တိုင်းရင်းသားပြည်နယ်တွေမှာ နယ်မြေအများအပြား ဆုံးရှုံးပြီးနောက် ဧရာဝတီနဲ့ မကွေးတိုင်းမှာ တော်လှန်ရေးအင်အားစုရဲ့ တိုက်ခိုက်မှုတွေ ခံနေရတဲ့ စစ်ကောင်စီရဲ့ ခေါင်းဆောင် မင်းအောင်လှိုင်က ဒီမိုကရေစီနဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ အုပ်စုတွေ လက်နက်ကိုင် တောင်းဆိုတာတွေကို အလျှော့ပေးမှာ မဟုတ်ဘူးလို့ ကြေညာလိုက်ပါတယ်။
ဇန်နဝါရီလ ၄ ရက်နေ့က လွတ်လပ်ရေးနေ့ သဝဏ်လွှာမှာ စစ်ခေါင်ဆောင်က အဲဒီ သတိပေးချက်ကို ဖော်ပြပြီး တော်လှန်ရေးအင်အားစုတွေ လက်နက်ကိုင်တိုက်ပွဲ စွန့်လွှတ်ဖို့ ပြောတာပါ။
အဲဒီလို အတင့်ရဲရဲ သတိပေးပေမယ့် အာရက္ခတပ်တော် (AA) က ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ ခုအနက် ၁၄ ခုကို သိမ်းပိုက်ထားလို့ သူ့ရဲ့စစ်ကောင်စီဟာ ရခိုင်ပြည်နယ်က မြို့နယ် သုံးခုနဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို လွန်ခဲ့တဲ့လက ဆုံးရှုံးခဲ့ပါတယ်။ စစ်ကောင်စီဟာ ရှမ်းပြည်နယ်မြောက်ပိုင်း တခုလုံးနီးပါးကိုလည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေဆီကို လက်လွှတ်ဆုံးရှုံးထားပါတယ်။
ရခိုင်ပြည်နယ်က ရှုံးနိမ့်မှုတွေကြောင့် အနီးက ဧရာဝတီနဲ့ မကွေးတိုင်းတွေဟာလည်း အကာအကွယ် မဲ့သွားစေပြီး စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်း ဧရာဝတီတိုင်းကို သွားပြီး စစ်ကောင်စီတပ်တွေကို သတိပေး နှိုးဆော်ရပါတယ်။
စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ အသင့်ရှိတယ်လို့ AA က လွန်ခဲ့တဲ့ အပတ်က ကြေညာပြီးနောက် မင်းအောင်လှိုင်က သတိပေးချက် ထုတ်ပြန်တာ ဖြစ်ပါတယ်။ ဒါပေမယ့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အဓိပ္ပာယ်မရှိတဲ့ ခြိမ်းခြောက်မှုကို ထုတ်ပြန်တာလို့ ဝေဖန်သူတွေက ပြောပါတယ်။
ရှမ်းမြောက်မှာ ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို ပြန်လည် ထိုးစစ်မဆင်နိုင်သလို ရခိုင်၊ ချင်း၊ ကချင်နဲ့ ကရင်ပြည်က မြို့တွေ၊ အခြေစိုက်စခန်းတွေလည်း လက်လွတ် ဆုံးရှုံးနေပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေဟာ မြို့နယ်ပေါင်း ၃၃၀ အနက် ၁၄၄ မြို့ကို အပြည့်အဝဖြစ်စေ၊ တစိတ်တပိုင်းဖြစ်စေ ထိန်းချုပ်ထားပြီး စစ်ကောင်စီလက်မှာ ၁၀၇ မြို့နယ်ပဲ ကျန်တော့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဇန်နဝါရီလ ၄ ရက်နေ့မှာ ကြေညာပါတယ်။
တချိန်တည်းမှာပဲ စစ်ကောင်စီ စစ်သားနဲ့ရဲ ၁၅,၀၀၀ နီးပါးဟာ အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု (CDM) ဘက်ကို ပြောင်းလာပြီး ၄၈၀ ကျော်က တော်လှန်ရေးတာဝန်တွေ ထမ်းဆောင်နေတယ်လို့ NUG က ပြောပါတယ်။
မင်းအောင်လှိုင်ဟာ စိတ်ဓာတ်ကျဆင်းနေတဲ့ သူ့စစ်သားတွေကို စိတ်ဓာတ်မြှင့်တင်ပေးဖို့ လွန်ခဲ့တဲ့လက ရခိုင်ပြည်နယ်မှာ သေဆုံးတဲ့ မောင်တောက အမှတ် ၂၂ ခြေမြန်တပ်မမှူး ဗိုလ်မှူးကြီး အောင်နိုင်မျိုးနဲ့ အမ်းက အမှတ် ၂ စစ်ဆေးရုံတပ်မှူး ဗိုလ်မှူးကြီး ထွန်းထွန်းဝင်းတို့လို အရာရှိ နှစ်ဦးကို တမလွန်ရောက်မှ ရာထူးတက်ပေးခြင်း အပါအဝင် စစ်ဘက်ဆိုင်ရာ ဆုတံဆိပ်တွေ လွတ်လပ်ရေးနေ့မှာ ပေးရပါတယ်။
အဲဒီမြို့ နှစ်မြို့ အဝိုင်းခံထားရပြီး စစ်ကောင်စီ စစ်သားတွေ ရေတောင် သောက်စရာမရှိတဲ့ အချိန်မှာ မင်းအောင်လှိုင်က နေပြည်တော်မှာ အမျိုးသား အားကစားပွဲတော် ကျင်းပနေပါတယ်။ သူ့ရဲ့ လုပ်ရပ်တွေကြောင့် စစ်တပ်ထောက်ခံသူတွေကတောင် သူ့ကို ဝေဖန်ပြီး သူ့အနေနဲ့ အဝိုင်းခံထားရတဲ့ တပ်တွေကို ရိက္ခာထောက်ပံ့ဖို့ နည်းလမ်းရှာသင့်တယ်လို့ ပြောကြပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က ကွယ်လွန်သူ ဥက္ကဋ္ဌဟောင်း ဦးခွန်ထွန်းဦး၊ လက်ရှိခေါင်းဆောင် ဦးစိုင်းညွန့်လွင်နဲ့ မွန်တိုင်းရင်းသား ခေါင်းဆောင်တွေ အပါအဝင် လူ ၂၄၉ ဦးကို လူမှုထူးချွန်တံဆိပ်တွေလည်း ပေးခဲ့ပါတယ်။
ဒုက္ခရောက်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တခြား တိုင်းရင်းသားခေါင်းဆောင်တွေဟာ ပြည်ထောင်စု ပြိုကွဲအောင် လုပ်နေတယ်လို့လည်း သူ့ရဲ့နှစ်သစ်ကူးမိန့်ခွန်းမှာ စွပ်စွဲလိုက်ပါသေးတယ်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta Boss Warns Resistance as Regime Loses Ground Nationwide ကို ဘာသာပြန်သည်။)
You may also like these stories:
KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်
မင်းအောင်လှိုင်ရှိနေတဲ့နေရာထိ လိုက်ရှာချေမှုန်းဖို့ မှန်းထားတယ် (ရုပ်/သံ)
မင်းအောင်လှိုင်အတွက် ICC ဖမ်းဝရမ်း ဘောင်ကျဉ်းလွန်းပြီး အလွန်နောက်ကျ
မင်းအောင်လှိုင်ကို အသက်ဆက်ပေးလိုက်တဲ့ တရုတ် ဆေးမြီးတို စွမ်းမလား (ရုပ်/သံ)