စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အနောက်ခြမ်းရှိ ကျီးကန်တောင်ရွာ၊ ကျီးကန်မြောက်ရွာမှ ဒေသခံ အမျိုးသား ၃ ဦးနှင့် ကိုယ်ဝန် ၃ လရှိသည့် အမျိုးသမီး ၁ ဦးအား စစ်ကောင်စီ စစ်ကြောင်း ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ရက်ရက် စက်စက် သတ်ဖြတ်ထားခဲ့ကြောင်း ဒေသခံများထံက သိရသည်။
သေဆုံးသူများမှာ ကျီးကန်မြောက်ရွာမှ အသက် ၂၀ အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် အသက် ၅၀ ကျော်အရွယ် အမျိုးသား၂ ဦး၊ အသက် ၃၅ နှစ်အရွယ် အမျိုးသား ၁ ဦးတို့ဖြစ်ပြီး သြဂုတ် ၂၆ ရက်တွင် စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် နောက်တရက်ဖြစ်သည့် သြဂုတ် ၂၇ ရက်၌ ဝက်လက်မြို့အနောက်ဘက် ၆ မိုင်ကျော် အကွာ ကျီးကန်မြောက်ရွာနှင့် လှတောကျေးရွာကြားရှိ သရက်ခြံအတွင်းမှ ရုပ်အလောင်းများ တွေ့ရှိခဲ့ရကြောင်း ဒေသ ခံများထံက သိရသည်။
ဝက်လက်မြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်မြေသြဇာက “ကျီးကန်မြောက်ရွာနဲ့ လှတောရွာကြားမှာရှိတဲ့ သရက်ခြံထဲမှာ အသတ်ခံထားရတဲ့အလောင်းတွေ တွေ့ခဲ့ရတာပါ။ တွေ့တဲ့အချိန်မှာ ကောင်မလေးက အောက်ပိုင်းမှာ ဘာမှမပါတော့ဘူး ဖြစ်နေတယ်။ ပြီးတော့ မိန်းမကိုယ်ထဲမှာ ရွိုင်ရယ်ဒီအအေးဘူး ထိုးထည့်ခံထားရတာကိုလည်း တွေ့ ရတယ်။ ကျန်တဲ့သူတွေကို လည်ပင်းကို ဓားနဲ့လှီးဖြတ်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခံထားရတာကို တွေ့ခဲ့ရတာပါ” ဟု ပြောသည်။
ထိုဖြစ်စဉ်အား ကျူးလွန်သူမှာ စစ်ကောင်စီ၏ တပ်မ ၃၃ လက်အောက်ခံစစ်ကြောင်းဖြစ်ပြီး ၄ ဦးစလုံး လည်လှီး သတ်ဖြတ်ခံထားရကြောင်းနှင့် အမျိုးသမီးမှာ မုဒိမ်းကျင့်ပြီးမှ သတ်ဖြတ်ခံထားရသည်ကိုတွေ့ရှိခဲ့ရကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ လူ့အခွင့်အရေးဝန်ကြီးဌာနကလည်း ယနေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။
ကျီးကန်တောင်ရွာ၊ ကျီးကန်မြောက်ရွာသည် မန္တလေး- ရွှေဘိုကားလမ်းပေါ်တွင်တည်ရှိပြီး အိမ်ခြေ ၅၀၀ ကျော်ရှိ သော စည်ကားသည့်ကျေးရွာကြီးတရွာဖြစ်ကာ သြဂုတ် ၂၆ ရက် နံနက်ပိုင်းက ရွာသာကြီးကျေးရွာမှ ထွက်လာသော အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကိုင်းမြို့နယ်၊ မာလဲတောရွာ ပျူစောထီးတို့ ပူးပေါင်းထားသည့် စစ်ကြောင်းမှာ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ဝင်ရောက် စီးနင်းခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ ရွာအားစီးနင်းစဉ် ကျီးကန်မြောက်ရွာဘုန်းကြီးကျောင်း၌ ခိုလှုံနေကြသည့် ဒေသခံ ၃၀ ကျော်ကို တွေ့ရှိရာ ဖုန်း များအား စစ်ဆေးရှာဖွေခြင်းများ ပြုလုပ်ခဲ့ပြီး မသင်္ကာသူများဟုဆိုကာ ၆ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ် ကြောင်း ဒေသခံများက ဆိုသည်။
ဖမ်းဆီးခံရသူများမှာ ဦးတင်ဆန်းနှင့် ၎င်း၏သမီးဖြစ်သူ မနှင်းဆီ (အမည်လွှဲ)၊ မိခင်၊ ယောင်းမဖြစ်သူ ၁ ဦး စသည့် ၄ ဦးမှာ မိသားစုဝင်များဖြစ်ကြပြီး၊ ကျန် ၂ ဦးမှာလည်း ဒေသခံရွာသားများ ဖြစ်ကြကြောင်း သိရသည်။
ကျီးကန်မြောက်ရွာမှတဆင့် လှတောကျေးရွာဘက်သို့ စစ်ကြောင်းပြန်ထွက်ချိန်တွင် အဓမ္မပြုကျင့်ခံရသည့် အမျိုး သမီးနှင့် ဖခင်၊ ကျန်အမျိုးသား ၂ ဦး တို့အား ဆက်လက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ မိခင်နှင့် ယောင်းမ ဖြစ်သူ တို့ကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
ဒေသခံတဦးက “ဘုန်းကြီးကျောင်းထဲကို စစ်ကြောင်း ဝင်လာပြီးတော့ ဖုန်းတွေကို စစ်တယ်၊ ဖုန်းအလုံး၂၀ လောက် သိမ်းသွားတယ်။ ပြီးတော့ မုဒိမ်းကျင့်ပြီးအသတ်ခံရတဲ့ အမျိုးသမီးအပါအဝင် မိသားစုဝင်တွေရယ်၊ ကျီးကန်တောင် ရွာက စိတ်ဝေဒနာရှင် အမျိုးသားတယောက်ရယ်၊ ကျီးကန်မြောက်ရွာသားတယောက် စုစုပေါင်း ၆ ယောက် ဖမ်းခေါ် သွားပြီး ကျီးကန်မြောက်ရွာထဲက တိုက် ၁ တိုက်ထဲမှာ ပိတ်ပြီး ရိုက်နှက် နှိပ်စက် စစ်ဆေးခဲ့ကြတာ။ အဲဒီမှာ ကောင်မ လေးရဲ့ အဖေရယ်၊ အမေရယ်၊ ယောင်းမရယ်ကို တနေရာ ခွဲထားတယ်၊ ပြီးတော့ ကောင်မလေးကိုလည်း သီးသန့်ခွဲပြီး အဲဒီတိုက်ထဲမှာကတည်းက မုဒိမ်းကျင့်တာတွေ လုပ်တယ်လို့ သိရတယ်” ဟု ပြောသည်။
ဒေသခံများအနေဖြင့် စစ်ကြောင်း ထွက်ခွာသွားချိန်တွင် မလိုက်ရဲကြသဖြင့် သြဂုတ်၂၇ ရက် နံနက်ပိုင်းမှ လိုက်လံ ရှာဖွေချိန်၌ ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့်အတူ ကျန် ၃ ဦးအား ရက်ရက်စက်စက် သတ်ဖြတ်ခံထားရသည့် ရုပ် အလောင်းများကို ကျီးကန်မြောက်ရွာနှင့် လှတောကျေးရွာကြားရှိ သရက်ခြံအတွင်း တွေ့ရှိခဲ့ရခြင်းဟု သိရသည်။

Wetlet Informational Network မှ တာဝန်ရှိသူတဦးက “ကောင်မလေး ရုပ်အလောင်း ပက်လက်တွေ့ရတဲ့ အနေ အထားအရ ချုပ်နှောင်ခံထားရပေမယ့် ရုန်းကန်ထားတဲ့ အခြေအနေတွေနဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းမှာရှိနေတဲ့ အင်္ကျီ မလုံ မခြုံ ဖြစ်နေတာရယ်၊ အောက်ပိုင်းမှာ ဘာမှမရှိဘဲ ဟာလာဟင်းလင်းနဲ့အတူ မိန်းမကိုယ်ထဲကို ရွိုင်ရယ်ဒီ အချို ရည်ဘူး ၃ လက်မ လောက်ထိ ဝင်အောင် ထိုးထည့်ခံထားရတာတွေကို ကြည့်ပြီးတော့ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရတယ်လို့ သုံးသပ် တာပါ။ ဆရာဝန်တွေရဲ့ ဆေးစစ်ချက်မျိုးတော့ မရနိုင်ပေမယ့် မြေပြင်အနေအထား လက္ခဏာတွေအရ ကောင်မလေး ကို အုပ်စုဖွဲ့ပြီး အဖေဖြစ်သူရှေ့မှာပဲ မုဒိမ်းကျင့်ခဲ့ကြတာလို့ ယူဆ သုံးသပ်ရပါတယ်” ဟု ပြောသည်။
ယင်းစစ်ကြောင်းသည် ကျီးကန်မြောက်ရွာ ဘုန်းကြီးကျောင်းမှ ဒေသခံများ၏ ဖုန်းအလုံး ၂၀ ကျော် သိမ်းဆည်းခြင်း များအပြင် လမ်းဘေးတွင်ရပ်ထားသော ဒေသခံတဦး၏ ကားအတွင်း ထည့်သွင်းသိမ်းဆည်းထားသည့် ကျပ် ၅၁၅ သိန်းနှင့် အမျိုးသမီးတဦးထံမှ ရွှေဆွဲကြိုးတကုံး၊ ငွေကျပ် ၄ သိန်းကျော်ကိုလည်း သိမ်းဆည်းသွားကြောင်း သိရသည်။
အဆိုပါ ဒေသခံ ၄ ဦး သတ်ဖြတ်ခံရသည်နှင့် ပတ်သက်၍ စစ်ကောင်စီ၏ လော်ဘီ တယ်လီဂရမ်ချန်နယ်များတွင် လည်း ဝက်လက်မြို့နယ်၊ ကျီးကန်ကျေးရွာအနီး၌ ဩဂုတ်၂၆ ရက် နေ့လယ် ၁၂ နာရီက PDF ၄ ဦးအား အသေပစ်ခတ် ဖမ်းဆီးရမိခဲ့သည်ဟု ဓာတ်ပုံများနှင့်တကွ ဖြန့်ဝေထားကြသည်။
ထိုသို့ လုပ်ဆောင်ပြီးနောက် သြဂုတ် ၂၇ ရက် ညနေပိုင်းတွင် လှတောကျေးရွာမှတဆင့် ပင်းဇင်းကျေးရွာသို့ လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ပြီး ဝက်လက်မြို့သို့ ဆက်လက် ထွက်ခွာသွားကြောင်း၊ ယနေ့ (သြဂုတ် ၂၈) နံနက်ပိုင်း၌ ဝက်လက်မြို့မှတဆင့် လှတောအထိုင်စခန်းသို့ ပြန်လည် ဝင်ရောက်သွားကြောင်း သိရသည်။
You may also like these stories:
စစ်ပွဲနဲ့ ကုန်ဈေးနှုန်းကြားက စစ်ရှောင်တောင်သူတို့ရဲ့ ဘ၀
ဖားကန့်၌ စစ်တပ်က အရပ်သားများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်သွား
မုံရွာမှ ကိုယ်ဝန်ဆောင်အမျိုးသမီး အသတ်ခံရမှု ဖမ်းမိသူများအား တရားစွဲ














