စစ်ကောင်စီတပ်နှင့် ၎င်း၏မဟာမိတ် ရှမ်းနီအမျိုးသားများတပ် (SNA) စစ်သားများသည် ဒေသခံ ဘုန်းကြီးကျောင်းတကျောင်းတွင် ဖမ်းထားသည့် အရပ်သားများအနက်မှ အမျိုးသမီး ဒါဇင်ပေါင်းများစွာကို အဓမ္မပြုကျင့်ပြီးနောက် ဒေသခံ ၂ သောင်းကျော် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှ ထွက်ပြေးနေရသည်ဟု ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများက ပြောသည်။
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အောက်မှ ပြည်သူ့ကာကွယ်ရေးတပ်များ (PDF) စုပေါင်းပြီး ထိုမြို့နယ်ကို သိမ်းပိုက်ရန် နိုဝင်ဘာလ ၁ ရက်နေ့တွင် ပြန်လည်ကြိုးစားသည်။
သြဂုတ်လ ၁၆ ရက်နေ့တွင် တိုက်ပွဲများ ပြန်လည် စတင်သောအခါ ဒေသခံ အနည်းဆုံး ၈၀၀ ကို ဘုန်းကြီးကျောင်းတကျောင်းတွင် ဖမ်းဆီးခဲ့ပြီး ၁၄၀ ခန့်သည် ထိုဘုန်းကြီးကျောင်းတွင် ဆက်လက် ဖမ်းဆီးခံထားရသည်ဟု အောက်တိုဘာလတွင် လွတ်မြောက်လာသည့် ဒေသခံတဦးက ပြောသည်။
“စစ်ကောင်စီနဲ့ ရှမ်းနီတပ်တွေက သူတို့ပျော်ပါးဖို့ အိမ်ထောင်သည်အပါအဝင် တညကို အမျိုးသမီးတယောက် ရွေးတယ်။ သူတို့က အဲဒီအမျိုးသမီးတွေရဲ့ ခင်ပွန်းသည်တွေ၊ မိသားစုတွေ ရှေ့မှာတောင် အဲဒီအမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားကြတယ်” ဟု ထိုဒေသခံက ပြောသည်။
သြဂုတ်လမှစတင်ပြီး ထိုဘုန်းကြီးကျောင်း၌ ပြုလုပ်ထားသည့် ဖမ်းဆီးရေးစခန်းတွင် အဓမ္မပြုကျင့်မှုများ မကြာခဏ ဖြစ်ပွားနေကြောင်း ဒေသခံများနှင့် အင်းတော် PDF က ပြောသည်။ ထိုဖမ်းဆီးရေးစခန်းတွင် လူ ၁၄၀ ခန့် ကျန်နေသေးသောကြောင့် ထိုပြစ်မှုများ ဆက်လက် ဖြစ်နေနိုင်သည်ဟုလည်း ၎င်းတို့က ပြောသည်။
စစ်ကောင်စီနှင့် ရှမ်းနီတပ်များသည် လွန်ခဲ့သော နှစ်လအတွင်း ထိုဘုန်းကြီးကျောင်းမှ အမျိုးသမီး အနည်းဆုံး ၆၀ ဦးကို အဓမ္မပြုကျင့်သည်ဟု မျက်မြင်သက်သေများနှင့် ကျူးလွန်ခံရသူများ၏ မိသားစုများ ပြောကြားချက်များကို အခြေခံပြီး အင်းတော် PDF က ပြောသည်။
“ဖမ်းဆီးခံရသူအများစုက လွတ်မြောက်ပြီး ရောက်ရာအရပ်ကို ထွက်ပြေးကြပေမယ့် လူနည်းနည်း ဆက်လက် ဖမ်းဆီးခံနေရတယ်။ အဓမ္မပြုကျင့်ခံရသူတွေမှာ အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု (CDM) မှာ မပါဝင်တဲ့ စစ်ကောင်စီ ဝန်ထမ်းတွေတောင် ပါတယ်။ အဲဒီဘုန်းကြီးကျောင်းကနေ ထွက်ပြေးရင် ဖမ်းဆီးသတ်ဖြတ်မယ်လို့ စစ်ကောင်စီတပ်က ခြိမ်းခြောက်တယ်လို့ သူတို့က ပြောတယ်” ဟု အင်းတော် PDF အဖွဲ့ဝင်တဦးက ပြောသည်။
အင်းတော်သည် ကချင်ပြည်နယ် နယ်စပ်တွင် သေနင်္ဂဗျူဟာအရ အရေးပါသည့် နေရာတွင် တည်ရှိသည်။ ထိုမြို့သည် ကချင်ပြည်နယ်၏ ဝင်ပေါက်ဖြစ်ပြီး ရွှေဘို-မြစ်ကြီးနားလမ်းသည် ထိုမြို့ကို ဖြတ်သန်းသည်။
ထိုမြို့သည် စစ်ကောင်စီ၏ အမှတ် ၇၇ ခြေမြန်တပ်မဌာနချုပ်ရှိသော မြို့ဖြစ်သည်။ အင်းတော်ကို သိမ်းပိုက်ထားသည့် စစ်ကောင်စီစစ်သားများကို ဗန်းမောက်မှ SNA ရှမ်းနီစစ်သား ရာပေါင်းများစွာဖြင့် အင်အားဖြည့်ထားသည်။
တော်လှန်ရေးအင်အားစုများသည် လွန်ခဲ့သော သုံးလအတွင်း ကြီးမားသောအောင်ပွဲများ ရရှိပြီး အင်းတော်ရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးဌာနနှင့် ထိုမြို့အနီး နဘားရွာမှ စစ်တပ်စခန်း နှစ်ခုကို သိမ်းပိုက်ထားသည်။
စစ်ကောင်စီတပ်များသည် လူ ၈၀၀ ခန့်ကို ထိုဘုန်းကြီးကျောင်းတွင် ဖမ်းဆီးထားပြီးနောက် စက်တင်ဘာလတွင် တော်လှန်ရေးအင်အားစုများနှင် ပြင်းထန်သောတိုက်ပွဲများအတွင်း အရပ်သား နှစ်ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရသည်။ ထိုအရပ်သားထိခိုက် သေဆုံးမှုများသည် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုနှင့် အမြောက်ပစ်ခတ်မှုများကြောင့် ဖြစ်သည်ဟု သိရသည်။
ဧရာဝတီ သတင်းဌာနသည် အင်းတော် အဓမ္မပြုကျင့်မှုများနှင့် ပတ်သက်ပြီး SNA ပြောခွင့်ရသူ ဗိုလ်မှူးကြီး စိုင်းအောင်မိန်းကို မှတ်ချက်တောင်းရန် အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဖုန်းမကိုင်ပေ။
နိုဝင်ဘာလ ၁ ရက်နေ့က တိုက်ပွဲများ ပြန်လည် မစတင်မီအထိ အောက်တိုဘာလက အင်းတော်တွင် တိုက်ပွဲများ ရပ်ဆိုင်းသွားသည်။ စစ်ကောင်စီတပ်များသည် နိုဝင်ဘာလ ၁ ရက်၊ ၂ ရက်နှင့် ၃ ရက်နေ့များတွင် ထိုမြို့ကို လေကြောင်းမှ တိုက်ခိုက်ကြောင်း အင်းတော် PDF အဖွဲ့ဝင်တဦးက ပြောသည်။
ကံကောင်းချင်တော့ လူ ၂ သောင်းလောက်က ထွက်ပြေးနေလို့ နောက်ဆုံး လေကြောင်းတိုက်ခိုက်မှုမှာ အရပ်သားထိခိုက်သေဆုံးမှု မရှိဘူး” ဟု ၎င်းကပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta Soldiers Perpetrating Mass Rape at Sagaing Monastery: Reports ကို ဘာသာပြန်သည်။)
You may also like these stories:
စစ်တပ် သတ်ဖြတ်ခဲ့သည့် ၄ ဦးတွင် ကိုယ်ဝန်ဆောင်တဦးမှာ အဓမ္မပြုကျင့်ခံထားရ
ဒုတိယတန်းကျောင်းသူအား ပျူစောထီးခေါင်းဆောင်က အဓမ္မပြုကျင့်ရန်ကြံစည်မှု
ပေါက်တွင် စစ်တပ်က သားအမိ ၃ ဦးကို သတ်ဖြတ်ပြီး မိခင်ဖြစ်သူကို အဓမ္မပြုကျင့်
စစ်တွေ ဗျိုင်းဖြူရွာတွင် စစ်ကောင်စီက အစုလိုက်အပြုံလိုက်သတ်ဖြတ် အလောင်း ဖျောက်
စစ်ကောင်စီ မုဒိန်းကျင့်ခံရသူများ တိုင်ကြားရန် လူ့အခွင့်အရေးအဖွဲ့များ တိုက်တွန်း