၀၁၃ ခုနှစ် ဧပြီလ ၂၅ရက်နေ့မှာ မောင်မောင်ကြီးလို့အမည်ရတဲ့ လူတစ်ဦး ကွယ်လွန်သွားခဲ့ပါတယ်။ ထိုင်းနိုင်ငံ မဲဆောက်မြို့ ဆေးရုံကြီးမှာ အသည်းရောဂါနဲ့ ကွယ်လွန်သွားပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၅၁နှစ်ပဲရှိပါသေးတယ်။ မြန်မာနိုင်ငံသားတဦးဖြစ်ပေမည့် မြန်မာနိုင်ငံပြင်ပမှာ ကွယ်လွန်ရတာပါ။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုကြီးမှာ တတပ်တအားပါဝင်ခဲ့သူတစ်ယောက်ဖြစ်ပေမယ့် ဒီကနေ့မြင်တွေ့နေရတဲ့ အပြောင်းအလဲတွေကို ကိုယ်တိုင်ကိုယ်ကျ ခံစားနိုင်ခွင့်မရှိတော့ပါဘူး။ နာမည်ကျော် ထင်ရှားသူတယောက်မဟုတ်တဲ့အတွက် “ဝမ်းနည်းကြေကွဲကြောင်း” မှတ်တမ်းလွှာတွေ သတင်းစာတွေမှာ မြင်တွေ့ရမှာမဟုတ်ပါ။ သာမာန်လူတစ်ယောက်အဖြစ် ရိုးရိုးရှင်းရှင်း ရပ်တည်ခဲ့ပြီး သူ့ဘဝတစ်ခုလုံးကို တိုင်းပြည်နဲ့လူမျိုးအတွက် ပေးဆပ်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်အကြောင်းကို ဒီစာစုနဲ့ မှတ်တမ်းတင်ချင်ပါတယ်။
မောင်မောင်ကြီးက ကျနော့်ထက် အသက် တစ်လခွဲပဲ ပိုကြီးပါတယ်။ ရန်ကုန်တိုင်း ရန်ကင်းမြို့နယ် ကံဘဲ့မှာနေခဲ့ပါတယ်။ ရန်ကင်း အလက ၃ မှာ ရှစ်တန်းအထိ ကျောင်းတက်ခဲ့ပြီး ရန်ကင်း အထက ၂ မှာ ၁၉၇၈၊ ၁၉၇၉ ခုနှစ်တွေမှာ ကိုးတန်း၊ ဆယ်တန်း တက်ခဲ့ပါတယ်။ ရန်ကင်း အထက ၂ မှာ ကျနော်တို့ သူငယ်ချင်းဖြစ်ခဲ့ကြတာပါ။ မောင်မောင်ကြီးက ဆယ်တန်းကို အကြိမ်ကြိမ်ဖြေခဲ့ရလို့ တက္ကသိုလ်ရောက်တာ နောက်ကျပါတယ်။ မြန်မာ့ရေနံကော်ပိုရေးရှင်းမှာ လုပ်ငန်းခွင်ဝင်နေရပြီမို့ တက္ကသိုလ်တက်တော့လည်း နေ့ကျောင်းမတက်နိုင်ပဲ လုပ်သားကောလိပ်မှာ သမိုင်းဘာသာ အဓိကနဲ့ ညပိုင်းကျောင်းတက်ခဲ့ရပါတယ်။ ၁၉၈၈ခုနှစ် ဒီမိုကရေစီရေး လူထုအရေးတော်ပုံကြီးမှာလည်း တက်တက်ကြွကြွပါဝင်ခဲ့ပြီး လုပ်သားများကောလိပ်ကျောင်းသားသမဂ္ဂရဲ့ အမှုဆောင်တစ်ယောက်ဖြစ်ခဲ့ပါတယ်။
၁၉၈၈ခုနှစ် စက်တင်ဘာလ ၁၈ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ကျောင်းသား၊ လူငယ်အများအပြား နယ်စပ်ဒေသသို့ ထွက်ခွာခဲ့ကြရာမှာ မောင်မောင်ကြီး ပါဝင်ခဲ့ပါတယ််။ ကျောင်းသားတပ်မတော်လို့ လူသိများတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ) တည်ထောင်ဖွဲ့စည်းရာမှာ ပါဝင်ခဲ့ပြီး တာဝန်အဆင့်ဆင့်ထမ်းဆောင်ခဲ့ပါတယ််။ မွန်ပြည်နယ် ဘုရားသုံးဆူဒေသအခြေစိုက် မကဒတတပ်ရင်း ၁၀၂ မှာ တပ်ရင်းစည်းရုံးရေးကော်မီတီဝင်၊ စခန်းကော်မီတီ အတွင်းရေးမှူး (၂)၊ တပ်ရင်းမှူး၊ စခန်းကော်မီတီ ဒုတိယ ဥက္ကဋ္ဌ၊ နယ်မြေကော်မီတီအတွင်းရေးမှူး စတဲ့တာဝန်တွေ ထမ်းဆောင်ခဲ့ပါတယ််။ မကဒတ ဒုတိယအကြိမ် ညီလာခံကနေ ဗဟိုကော်မီတီဝင်အဖြစ် ရွေးကောက်တင်မြှောက်ခံပြီး ဗဟိုလုပ်ငန်းစစ်ဆေးရေးဋ္ဌာန အတွင်းရေးမှူး တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၉၁ ခုနှစ်မှာကျင်းပတဲ့ မကဒတ တတိယအကြိမ်ညီလာခံအပြီးမှာ မကဒတ နှစ်ဖွဲ့ကွဲသွားပြီး ဒေါက်တာနိုင်အောင် ခေါင်းဆောင်တဲ့ မကဒတမှာ မောင်မောင်ကြီးဟာ စစ်ရုံးချုပ်၊ ရုံးအုပ်ကြီး တာဝန်ထမ်းဆောင်ခဲ့ပါတယ််။
၁၉၉၁ ကနေ ၁၉၉၆ခုနှစ်အထိ ကျောင်းသားတပ်မတော် နှစ်ခြမ်းကွဲကာလ တစ်လျှောက်လုံး မောင်မောင်ကြီးဟာ ဒေါက်တာနိုင်အောင်အုပ်စုမှာ ပါဝင်ခဲ့ပါတယ်။ ၁၉၉၆ခုနှစ် စက်တင်ဘာလမှာ မကဒတ နှစ်ဖွဲ့ပြန်လည်ပေါင်းစည်းပြီးတဲ့ နောက် ဗဟိုကော်မီတီဝင်၊ ဋ္ဌာနချုပ်ရုံးတာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။၂၀၀၀ ခုနှစ်မှာ မကဒတခေါင်းဆောင်အချို့ လက်နက်ကိုင်တော်လှန်ရေးမှ အနားယူပြီး သီးခြားနိုင်ငံရေးအဖွဲ့အစည်းများ တည်ထောင်ကြတဲ့အခါ မောင်မောင်ကြီးဟာ ဒေါက်တာနိုင်အောင်နဲ့အတူ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု (Network for Democracy and Development/NDD) ကို တည်ထောင်သူတစ်ဦးဖြစ်ခဲ့ပြီး ဗဟိုဦးဆောင်ကော်မီတီဝင်အဖြစ် ကွယ်လွန်ချိန်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ကျနော်နဲ့ မောင်မောင်ကြီး စတင်ရင်းနှီးခဲ့ရတာက မိုးကောင်းဘုရားကြီးအနီးက ရန်ကင်းအထက ၂ မှာပါ။ ရန်ကင်း အထက ၂ ကို ပြည်သူပိုင်မသိမ်းခင်က ခရစ်ယာန်ကျောင်းနံမည်အတိုင်း စိန့်မိုက်ကယ်လို့လဲခေါ်ပါတယ်။ ကျနော်က စိန့်မိုက်ကယ်ကို ၁၉၇၅ ခုနှစ်မှာ ဆဋ္ဌမတန်းကနေ ၁၉၇၉ခုနှစ် ဆယ်တန်းအထိ ကျောင်းတက်ခဲ့ပါတယ်။ မောင်မောင်ကြီးက ကျနော်တို့ကျောင်းကို ၁၉၇၈ခုနှစ်မှာ ကိုးတန်းကစပြီး ရောက်ရှိလာတာပါ။ ကိုးတန်းမှာ ကျနော်က တန်းခွဲ (က) မှာ၊ သူက တန်းခွဲ (ခ) မှာပါ။ ဆယ်တန်းစာသင်နှစ်မှာလည်း သူကတန်းခွဲ (ခ) မှာပဲ ဆက်ရှိခဲ့ပါတယ်။ ဒါပေမယ့် အခန်းနှစ်ခုက ကပ်လျက်တည်ရှိတာမို့ နေ့တိုင်းတွေ့မြင်နေကြတာပါ။
ရင်းနှီးတဲ့သူငယ်ချင်းတယောက်အနေနဲ့ ကံဘဲ့ ဈေးအနီးက သူ့အိမ်ကို ကျနော်ရောက်ဖူးပါတယ်။ ဆင်းရဲနွမ်းပါးတဲ့ မိသားစုပါ။ ချို့ချို့တဲ့တဲ့ ရပ်တည်နေကြရတဲ့အထဲ မောင်မောင်ကြီးက သားသမီး ရှစ်ယောက်မှာ အကြီးဆုံးဖြစ်နေပါသေးတယ်။ ဆင်းရဲတဲ့ မိသားစုက အကြီးဆုံး သားတယောက်ရဲ့ လူပျိုပေါက်အရွယ်ကာလဟာ အင်မတန်ကြမ်းတမ်းမယ်ဆိုတာ အားလုံးပဲ နားလည်နိုင်ကြမှာပါ။ ရွယ်တူတန်းတူတွေကြားမှာ သပ်သပ်ရပ်ရပ် မဝတ်နိုင်၊ မုန့်ဖိုးမရှိလို့ ကျောင်းဈေးဆိုင်တန်းမှာ မုန့်ဝယ်မစားနိုင်၊ မုန့်စားဆင်းချိန်မှာ သူများတွေ ကျောင်းဈေးတန်းမှာ မုန့်ဝယ်စားနေချိန်မှာ ဈေးဆိုင်တန်းနဲ့ ခပ်လှမ်းလှမ်းမှာ တယောက်တည်းကြေကွဲနေရတာမျိုးပါ။ ဆရာမက စာအုပ်ဖိုးတောင်းရင်၊ သန့်ရှင်းရေးကြေးတောင်းရင်၊ ကျောင်းလခတောင်းရင်လဲ နောက်ဆုံးအချိန်မှပဲ ပေးနိုင်ခဲ့သူပါ။ ဒါပေမယ့် ကျနော်အံ့ဩရတာက မောင်မောင်ကြီးဟာ ဒီလို ဘဝအခြေအနေမျိုးအတွက် စိတ်ဓာတ်ကျဝမ်းနည်းနေတတ်သူ မဟုတ်ပါ။
မောင်မောင်ကြီး နဲ့အတူ ကျနော်သတိရမိတာက အောင်မြင့်လို့ခေါ်တဲ့ သူငယ်ချင်းတစ်ယောက်ပါ။ မောင်မောင်ကြီးနဲ့လဲ ရင်းနှီးပါတယ်။ အောင်မြင့်ကို အဘိုးကြီးလို့လည်း ခေါ်ကြပြီး ကျောက်ကုန်း အောင်ဇေယျလမ်းမှာနေပါတယ်။ အောင်မြင့်နဲ့ ကျနော်က စိန့်မိုက်ကယ်ကျောင်းမှာ ၁၉၇၅ခုနှစ် ဆဋ္ဌမတန်းကနေ ၁၉၇၉ ခုနှစ် ဒဿမတန်းအထိ အတန်းတူ တန်းခွဲတူ ကျောင်းတက်ခဲ့ကြတာပါ။ မောင်မောင်ကြီး၊ အောင်မြင့် နဲ့ ကျနော်တို့ မှာတူညီတာက ဆင်းရဲနွမ်းပါးတဲ့ မိသားစုများကနေ မွေးဖွားလာခဲ့ပြီး ချို့ချို့ငဲ့ငဲ့နဲ့ ကျောင်းတက်နေကြရတာပါ။ မတူတာကတော့ ကျနော်က သိမ်ငယ်စိတ်နဲ့ တိတ်တိတ်ဆိတ်ဆိတ်နေတတ်သလောက် မောင်မောင်ကြီးနဲ့ အောင်မြင့် နှစ်ယောက်စလုံးက အင်မတန် တက်ကြွ၊ ဖျတ်လတ်၊ ရဲရင့်ကြတာပါ။ သူတို့မိသားစုတွေရဲ့ ဆင်းရဲနွမ်းပါးမှုက သူတို့ရဲ့ စိတ်ဓာတ်တွေကို မညှိုးနွမ်းစေခဲ့ပါ။ ကျနော်က အတန်းထဲမှာ လူတောမတိုး လူရာမဝင်ပဲ တိတ်တိတ်ဆိတ်ဆိတ်နေလွန်းလို့ ဆရာမတွေက “သီလဝ” လို့ နောက်ပြောင်အခေါ်ခံရပါတယ်။ မောင်မောင်ကြီးနဲ့ အောင်မြင့်ကတော့ ဆရာ ဆရာမများရဲ့ လက်စွဲတော်၊ အတန်းခေါင်းဆောင်၊ အသင်းခေါင်းဆောင် စသဖြင့် ကျောင်းရဲ့အရေးအရာကိစ္စတွေမှာ ရှေ့ဆုံးကပါဝင်ကြတာပါ။ နှစ်ယောက်စလုံးက အများအကျိုးဆောင်ရွက်ရာမှာလည်း ရှေ့ဆုံးကဖြစ်ကြပြီး မောင်မောင်ကြီးက ကျောင်းရဲ့ ကြက်ခြေနီခေါင်းဆောင်တယောက်လည်း ဖြစ်ပါတယ်။ လမ်းစဉ်လူငယ်ဖွဲ့စည်းတော့လည်း ရှေ့ဆုံးကပါဝင်ပြီး သင်တန်းတွေ အဆင့်ဆင့်တက်ခဲ့ကြသူတွေပါ။
၁၉၇၉ခုနှစ် ဆယ်တန်းပြီးတဲ့နောက် ကျနော်တို့ အသီးသီးလမ်းခွဲခဲ့ကြပါတယ်။ မောင်မောင်ကြီးက ဆယ်တန်းကျပြီး ကျောင်းမှာပဲ ကျန်ခဲ့ပါတယ်။ အောင်မြင့်နဲ့ ကျနော်က ဆယ်တန်းကို နှစ်ချင်းပေါက်အောင်ခဲ့ကြပေမယ့် အောင်မြင့်က တက္ကသိုလ်ဆက်မတက်ပဲ အလုပ်သင်ဗိုလ်ဝင်ခွင့် စာမေးပွဲ ဝင်ရောက် ဖြေဆိုအောင်မြင်ပြီး စစ်တပ်ထဲရောက်သွားပါတယ်။ မောင်မောင်ကြီးကတော့ ဇွဲရှိရှိနဲ့ ဆယ်တန်းကို အကြိမ်ကြိမ်ဖြေဆိုရင်း မိသားစုကိုကူညီနိုင်ဖို့ လုပ်ငန်းခွင်ထဲလည်း ဝင်ရောက်ခဲ့ရပါတယ်။ ၁၉၇၉ ခုနှစ်ကနေ ၃၄ နှစ်အကြာ ၂၀၁၃ခုနှစ်မှာ နိုင်ငံရဲ့ပြင်ပမှာ ကျောင်းသားတပ်မတော်ခေါင်းဆောင်ဟောင်း ဒီမိုကရေစီရေးလှုပ်ရှားသူတယောက် အနေနဲ့ မောင်မောင်ကြီး ကွယ်လွန်တဲ့ အချိန်မှာ အောင်မြင့်က မြန်မာ့တပ်မတော်မှာ ဗိုလ်မှူးကြီးတစ်ယောက် ဖြစ်နေပါပြီ။
ပြန်လည်ဆုံတွေ့ကြတဲ့အခါ
မောင်မောင်ကြီးကို ကျနော်ပြန်ဆုံတွေ့ရတာက ၂၀၀၅ခုနှစ်မှာပါ။ ကျနော်ဟာ မကဒတ ခေါင်းဆောင်အများစုနဲ့အတော်ရင်းနှီးသူပါ။ ဒါပေမယ့် မောင်မောင်ကြီး မကဒတမှာရှိမှန်း မသိခဲ့ပါ။ ၁၉၈၈ခုနှစ် လူထုအရေးတော်ပုံကာလမှာလည်း ဗကသများအဖွဲ့ချုပ် ခေါင်းဆောင်တယောက်အနေနဲ့ လုပ်သားများကောလိပ်ကျောင်းသားသမဂ္ဂက ခေါင်းဆောင်တွေနဲ့ ရင်းနှီးဆက်ဆံခဲ့ပေမယ့် အဲဒီသမဂ္ဂမှာ မောင်မောင်ကြီးပါဝင်တယ် ဆိုတာမသိခဲ့ပါ။ ၂၀၀၀ခုနှစ်မှာ မကဒတ ခေါင်းဆောင်အချို့ လက်နက်ကိုင်တော်လှန်ရေးက အနားယူပြီး ကိုမိုးသီးဇွန်၊ ကိုအောင်သူငြိမ်း၊ ကိုဝင်းနိုင်ဦး စတဲ့ ခေါင်းဆောင်တွေက လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ကူးပြောင်းရောက်ရှိ၊ ဒေါက်တာနိုင်အောင်၊ ကိုကျော်ကျော်နဲ့ ခေါင်းဆောင်အချို့က ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးအင်အားစုကို တည်ထောင်ကြတဲ့အခါ ဒေါက်တာနိုင်အောင်ရဲ့ အုပ်စုထဲမှာ မောင်မောင်ကြီး အမည်ပါဝင်တာ သတိထားမိပေမယ့် ကျနော့်သူငယ်ချင်းမောင်မောင်ကြီးလို့ မသိခဲ့ပါ။ ၁၉၉၉ နှစ်ကုန်နဲ့ ၂၀၀၀ ခုနှစ်အတွင်း မဲဆောက်မှာ ၆လကျော်နေခဲ့ဘူးပါတယ်။ အဲဒီတုန်းကလည်း မဲဆောက်မှာ မောင်မောင်ကြီးရှိမှန်း မသိခဲ့ပါ။၂၀၀၅ ခုနှစ်မှာ မဲဆောက်မြို့ကလေးကို ထပ်မံရောက်ရှိတော့မှပဲ မောင်မောင်ကြီးကို ပြန်လည်ဆုံတွေ့ရပါတော့တယ်။
၂၀၀၅ခုနှစ် ဇန်နဝါရီလဆန်းမှာ မဲဆောက်မြို့ကိုရောက်ပါတယ်။ ကျနော်ရောက်တဲ့နေ့မှာပဲ ဆရာမစင်သီယာမောင် တည်ထောင်ထားတဲ့ စာသင်ကျောင်းမှာ အခန်းအနားတခုကျင်းပတာမို့ သွားပြီး တက်ရောက်ခဲ့ပါတယ်။ ကျနော်ရောက်တော့ အခန်းအနားစလုနီးပြီမို့ နောက်ပိုင်းက ထိုင်ခုံတစ်ခုမှာ နေရာယူပါတယ်။ ရှေ့က စင်မြင့်ကိုကြည့်ရင်း အခန်းအနားမှူးလုပ်နေတဲ့ အသက်ကြီးကြီး၊ အသားမည်းမည်း၊ အရပ်မြင့်မြင့်၊ ဝဝဖိုင့်ဖိုင့် လူကို မြင်ဘူးသလိုရှိလို့ ဂရုစိုက်ကြည့်မိပါတယ်။ ဘေးမှာပါလာတဲ့ ကိုဘိုကြည်က အဲဒါ ဦးမောင်မောင်ကြီးလို့ ပြောပါတယ်။ ကျနော် ဇဝေဇဝါဖြစ်ပြီး အသေအချာကြည့်ပါတယ်။ အဲဒီမှာပဲ အခန်းအနားမှူးက မဆလအခန်းအနားပုံစံအတိုင်း “အစည်းအဝေး စတင်တော့မှာမို့ သဘာပတိကြီးများ စင်မြင့်ပေါ်မှာ နေရာယူဖို့နဲ့ ပရိသတ်များက စင်မြင့်ပေါ်မှာ သဘာပတိကြီးများ နေရာယူချိန်မှာ မတ်တပ်ရပ်ပြီး အရိုအသေပေးကြဖို့” ပြောလိုက်တာနဲ့ ဒါ ငါ့သူငယ်ချင်း မောင်မောင်ကြီးပဲလို့ မှတ်မိလိုက်ပါတယ်။ တော်လှန်ရေးသမားပါ၊ ဒါပေမယ့် အကျင့်တွေက သိပ်မပျောက်သေးတော့ ကျနော်တို့မှာ လွတ်မြောက်နယ်မြေဆိုတဲ့နေရာမှာ အခန်းအနားမှူး မောင်မောင်ကြီးရဲ့အမိန့်အတိုင်း သဘာပတိကြီးများ စင်ပေါ်တက်ရင် မတ်တပ်ရပ်ပေးရ၊ စင်ပေါ်ကဆင်းရင်လည်းမတ်တပ်ရပ်ပေးရနဲ့ အတော်အလုပ်ရှုပ်ခဲ့ရပါတယ်။
အခန်းအနားပြီးလို့ ကျနော်သူ့ကို သွားနှုတ်ဆက်တဲ့အခါ သူကလည်း ချက်ချင်းပဲ ကျနော့်ကို မှတ်မိပြီး ဝမ်းသာကြည်နူးကြရပါတယ်။ ရီစရာကောင်းတာက သူကလည်း ၁၉၈၈ခုနှစ် လူထုအရေးတော်ပုံကာလမှာ ဗကသများအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ၂ တာဝန်ယူခဲ့ပြီး အဲဒီအချိန်မှာ ဝါရှင်တန်ဒီစီအခြေစိုက် အမေရိကန်ပြည်ထောင်စု မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ (U.S. Campaign for Burma/USCB) ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး တာဝန်ထမ်းဆောင်နေတဲ့ အောင်ဒင် ကို သိဖူး ကြားဖူးပေမယ့် အောင်ဒင်ဟာ သူ့ရဲ့ စိန့်မိုက်ကယ်က ကျောင်းနေဘက် ငယ်သူငယ်ချင်းဆိုတာကို မသိခဲ့ပါဘူး။ ကျနော် မဲဆောက်မှာ နေတဲ့ရက်တွေအတွင်း ကျနော်တို့ မကြာခဏ တွေ့ကြပါတယ်။ စကားတွေ အများကြီး ပြောဖြစ်ကြပါတယ်။ သူ့ဇနီး နော်လေးဒီနဲ့လည်း ကျနော့်ကို မိတ်ဆက်ပေးပါတယ်။ နော်လေးဒီကို ကျနော်က အရင်ကတည်းက သိပါတယ်။ ၂၀၀၄ ခုနှစ်အတွင်းမှာ ထိုင်း-မြန်မာနယ်စပ်က အမျိုးသမီးခေါင်းဆောင်တွေ အမေရိကန်ပြည်ထောင်စုကို လာကြတော့ ကျနော်တို့အဖွဲ့က သူတို့အတွက် ကွန်ဂရက်လွှတ်တော်နဲ့ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနမှာ အစည်းအဝေးတွေကို စီစဉ်ပေးရတာပါ။ အဲဒီတုန်းကလည်း နော်လေးဒီနဲ့ မောင်မောင်ကြီးကို ဆက်စပ်ပြီး မသိခဲ့ပါ။
၂၀၀၅ခုနှစ်မှာ ကျနော်တို့ ပြန်ဆုံကြတော့ နှစ်ယောက်စလုံး အသက် ၄၂ နှစ်ပါ။ ဒါပေမယ့် မောင်မောင်ကြီးက အသက် ၅၀ကျော်လို့ ထင်ရလောက်အောင် အိုစာနေပါပြီ။ မဲဆောက်မြို့မှာရှိတဲ့ နိုင်ငံရေးအသိုင်းအဝိုင်းက သူ့ကို ဦးမောင်မောင်ကြီးလို့ လေးလေးစားစားခေါ်ဝေါ်ကြပါတယ်။ မောင်မောင်ကြီးက မဲဆောက်နိုင်ငံရေးအသိုင်းအဝိုင်းမှာ အင်မတန် ထင်ရှားသူပါ။ ကရင့်အမျိုးသားအစည်းအရုံး ခေါင်းဆောင်များအပါအဝင် တိုင်းရင်းသားခေါင်းဆောင်များ၊ ဒေါက်တာစင်သီယာမောင်အပါအဝင် မယ်တော်ဆေးခန်းမှ ကျန်းမာရေးလုပ်သားများ၊ မဲဆောက်အခြေစိုက် တော်လှန်ရေးအဖွဲ့အစည်းများ အားလုံးက သူ့ကို လေးစားခင်မင်ကြပါတယ်။ မဲဆောက်မြို့မှာအခြေစိုက်ပြီး ပြုလုပ်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးသင်တန်းတွေ၊ အရည်အသွေးမြှင့်တင်ရေးသင်တန်းတွေမှာ သူက မပါမဖြစ်တဲ့ သင်တန်းဆရာပါ။ မြန်မာအလုပ်သမားများရဲ့ သားသမီးများအတွက် စာသင်ကျောင်းတွေ ထူထောင်ရာမှာလည်း သူရှေ့ဆုံးက ဦးဆောင်ခဲ့ပါတယ်။ ကလေးများအတွက်ဖွဲ့စည်းတဲ့ ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်မှု ဗဟိုဋ္ဌာနမှာ သူက ဒုတိယ ဥက္ကဋ္ဌပါ။ ကလေးအခွင့်အရေး ကာကွယ်စောင့်ရှောက်မှုကော်မီတီမှာလည်း သူက တွဲဘက်အတွင်းရေးမှူးပါ။ ကျနော်က သူ့ကို နာမည်ရင်းခေါ်ပြီး “မင်း၊ ငါ” နဲ့ပြောတော့ အခြားလူတွေ အံ့ဩကြပါတယ်။
စကားတွေပြောရင်းနဲ့ သူ့ရဲ့ ဖြတ်သန်းမှုတွေကို ကြားသိရတော့ အခုလို အိုမင်းတဲ့ ရုပ်ပေါက်နေတာ အံ့ဩစရာမရှိတော့ပါ။ ကျောင်းသားတပ်မတော်ထဲမှာ ၁၂နှစ်ကျော် ပါဝင်လှုပ်ရှားခဲ့ရတယ်ဆိုတာ တစ်ကယ့်ခရီးကြမ်းကြီးပါ။ တောထဲ၊ တောင်ထဲမှာ လက်နက် ရိက္ခာမလုံမလောက်နဲ့ သူတင်ကိုယ်တင် စစ်ပွဲတွေ ဆင်နွှဲခဲ့ရတာ၊ ရန်သူ့ကျည်ဆံနဲ့ မြေမြုတ်မိုင်းတွေကို ကြောက်ရသလို ငှက်ဖျားပိုးကလည်း ကြမ်းတမ်းရက်စက်တာ၊ အဖွဲ့အတွင်းက အုပ်စုဖွဲ့ပဋိပက္ခတွေ၊ ရန်လိုယှဉ်ပြိုင်မှုတွေ၊ မဟာဗမာဝါဒ မုန်းတီးဆန့်ကျင်ရေးကို ရှေ့တန်းတင်ထားဆဲဖြစ်တဲ့ ရှေးရိုးစွဲ တိုင်းရင်းသားလက်နက်ကိုင်တွေကြားမှာ အကြောက်တရားနဲ့ စည်းရုံးတည်ဆောက်ရတာတွေ၊ ဒီ ဆယ့်နှစ်နှစ်တာ ခရီးကြမ်းကြီးက သူ့ရုပ်ရည်ကို အသက်ထက် ပိုပြီးကြီးရင့်စေခဲ့တာပါ။
စကားတွေပြောရင်း စိန့်မိုက်ကယ်က သူငယ်ချင်းတွေအကြောင်း ပြောဖြစ်ကြတဲ့အခါ အောင်မြင့်အကြောင်းလဲ ပြောဖြစ်ကြပါတယ်။ ကျနော်က စပ်စပ်စုစုမေးမိပါတယ်။ “မင်းတို့ တိုက်ပွဲတွေဖြစ်တော့ အောင်မြင့်ပါတဲ့တပ်နဲ့ရော တွေ့သေး၊ တိုက်သေးသလား” လို့ မေးမိတော့ သူက များသောအားဖြင့် ရင်ဆိုင်တိုက်ပွဲတွေ၊ နယ်မြေစိုးမိုးရေးတိုက်ပွဲတွေမှာ တဘက်စစ်တပ်က တပ်ရင်းနံပါတ်၊ တပ်ခွဲနံပါတ်၊ စစ်ဗျူဟာနံပါတ်တွေနဲ့ အရာရှိတွေရဲ့အမည်ကို ကြိုတင် သတင်းရကြောင်းနဲ့ သူမှတ်မိသလောက် အဲဒီအရာရှိတွေစာရင်းထဲမှာ အောင်မြင့် နာမည်မပါကြောင်း ပြောပါတယ်။ ကျနော်က ဆက်မေးပါသေးတယ်။ “တကယ်လို့ကွာ မင်းတို့နဲ့ တိုက်ရမယ့် တဘက်စစ်တပ်မှာ အောင်မြင့်ပါတယ်ဆိုရင်ကော” ဆိုတော့ “ငါ့သူငယ်ချင်း ငါမတိုက်ချင်ပါဘူးကွာ၊ ဒါကြောင့် မကဒတက အနားယူတာပေါ့” လို့ ပြောပါတယ်။
ကြယ်တစ်ပွင့်ကြွေလွင့်ခြင်း
အဲဒီနောက် နှစ်စဉ် မဲဆောက်ကို ရောက်တိုင်း ကျနော်တို့ သူငယ်ချင်းနှစ်ယောက်တွေ့ဆုံကြပါတယ်။ စကားတွေအများကြီးပြောဖြစ်ခဲ့ကြပါတယ်။ ၂၀၁၁ ခုနှစ်မှာတော့ အရင်တွေ့နေ့ကျ ပုံစံမျိုးရဲ့ တဝက်လောက်သာရှိတော့တဲ့ အသည်းရောဂါဖိစီးနေတဲ့ မောင်မောင်ကြီးကို တွေ့ရပါတယ်။ မဲဆောက်ဆေးရုံကြီးကနေ လွှဲပြောင်းပေးလို့ ချင်းမိုင်ဆေးရုံမှာ လအတော်ကြာ တက်ရောက်ပြီး ဆေးဝါးကုသမှုခံရပါတယ်။ သူ့ရဲ့ နိုင်ငံရေးမိတ်ဆွေများက ဆေးဝါးကုသမှု ကုန်ကျစားရိတ်များကို ထောက်ပံ့ကြလို့သာ ဆေးရုံတက်နိုင်တာပါ။
၂၀၁၂ခုနှစ် ဒီဇင်ဘာလမှာ ကျနော် မဲဆောက်ရောက်ပြန်တော့ တွေ့ကြပါသေးတယ်။ အင်မတန် ပိန်ချုံးနေပေမည့် သွားလာလှုပ်ရှားနိုင်ပါတယ်။ ကိုကျော်ကျော်နဲ့ မမီးမီးတို့ရဲ့ မင်္ဂလာဆောင်မှာ သူ့ကို ကျနော်နောက်ဆုံးတွေ့ခဲ့ရတာပါ။ ထိုင်းက ပြန်လာပြီးတဲ့နောက် ၂၀၁၃ ခုနှစ် မတ်လအတွင်းမှာ မဲဆောက်ဆေးရုံကြီးမှာ ပြန်တင်ထားရတယ်လို့ ကြားသိရပါတယ်။ ၂၀၁၃ခုနှစ် ဧပြီလ ၂၅ရက်နေ့မှာတော့ နိုင်ငံရေးအကျဉ်းသားများစောင့်ရှောက်ရေးအသင်းက ကိုတိတ်နိုင်က ကျနော့်ကို ဖုန်းဆက်အကြောင်းကြားပါတယ်။ “ကိုအောင်ဒင်၊ ဦးမောင်မောင်ကြီးတစ်ယောက်တော့ ဒီမနက်မှာပဲ ကွယ်လွန်သွားရှာပြီ” တဲ့။
ကြယ်တစ်ပွင့် ကြွေလွင့်သွားပြန်ပါပြီ။ ကောင်းကင်ကြီးမှာက ကြယ်တွေ သန်းပေါင်း ထောင်နဲ့ချီပြီး ရှိနေတော့ ကြယ်တစ်ပွင့်လျော့တာ ဘာမှမထူးခြားသလိုပါ။ ဒါပေမယ့် မောင်မောင်ကြီးရဲ့ ဇနီး နော်လေးဒီ၊ သားကြီး စောရန်နိုင် (ခေါ်) ဖိုးခွားကြီး၊ သားငယ် စောဇင်မင်း (ခေါ်) ဖိုးခွားလေးတို့အတွက်တော့ မောင်မောင်ကြီးကွယ်လွန်ခြင်းဟာ အစားထိုးမရတဲ့ ဆုံးရှုံးမှုပါ။ ဒီစာကို ဖိုးခွားကြီးနဲ့ ဖိုးခွားလေးတို့ သူတို့အဖေအတွက် ဂုဏ်ယူတတ်စေဖို့ ရေးပါတယ်။ မောင်မောင်ကြီးကို ချစ်ခင်လေးစားကြသူတွေအားလုံးလဲ ခံစားနိုင်ဖို့ရေးပါတယ်။ ၂၀၁၃ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့တွင် ကျရောက်တဲ့ ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံကြီး ၂၅ နှစ်ပြည့်ကို ဦးညွတ်ဂုဏ်ပြုဖို့ ရေးပါတယ်။ ဒီစာကို ဖတ်လို့ မောင်မောင်ကြီး ကွယ်လွန်တာကို သိရင် ဗိုလ်မှူးကြီးအောင်မြင့်လည်း မတူညီတဲ့ဘက်နှစ်ခုမှာ ရှိနေကြစေဦးတော့ အချိန်မတန်ခင် ခွဲသွားတဲ့ သူငယ်ချင်းတစ်ယောက်အတွက် ဝမ်းနည်းကြေကွဲလိမ့်မယ် ထင်ပါတယ်။ ။