ယခုနှစ်ဆန်း ရှိမ်းမကား တိုက်ပွဲမှ စကာ အညာဒေသတွင်း ရှမ်းမြောက်ပြန် တော်လှန်ရေးတပ်များ၏ စစ်ဆင်ရေးများကို စတင်မြင်လာရကာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ စစ်ကြောင်းလိုက်ပြုတ်သည်ထိ အကျအရှုံးများသည်ကို တွေ့ရသည်။
ရှိမ်းမကားက စစ်ကောင်စီတပ် အင်အား ၄၀ခန့် ချထားသည့် ဧရာဝတီမြစ်ဘေး ရွာကြီးဖြစ်ပြီး တောင်ဘက်ရှိ စစ်ကိုင်းနှင့် ၂၆မိုင်၊ မြောက်ဘက် ရွှေဘိုနှင့် ၂၅ မိုင်ခန့် ဝေးကာ ကုန်လမ်း၊ ရေလမ်းမှ ဝင်ရောက်နိုင်သည့် အချက်အခြာကျ ဒေသဖြစ် ရာ ဇန်ဝါရီ ၅ရက်က ရွှေဘိုရှိ အမှတ် ၈ လေ့ကျင့်ရေးတပ်နှင့် စစ်ကိုင်းအခြေစိုက် တပ်မ ၃၃မှ စစ်ကြောင်းတို့မှ အင်အား ဖြည့်ရန် ထိုနယ်သို့ ဝင်ရောက်လာခြင်းဖြစ်သည်။
အင်အား ၈၀ခန့်ပါ ဗိုလ်ကြီး မျိုးမင်းသူ ဦးဆောင်သည့် ရွှေဘိုစစ်ကြောင်းမှာ ဝက်လက်နယ်အရောက် မှတ်ထိနှင့် မင်းကုန်း ရွာကြား၌ ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၁၊ ၂၊ ၄၊ ၅၊ ၁၅၊ ၂၃)နှင့် ခရိုင်ဒရုန်းတပ်ဖွဲ့၊ ဝက်လက် မြို့နယ် ပကဖ တို့၏ ချေမှုန်းခြင်းခံရပြီး ထိခိုက်ကျဆုံးများကာ လက်နက် ၄၅ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း အမှတ် (၁) စစ်ဒေသက ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ထားသည်။
အလားတူ စစ်ကိုင်းမြို့ ဆားတောင်ရွာမှ ထွက်လာသော ဗိုလ်ကြီးအေးမင်းထွန်း ဦးစီးသည့် တပ်မ-၃၃ လက်အောက်ခံ အင်အား ၈၃ ဦးပါ စစ်ကြောင်းကိုလည်း ဝက်လက်မြို့နယ်၊ အုန္နဲဘုတ်ရွာ၌ ရွှေဘိုခရိုင် တပ်ရင်း (၁၊ ၂၊ ၁၈)၊ ဒေါင်းနီ (LPDF) ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ လေကြောင်းပစ်ကူပေးရသည်အထိ တိုက်ပွဲများ ပြင်းထန်ခဲ့သည်။
အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ သေဆုံးမှုနှင့် ပတ်သက်၍ ရွှေဘိုခရိုင်တပ်ရင်း (၁၈) ပြန်ကြားရေးတာဝန်ခံ ကိုငြိမ်းချမ်းက “အုန္နဲဘုတ်မှာ ဖြစ်တဲ့စစ်ကြောင်းက အကျအဆုံး ၂၃ ကောင် ရှိမယ်။ အရှင်မိတာက ၃ ကောင် ရှိတယ်။ မြောက်ဘက်စစ်ကြောင်းက ၅၁ ကောင် သေပြီး အရှင် ၆ ကောင် ရှိတယ်။ အဲဒါက တိတိကျကျပေါ့နော်” ဟု ပြောသည်။
ဝက်လက်နယ် တိုက်ပွဲ ၂ ပွဲလုံးကို ရှမ်းမြောက်စစ်ဆင်ရေးမှ ပြန်လာသော အညာ အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက ပါဝင်တိုက်ခဲ့ခြင်းဖြစ်ပြီး ရှမ်းမြောက်၌ ၉ လကျော် စစ်ရေးအတွေ့အကြုံနှင့် လက်နက်ခဲယမ်းများ ရရှိခဲ့ခြင်းကြောင့် ရှိမ္မကား တိုက်ပွဲတွင် စစ်ကောင်စီတပ်များ အထိနာခဲ့ခြင်းဖြစ်သည်ဟု သိရသည်
ရွှေဘိုခရိုင်တပ်ရင်း (၁၅) တပ်ရင်းမှူး ဗိုလ်ကောက်ရိုးက “အစောပိုင်းတုန်းက လက်နက်မရှိတော့ ပစ်ပြေးဘဝပေါ့။ အဲ့ဒီမှာ ရှမ်း-မန်း စစ်ဆင်ရေးကနေ လက်နက် ခွဲတမ်းတွေရလာတာနဲ့ အခုလိုမျိုး ပြုတ်အောင်တိုက် လိုက်နိုင်တာပေါ့။ ၉ လကျော် မှာ တရက်မှ နားကိုမနားရဘူး။ ၁၀၂၇ ဒုတိယလှိုင်းမှာ ၁၅၊ ၁၈၊ ၂၃၊ ၂၆ ရင်းတွေက နောင်ချို၊ စဉ့်ကူး၊ မတ္တရာတွေထိ အကုန်ပါတယ်။ အရင်တုန်းက ကျနော်တို့က မြေပြန့်မှာလည်းဖြစ်၊ လက်နက်အင်အား မပြည့်စုံတဲ့အခါ ပစ်ပြေးဘဝရယ်၊ ခံစစ်အနေနဲ့ မလုပ်နိုင်ဘူး။ ခုအနေအထားက ရဲဘော်တွေကလည်း အတွေ့အကြုံရလာပြီး ခံစစ်ကိုဘယ်လိုလုပ်ရမယ်၊ ထိုးစစ်ဘယ်လိုလုပ်ရမယ်ဆိုတာ စာတွေ့သာမက လက်တွေ့ပါရလာတဲ့အခါ အခုလိုမျိုး လုပ်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်” ဟု ပြောသည်။
ယခုတိုက်ပွဲသည် ရှမ်းမြောက်မှ ပြန်ရောက်လာသည့် အညာအခြေစိုက်တပ်ရင်းများ၏ ပထမဆုံး စစ်ဆင်ရေး ဖြစ်သည် ဟုလည်း ၎င်းက ဆိုသည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီ ထိခိုက်ကျဆုံးမှုများခြင်းသည် စစ်ကိုင်းတိုင်းအတွင်းရှိ ကာကွယ်ရေးတပ်များကို အထင်သေး ပေါ့ဆမှုများကြောင့်ဖြစ်သလို တဖက်တွင်လည်း ကာကွယ်ရေးတပ်များက စုစုစည်းစည်း တိုက်ခိုက်နိုင်သည့် အခြေအနေများကြောင့် ဖြစ်သည်ဟု CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်သည်။
၎င်းက “ဝက်လက်ဘက်က အခြေအနေက ကြားသိရသလောက် ဗိုလ်ကြီးမျိုးမင်းသူဆိုတဲ့ တပ်စုတစုလောက်ပဲ လွတ်သွား တဲ့အနေအထား။ ဒီဘက် စစ်ကိုင်းဘက်က အဖွဲ့တွေက အရင်လိုမဟုတ်တော့ဘူး။ တဖြည်းဖြည်းနဲ့ ပေါင်းစပ်ချိတ်ဆက်မှု အားကောင်းသွားပြီ။ အရင်တုန်းကဆို တဖွဲ့နဲ့တဖွဲ့ နယ်မြေတွေ ပေးမဖြတ်တာတို့ ရှိကြတယ်။ ဒါပေမယ့် အခု အညာသား တွေ စည်းလုံးသွားတဲ့အနေအထားကို စပရိုက်တိုက်ခံလိုက်ရတဲ့ အနေအထားပါ” ဟု ဆိုသည်။
၁၀၂၇ စစ်ဆင်ရေး (ဒုတိယပိုင်း) နှင့် ရှမ်းမန်း စစ်ဆင်ရေးတွင် စစ်ကိုင်းနှင့် မန္တလေးတိုင်းမှ ဗျုဟာ (၅၂)၊ ရွှေဘိုခရိုင် တပ်ရင်း (၇၊ ၁၀၊ ၁၆၊ ၁၅၊ ၁၈၊ ၂၃၊ ၂၆)၊ ဗျူဟာ (၅၅) နှင့် ညောင်ဦးခရိုင် တပ်ရင်း ၃၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး)၊ မိုးကုတ် ဗျူဟာ တပ်ရင်း (၁၂၂၁၊ ၁၂၂၂၊ ၁၂၂၃၊ ၁၂၂၄)၊ အမှတ် (၅၁၃) တပ်ရင်း၊ ကျောက်မဲခရိုင် အထူး တိုက်ခိုက်ရေးတပ်ဖွဲ့၊ SSTF၊ ပြင်ဦးလွင်ခရိုင် ပကဖ၊ မိုးကုတ်မြို့နယ် ပကဖ၊ မတ္တရာမြို့နယ် ပကဖ၊ စဉ့်ကူး ပကဖ၊ သပိတ်ကျင်း ပကဖ နှင့် သက်ဆိုင်ရာ ပကဖအဖွဲ့များ ပါဝင်တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၄ ဇူလိုင် ၉ ရက်၌ ထုတ်ပြန်ထားသည်။
၂၀၂၅ တွင် စစ်ကိုင်းတိုင်း၌ စစ်ဆင်ရေး အရှိန်အဟုန်မြှင့် ဖော်ဆောင်ရန် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က တပ်မဟာအသစ်တခု ဖွဲ့စည်းခဲ့သလို ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးတွင် ပါဝင်ခဲ့သော ဗမာပြည်လွတ်မြောက်ရေးတပ်မ တော် (BPLA)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နှင့် ကျောင်းသားလက်ရုံးတပ်တော် (SAF) တို့ကလည်း စစ်အာဏာရှင် အမြစ်ပြတ်တိုက်ထုတ်ရေး စစ်ရေးအရ အရေးပါသည့် အညာဒေသတွင်း စစ်ရေးတိုးမြှင့်ဖော်ဆောင် သွားမည်ဟု အသီးသီးထုတ်ပြန်ထားသည်။
You may also like these stories:
တော်လှန်ရေးတပ်များ လက်နက်ချရန် စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် တောင်းဆို
အမ်းလည်း ပေးရ၊ ဂွလည်း ကျရတဲ့ စစ်ကောင်စီ
၂၀၂၅ တွင် တွေ့ရမည့် အနောက်ဘက် စစ်မျက်နှာ