၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် တောင်ကုတ်၊ ဒီဇင်ဘာလ ၂၀ ရက်တွင် အမ်း စစ်ဌာနချုပ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ဂွမြို့နှင့် ငသိုင်းချောင်းကြားရှိ တောင်ကြားလမ်းတို့ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက် ဖြတ်တောက်ခဲ့ပြီး ရခိုင်ရိုးမတကြောကို စိုးမိုးခဲ့၏။
ထို့အတူ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ တွင် မင်းတပ်မြို့၊ ဒီဇင်ဘာလ ၂၂ တွင် ကန်ပက်လက်တို့ကို ချင်းညီနောင်အဖွဲ့ (CB) က သိမ်းပိုက်ခဲ့သည်။ ကန်ပက်လက် တောင်ပိုင်းရှိ ကျင်ဒွေးကိုလည်း ချင်းညီနောင်အဖွဲ့က ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့ကတည်းက တိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်ရာ ချင်းပြည်နယ် တောင်ပိုင်းတခုလုံးကိုလည်း ချင်းညီနောင်အဖွဲ့က စိုးမိုးခဲ့၏။
ဤသို့ ထိုးစစ်ဆင် တိုက်ခိုက်မှုများသည် တိုက်ဆိုင်မှု ဟုတ်ပုံမရပေ။ စစ်ဆင်ရေး ပြုလုပ်ခဲ့ကြသည့် AA နှင့် ချင်းညီနောင်တပ်တို့မှာ မဟာမိတ်များဖြစ်ကြရာ စနစ်တကျ စစ်ရေးစီမံကိန်းဆွဲ၍ အကောင်အထည် ဖော်ခဲ့ကြပုံရ၏။
အဆိုပါ စစ်ဆင်ရေးအောင်မြင်မှုကြောင့် ချင်းတောင်ပိုင်းမှ ရခိုင်ရိုးမတောင်ပိုင်းအထိ စစ်ကောင်စီ ချုပ်ကိုင်ထားသည် ဧရာဝတီမြစ်အနောက်ခြမ်း ဒေသများကို ခြိမ်းခြောက်ခဲ့ပြီဖြစ်သည်ကို တွေ့မြင်ရ၏။
ထိုဒေသများတွင် စစ်တပ်ဌာနချုပ်များ၊ စစ်စခန်းများသာမက ငွေစက္ကူရိုက်နှိပ်သည့် ဝါဇီစက်ရုံနှင့် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) ၁၆ ခု ရှိသည်။ စစ်တပ်အတွက် ခဲယမ်းမီးကျောက် ရေသောက်မြစ်ဖြစ်သကဲ့သို့ ဘဏ္ဍာရေး ငွေကြေးလည်ပတ်မှုအတွက် အရေးပါသည့်ဒေသ ဖြစ်၏။
ချင်းပြည်နယ်တောင်ပိုင်းမှ ရခိုင်ရိုးမ တလျှောက်သည် ရှည်လျားသော စစ်မျက်နှာဖြစ်ပြီး ထိုတောင်တန်းများနှင့် ဧရာဝတီမြစ်ကြားသည် ရှည်လျားကျယ်ပြန့်သော စစ်မျက်နှာသစ်ဖြစ်၏။
ချင်းပြည်နယ်တောင်ပိုင်းမှ ရခိုင်ရိုးမ တလျှောက်သည် ရှည်လျားသော စစ်မျက်နှာဖြစ်ပြီး ထိုတောင်တန်းများနှင့် ဧရာဝတီမြစ်ကြားသည် ရှည်လျားကျယ်ပြန့်သော စစ်မျက်နှာသစ်ဖြစ်၏။
ထိုစစ်မျက်နှာတလျှောက် AA, ချင်းညီနောင်တပ်ဖွဲ့များ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ခံ မကွေး PDF, မင်းဘူး PDF, စစ်ကိုင်း PDF နှင့် ဧရာဝတီ PDF တို့အပြင် MOD လက်အောက်ခံ မဟုတ်သည့် ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO / PIA)၊ လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA) မကွေး၊ အရှိုချင်း PDF, ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (PLF) တို့အပြင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA) တပ်လည်း ဝင်ရောက်လာပြီ ဖြစ်၏။
![](https://burma.irrawaddy.com/wp-content/uploads/2025/01/Westwarface5Jan252.jpg)
စစ်ကိုင်းအထက်ပိုင်း စစ်မျက်နှာတွင် စစ်ဆင်ရေးများကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ဦးဆောင်သကဲ့သို့ အနောက်ဘက် စစ်မျက်နှာကို AA က ဦးဆောင်မည့်ပုံရ၏။ AA နှင့် ချင်းညီနောင်တပ်ဖွဲ့များ အတွက်ဆိုလျှင် ထိုဒေသများကို စစ်မျက်နှာဖွင့်လိုက်ပါက ၎င်းတို့ဒေသများပါ လုံခြုံစိတ်ချသွားမည် ဖြစ်သည့်အပြင် စစ်ကောင်စီ၏ အရင်းအမြစ်များအား ချိနဲ့အောင် ထိုးနှက်နိုင်မည်ဖြစ်၏။
ထိုဒေသများတွင် စစ်မျက်နှာဖွင့်ပါက AA နှင့် ချင်းညီနောင်တပ်ဖွဲ့များ သက်သက်မဟုတ်ဘဲ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များ၏ ပူးပေါင်းမှုကိုလည်း ရမည်ဖြစ်၏။
ချင်းညီနောင်အဖို့ပြောရလျှင် မတူပီ၊ ပလက်ဝတို့ကိုပါ သိမ်းထားပြီးဖြစ်၍ နောက်ကြောင်းလုံပြီဖြစ်ရာ ရန်သူ၏ ထိုးစစ်ကို အိမ်ကထိုင်စောင့်၍ အကျိုးမရှိပေ။ AA အဖို့ဆိုလျှင် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်တို့ကို တိုက်ခိုက်သိမ်းပိုက်ရန် လိုအပ်နေသေးသော်လည်း သူ၏ စစ်အင်အား အားလုံးသုံးရန် မလိုအပ်ပေ။
၎င်းမြို့သုံးမြို့အား တိုက်ရန် အင်အားတဝက်ခန့်ပင် သုံးရန် မလိုအပ်ရာ ၎င်းတို့ လွတ်မြောက်ပြီးဒေသ လုံခြုံရေးနှင့် စစ်တပ်၏ အရင်းအမြစ်များကို ချေမှုန်းပြီး စစ်တပ်အင်အား ချိနဲ့သွားစေရန် အနောက်ဘက် စစ်မျက်နှာ ဖွင့်လှစ်မည့်အရေးအား ဦးစီးဆောင်ရွက်မည်ဟု ခန့်မှန်းသုံးသပ်ရ၏။
အနောက်ဘက် စစ်မျက်နှာသည် ယောနယ်၊ ပခုက္ကူ၊ မင်းဘူး၊ ပန်းတောင်း၊ ဧရာဝတီတိုင်းအထိ ကျယ်ပြန့်သည့် စစ်မျက်နှာဖြစ်၏။ ချင်းပြည်တောင်ပိုင်း၊ ရခိုင်ရိုးမနှင့် ဧရာဝတီမြစ်ကြားဖြစ်၏။ ဂန့်ဂေါခရိုင်၊ ပခုက္ကူခရိုင်၊ မင်းဘူးခရိုင်၊ သရက်ခရိုင်၊ ပြည်ခရိုင်နှင့် ဧရာဝတီတိုင်းတို့ ပါဝင်သည်။ အနောက်ဘက် စစ်မျက်နှာတွင် မြောက်မှ တောင်သို့ စစ်နယ်မြေ လေးခုပါဝင်သည်။
၁။ ယောဒေသ၊ ပခုက္ကူဒေသ စစ်နယ်မြေ
၂။ မင်းဘူး စစ်နယ်မြေ
၃။ ပန်းတောင်း စစ်နယ်မြေ
၄။ ဧရာဝတီ စစ်နယ်မြေတို့ ဖြစ်သည်။
၁။ ယောဒေသ၊ ပခုက္ကူဒေသ စစ်နယ်မြေ
ချင်းပြည်တောင်ပိုင်းမှ အရှေ့ဘက်သို့ ထိုးဆင်းလာပါက တွေ့ရမည်မှာ ယောဒေသ စစ်မျက်နှာဖြစ်၏။ ယောနယ်တွင် PDF များ အားကောင်းပြီး မင်းတပ်၊ ကန်ပက်လက်တို့မှ CDF များနှင့် ကူးလူးဆက်ဆံမှု ကောင်း၏။
ယောနယ်တွင် စစ်ကောင်စီတပ်သည် မြို့များနှင့် ပျူစောထီးရွာများမှအပ လှုပ်ရှားစိုးမိုးနိုင်စွမ်း မရှိပေ။
ကန်ပက်လက်မှ ဆုတ်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဆောမြို့တွင်လည်းကောင်း၊ မင်းတပ်မှ ဆုတ်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျောက်ထုတွင်လည်းကောင်း ပူးပေါင်းကြ၏။ ယောနယ်ဟုဆိုကြသည့် မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်းရှိ ဆော၊ ကျောက်ထု၊ ဂန့်ဂေါ၊ ထီးလင်းမြို့များရှိ တပ်များဖြင့် ပေါင်း၍ ခံစစ်ပြင်ဆင်နေခြင်းဖြစ်သည်။
ဂန့်ဂေါမြို့နယ်တွင် ခလရ ၅၀ တပ်ရင်း၊ အမှတ် (၃၇၁) အမြောက်တပ်ရင်း (အမတ ၃၇၁)၊ မြောက်ခင်ရန်းကျေးရွာ၌ လက်နက်ကြီးအထိုင်စခန်းနှင့် အနီးရှိ ပျူစောထီးကျေးရွာ ၁၀ ရွာခန့်တွင် ပျူစောထီး၊ စစ်တပ်နှင့်ရဲတို့ ပူးပေါင်းစခန်းထိုင်ထား၏။
ထီးလင်းမြို့နယ်တွင် မြို့ပေါ်ရဲစခန်းနှင့် ရေမျက်နီရဲစခန်း၊ ဆောမြို့ပေါ်၌ ရဲစခန်းတခုနှင့် လောင်းရှည်၌ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၅)၊ ကျောက်ထုမြို့နယ်ခွဲတွင် အမှတ် (၃၆၈) အမြောက်တပ်ရင်း(အမတ ၃၆၈) တို့ရှိ၏။
![](https://burma.irrawaddy.com/wp-content/uploads/2025/01/Westwarface5Jan253.jpeg)
ဂန့်ဂေါနှင့် ပုလဲ ကားလမ်းပေါ်ရှိ ကျောမြို့တွင် ကပစ ၂၃၊ ပေါက်မြို့တွင် ကပစ ၂၄ တို့ရှိပြီး ယောဒေသတွင် ကျန်ရှိသည့် ကျေးရွာများအား ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက စိုးမိုးထားသည်။ ကျောက်ထုတွင် လေယာဉ်ကွင်းရှိပြီး စစ်တပ်ထောက်ပို့လေယာဉ်ဖြင့် လက်နက်ခဲယမ်းနှင့် ရိက္ခာထုပ်များအား လေယာဉ်ဖြင့် လာရောက် ထောက်ပို့သည်ကို တွေ့ရသည်။
ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မှ ကျောက်ထုသို့၊ ကန်ပက်လက်မှ ဆောသို့၊ ကျင်ဒွေးမှ လောင်းရှည်သို့ မိုင် ၂၀ ဝန်းကျင်ခန့်သာရှိပြီး ယောနယ်ရှိ ဒေသခံတပ်ဖွဲ့များလည်း အင်အားတောင့်တင်း၏။
ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မှ ကျောက်ထုသို့၊ ကန်ပက်လက်မှ ဆောသို့၊ ကျင်ဒွေးမှ လောင်းရှည်သို့ မိုင် ၂၀ ဝန်းကျင်ခန့်သာရှိပြီး ယောနယ်ရှိ ဒေသခံတပ်ဖွဲ့များလည်း အင်အားတောင့်တင်း၏။
တော်လှန်ရေးအင်အားစုများက ပထမအဆင့် ယောနယ်နှင့် ပုံတောင်ပုံညာကို ထိန်းချုပ်နိုင်ပါက စစ်ကောင်စီ၏ ဒုတိယအဆင့်ခံစစ်ကြောင်းသည် ပခုက္ကူဒေသဖြစ်၏။ ပခုက္ကူခရိုင်အတွင်းရှိ ဒေသခံ တော်လှန်ရေးအင်အားစုများ အားကောင်းသည့် ပခုက္ကူမြို့နယ်၊ မြိုင်မြို့နယ်၊ ပေါက်မြို့နယ်၊ ဆိပ်ဖြူမြို့နယ်၊ ရေစကြိုမြို့နယ်တို့ကို ခြိမ်းခြောက်နိုင်ပြီဖြစ်၏။
ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကပစ ၂၁၊ ကပစ ၂၂ နှင့် ဝါဇီငွေစက္ကူစက်ရုံ စသည့် စစ်ကောင်စီ၏ စစ်လက်နက်ခဲယမ်းနှင့် ဘဏ္ဍာရေးဆိုင်ရာ အရင်းအမြစ်များကို ခြိမ်းခြောက်နိုင်မည်။ ထို့ပြင် အမ်းတောင်ကြားမှ ဆင်းလာပြီး မင်းဘူးနယ်တွင် လှုပ်ရှားမည့် AA, ပူးပေါင်းတပ်ဖွဲ့များနှင့် ဆက်စပ်နိုင်မည်ဖြစ်၏။
ပခုက္ကူတွင် စစ်ကောင်စီတပ်မှ တပ်မ ၁၀၁ အခြေစိုက်ပြီး ပခုက္ကူတွင် ခလရ ၂၅၁၊ ခလရ ၂၅၂၊ ခလရ ၂၅၉၊ ခလရ ၂၃၅၊ ရေစကြိုတွင် ခလရ ၂၅၆၊ ခလရ ၂၅၇၊ ခလရ ၂၅၈၊ စလင်းတွင် ခလရ ၂၅၃၊ ခလရ ၂၅၄၊ ခလရ ၂၅၅ တို့ အခြေစိုက်၏။
တပ်မ ၁၀၁ သည် ဧရာဝတီအနောက်ခြမ်းတွင် အခြေစိုက်သည့် တခုတည်းသော တပ်မဖြစ်သည်။ သို့သော် ၂၀၂၃ ခုနှစ်တွင် ရှမ်းမြောက် နမ့်ဆန်နှင့် ၂၀၂၄ ခုနှစ်တွင် ရခိုင် သံတွဲ၌ အထိနာထားပြီး ဦးကျိုးနေသည့် တပ်မဖြစ်၏။
၂။ မင်းဘူး စစ်နယ်မြေ
အမ်း စစ်ဌာနချုပ်အား AA က သိမ်းပိုက်ပြီးသည့်နောက် စစ်တပ်သည် အမ်းနှင့် မိုင် ၂၀ ဝန်းကျင်ခန့် အကွာတွင် ရှိကြသည့် တောင်စောက်ဂိတ်၊ ကန့်မြင့်ဂိတ်၊ တရုတ်ပိုက်လိုင်း ထပ်ဆင့်တွန်းစက်၊ နတ်ရေကန် တဝိုက်တွင် ခံစစ်ပြင်လျက်ရှိ၏။ မင်းဘူး၊ ပဒါန်းနှင့် အမ်းကြားတွင် ပထမအဆင့် ခံစစ်ပြင်ထားခြင်းဖြစ်သည်။
ပဒါန်းတွင် အမှတ် (၉၀၅) အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (မစခ ၉၀၅) နှင့် အမတ ၃၇၅၊ အမတ ၄၀၉၊ အမတ ၆၀၉ တို့ အခြေစိုက်၏။ ပဒါန်း၏ မြောက်ဘက် ငဖဲတွင် ကပစ ၁၄၊ စေတုတ္ထရာတွင် ကပစ ၂၀ တို့ အခြေစိုက်သည်။ ယခုအခါ စစ်တပ်သည် ပဒါန်းတွင် ဒုတိယအဆင့် ခံစစ်ပြင်နေသည်။
မင်းဘူး၌ ခလရ ၈၈ (အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် – လပခ လက်အောက်ခံ ) စကု၌ ခမရ ၁၀ (တပ်မ ၈၈ လက်အောက်ခံ) နှင့် အမှတ် (၂၀၂၀) လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း (လကတ ၂၀၂၀) အခြေပြု၏။ ဧရာဝတီအရှေ့ခြမ်း မင်းဘူး တဖက်ကမ်း မကွေးတွင် တပ်မ ၈၈ ဌာနချုပ်နှင့် ခမရ ၃၀၁၊ ခမရ ၃၁၇ တို့နှင့် လေတပ်စခန်းရှိပြီး တတိယ ခံစစ်ကြောင်းဖြစ်၏။
ထို့ပြင် ဧရာဝတီအနောက်ခြမ်း မင်းဘူးမှ သရက်အထိ ဧရာဝတီမြစ်ရိုးတလျှောက်၌ အထက်မင်းလှ – ကုန်းကြီး တွင် ကပစ ၁၀၊ မလွန်တွင် ကပစ ၂၊ ပိတောက်ကန်တွင် ကပစ ၁၃၊ သရက်တွင် ကပစ ၁၂ နှင့် ခလရ ၄၄ (လပခ လက်အောက်ခံ) တို့ ရှိ၏။
ဤစစ်မျက်နှာတွင် AA နှင့် ပူးပေါင်းအင်အားများဖြစ်ကြသည့် SAF, PRA မကွေး၊ PIO/PIA, အရှိုချင်း PDF နှင့် မင်းဘူးခရိုင် PDF တပ်ရင်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) များ ရှိကြ၏။ ထို့ပြင် တော်လှန်ရေးအင်အားစုများသည် မင်းဘူး – ပဒါန်း၊ အမ်း ကားလမ်းတိုင်းသာမက စေတုတ္တရာ၊ ငဖဲမှသည် သရက်၊ မင်းတုန်းအထိ ရခိုင်ရိုးမတကြောမှ ဖြန့်ကြက်၍ ဝင်ရောက်နိုင်၏။
၃။ ပန်းတောင်း စစ်နယ်မြေ
တောင်ကုတ် ကျသွားပြီးနောက် တောင်ကုတ်တောင်ကြားလမ်း ပွင့်သွား၏။ စကခ ၅ မှ ထွက်ပြေးလာသည့် စကခ ၅ မှူးနှင့် စစ်ကောင်စီတပ်သည် တောင်ကုတ် တောင်ကြားလမ်းပေါ်ရှိ ညောင်ကျိုးနှင့် တလျှောက် ခံစစ်ပြင်နေပြီး AA က နောက်မှ လိုက်တိုက်နေသည်။
ဤစစ်နယ်တွင် ထုံးဘို၌ ကပစ ၅၊ ကပစ ၉၊ ကပစ ၁၆၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး (ကကထုတ်) သင်တန်းကျောင်း၊ အမှတ် (၃၀၃၄) လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း (လကတ ၃၀၃၄)၊ ဥသျှစ်ပင်၌ အမတ ၆၀၁၊ ညောင်ခြေထောက်၌ ကပစ ၆၊ ဆင်တဲ၌ ကပစ ၃၊ ပန်းတောင်း၌ ခလရ ၉၂ (ပြည် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် – ဒကစ လက်အောက်ခံ) တို့ အခြေပြု၏။
ပန်းတောင်း စစ်မျက်နှာသည် ရခိုင်ရိုးမနှင့် ဧရာဝတီမြစ်ကြား ကျဉ်းမြောင်းသည်။ တောင်ကုတ် တောင်ကြားလမ်းပေါ်ရှိ ညောင်ကျိုးတဝိုက်ကိုသာ AA ထိန်းချုပ်နိုင်ပါက ညောင်ခြေထောက်၊ ဥသျှစ်ပင်၊ ဆင်တဲ၊ ထုံးဘို အားလုံး ခြိမ်းခြောက်ခံရပြီဖြစ်၏။
ပန်းတောင်း စစ်မျက်နှာသည် ရခိုင်ရိုးမနှင့် ဧရာဝတီမြစ်ကြား ကျဉ်းမြောင်းသည်။ တောင်ကုတ် တောင်ကြားလမ်းပေါ်ရှိ ညောင်ကျိုးတဝိုက်ကိုသာ AA ထိန်းချုပ်နိုင်ပါက ညောင်ခြေထောက်၊ ဥသျှစ်ပင်၊ ဆင်တဲ၊ ထုံးဘို အားလုံး ခြိမ်းခြောက်ခံရပြီဖြစ်၏။
ပြည် ဒကစ ကလည်း တပ်ရင်း လေးရင်းသာ ရှိရာ အားအနည်းဆုံး ဒကစ ဖြစ်၏။ ပြည်ရှိ အင်းမတွင် တပ်မ ၆၆ အခြေစိုက်သော်လည်း ထိုတပ်မသည် ကရင်နီ၌ အထိနာနေ၏။ သို့ဖြစ်ရာ ယခုအခါ ဧရာဝတီ အနောက်ဘက်ခြမ်းရှိ ကပစ စက်ရုံများမှ အရေးကြီးပစ္စည်းများကို ပြည်မြို့ဘက်ခြမ်းသို့ ပြောင်းရွှေ့နေပြီး ပြည်မြို့၊ မင်းကြီးတောင်တွင် စစ်ကောင်စီ ခံစစ်ပြင်နေသည်ကို တွေ့ရ၏။
၄။ ဧရာဝတီ စစ်နယ်မြေ
ဂွမြို့ကို သိမ်းပိုက်ပြီး ရခိုင်ရိုးမကို ထိန်းချုပ်နိုင်ပါက ဧရာဝတီစစ်မျက်နှာ ပွင့်သွားပြီဖြစ်၏။ ဂွ၊ ငသိုင်းချောင်း ကားလမ်း၊ ဂွနှင့် ချောင်းသာ ကားလမ်းတလျှောက်၌ စစ်ကောင်စီက ခံစစ်ပြင်နေသော်လည်း AA နှင့် တော်လှန်ရေးအင်အားစုများသည် ကြံခင်း၊ မြန်အောင်၊ အင်္ဂပူ၊ လေးမျက်နှာ၊ ငသိုင်းချောင်း၊ သာပေါင်းမှသည် ငရုတ်ကောင်းအထိ ရခိုင်ရိုးမတလျှောက် မည်သည့်နေရာမှမဆို ထိုးဖောက်ဝင်ရောက်နိုင်သည်။
AA နှင့်အတူ ဧရာဝတီတိုင်းမှ PDF တပ်ရင်းများ၊ အခြား ဧရာဝတီတိုင်းမှ တော်လှန်ရေးအင်အားစုဖြစ်သည့် ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (PLF) တို့ အတူတွဲ၍ လှုပ်ရှားနေသည်ကို တွေ့ရသည်။
ဧရာဝတီတိုင်းမြို့တော် ပုသိမ်၌ အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) နှင့် လက်ရုံးတပ်ဖွဲ့များ၊ ခလရ ၃၈၊ ခလရ ၂၇၁ တို့ အခြေပြု၏။
ထို့ပြင် ဟင်္သာတ၌ ခလရ ၁၈၊ မအူပင်၌ ခလရ ၂၇၊ ကျုံပျော်၌ ခလရ ၃၆၊ မြန်အောင်၌ ခလရ ၅၁၊ အိမ်မဲ၌ ခလရ ၆၃၊ မြောင်းမြ၌ ခလရ ၉၃၊ ဖျာပုံ၌ ခလရ ၉၈၊ သာပေါင်း၌ ခမရ ၃၀၈၊ မော်လမြိုင်ကျွန်း၌ ခမရ ၅၃၄ အခြေပြုပြီး စုစုပေါင်း နတခ လက်အောက်ခံတပ်ရင်း ၁၁ ရင်းရှိ၏။ သို့သော် နတခ လက်အောက်ခံ ခလရ ၃၆၊ ခလရ ၃၈၊ ခလရ ၉၃၊ ခလရ ၂၇၁ နှင့် ခမရ ၃၀၈ တို့သည် လောလောဆယ် ဂွမြို့သိမ်းတိုက်ပွဲတွင် အကျအဆုံးများပြီး အထိနာနေသော တပ်များဖြစ်၏။
တိုင်းတပ်များအပြင် ဓနုဖြူ၌ ခမရ ၁၀၈ (တပ်မ ၆၆ လက်အောက်ခံ)၊ ငသိုင်းချောင်းအနီး မြောက်စမ်း၌ အမတ ၃၄၄၊ တကုန်းကြီးတို့၌ အမတ ၅၀၅ တို့ အခြေပြုသည်။
နတခ တိုင်းစစ်ဌာနချုပ်အတွင် PDF လှုပ်ရှားမှုများကို ယခင်ကတည်းက တွေ့ရပြီး ရခိုင်ရိုးမတကြော စစ်ကောင်စီက မပြတ်ရှင်းလင်းနေ၍ လှုပ်ရှားရန် ခွင့်မသာသော်လည်း AA က ရခိုင်ရိုးမကို ချုပ်ကိုင်ပြီးသောအခါ PDF တို့ လှုပ်ရှားရန် အခွင့်သာလာပြီဖြစ်ပြီး ဧရာဝတီတိုင်းတွင် PDF တို့ အားကောင်းမောင်းသန်ဖြင့် ထိုးဖောက်လာနိုင်တော့မည် ဖြစ်၏။
စစ်တပ်ကလည်း ဤအခြေအနေကို တွက်ချက်ထားပြီး ပိတ်ဆို့ရန် ကြိုးပမ်းအားထုတ်နေခြင်း၊ ဧရာဝတီတိုင်း၌ ရဟတ်ယာဉ်ကွင်းများ အရေးပေါ် ဖောက်လုပ်နေခြင်းတို့ကို တွေ့ရ၏။ ထို့ပြင် ဧရာဝတီတိုင်းမှ ပဲခူးတိုင်းသို့ ဖြတ်သန်းသည့် ဗျူဟာကျသော လမ်းကြောင်းဖြစ်သည့် ဟင်္သာတ၊ သာရဝေါမှ လက်ပံတန်းသို့ ဖြတ်သန်းသည့် လမ်းကြောင်းကိုလည်း စတင် ပိတ်ဆို့ စစ်ဆေးနေသည်ကို တွေ့ရ၏။
အနောက်ဘက် စစ်မျက်နှာ
အနောက်ဘက် စစ်မျက်နှာရှိ စစ်နယ်မြေ လေးခုတွင် တိုင်းစစ်ဌာနချုပ်တခု၊ ခြေမြန်တပ်မဌာနချုပ်တခု၊ အမြောက်စစ်ဆင်ရေးနှင့် ကွပ်ကဲမှုဌာနချုပ်တခု၊ ကပစ စက်ရုံ ၁၆ ခုနှင့် မြန်မာပြည်၏ တခုတည်းသော ငွေစက္ကူစက်ရုံရှိ၏။
၁၉၆၈ ခုနှစ်က အရှေ့မြောက်တွင် ပေါ်ပေါက်ခဲ့သည့် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) နှင့် တရုတ်၏ ရန်ကြောင့် မြန်မာစစ်တပ်အတွက် လုံခြုံစိတ်ချသောဒေသအဖြစ် သတ်မှတ်ထားခဲ့သည့် အနောက်ဘက် စစ်မျက်နှာတွင် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) အများစုနှင့် ငွေစက္ကူစက်ရုံများကို အောက်ပါအတိုင်း တွေ့ရ၏။
ယောနယ်နှင့် ပခုက္ကူ စစ်နယ်မြေ
၁။ ကပစ ၂၁- ဆိပ်ဖြူ
၂။ ကပစ ၂၂- ဆိပ်ဖြူ
၃။ ကပစ ၂၃- ကျော
၄။ ကပစ ၂၄- ပေါက်
၅။ ကပစ ၂၅- လောင်းရှည်
၆။ ဝါဇီငွေစက္ကူစက်ရုံ- ဆိပ်ဖြူ
မင်းဘူး စစ်နယ်မြေ
၁။ ကပစ ၂- မလွန်
၂။ ကပစ ၁၀ အထက်မင်းလှ- ကုန်းကြီး
၃။ ကပစ ၁၂- သရက်
၄။ ကပစ ၁၃ အထက်မင်းလှ- ပိတောက်ကန်
၅။ ကပစ ၁၄- ငဖဲ
၆။ ကပစ ၂၀- စေတုတ္ထရာ
ပန်းတောင်း စစ်နယ်မြေ
၁။ ကပစ ၃- ဆင်တဲ
၂။ ကပစ ၅- ထုံးဘို
၃။ ကပစ ၆- ညောင်ခြေထောက်
၄။ ကပစ ၉ ထုံးဘို- ကျောက်ဖူး
၅။ ကပစ ၁၆- ထုံးဘို
တပြည်လုံး အတိုင်းအတာအရ ကပစ စက်ရုံ ၂၅ ခု ရှိသည့်အနက် ကပစ စက်ရုံ ၁၆ ရုံနှင့် ငွေစက္ကူစက်ရုံကို ဧရာဝတီအနောက်ခြမ်း အနောက်ဘက် စစ်မျက်နှာတွင် တွေ့ရှိရ၏။
![](https://burma.irrawaddy.com/wp-content/uploads/2025/01/Westwarface5Jan254.jpeg)
၎င်းစက်ရုံများတွင် လက်နက်ငယ်များ၊ လက်နက်ငယ်ကျည်မျိုးစုံ၊ မော်တာကျည်မျိုးစုံ၊ လေယာဉ်ဗုံးသီးမျိုးစုံ၊ အာပီဂျီ လောင်ချာကျည်များ၊ တာဝေးပစ် ယာဉ်တင်ဒုံးများ စသည်ဖြင့် စစ်တပ်အတွက် အရေးပါသည့် လက်နက်ခဲယမ်းများ ထုတ်လုပ်သည်ဖြစ်ရာ ထို ကစပ စက်ရုံများ တိုက်ခိုက်ထိုးနှက်ခံရပါက စစ်ကောင်စီအတွက် အရှိုက်ကို မိမိရရ ထိုးနှက်နိုင်မည်ဖြစ်၏။
ထိုဒေသတွင် တပ်အင်အားလည်း အများအပြား အခြေစိုက်ထားခြင်း မရှိပေ။ တင့်ကားနှင့် သံချပ်ကာကား တပ်ရင်းဌာနချုပ်များပင် မရှိပေ။ ထို့ပြင် ထိုဒေသများရှိ တပ်မ ၁၀၁၊ တပ်မ ၈၈ တို့မှာ အခြား စစ်မြေပြင်များတွင် အထိနာလျက်ရှိ၏။
နတခမှ တပ်များမှာလည်း နယ်မြေအတွင်း တိုက်ပွဲ မရှိသေးသော်လည်း ရခိုင်တောင်ပိုင်း စစ်ဆင်ရေးတွင် အထိနာနေ၏။ ယခုအခါ အတင်းအကျပ် တပ်သားဆွဲထားပြီး အတွေ့အကြုံ မရှိသည့် တပ်သားသစ်များဖြင့် ဖြည့်တင်းနေသည်ကို တွေ့ရ၏။ တောက်လျှောက် စစ်ရှုံးနေ၍ တိုက်စိတ်ခိုက်စိတ် ကျဆင်းနေသကဲ့သို့ တိုက်ရည်ခိုက်ရည်လည်း မရှိကြပေ။
ချင်းပြည်မြောက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းမြောက်ရှိ တိုင်းရင်းသားတပ်ဖွဲ့များ၏ အောင်ပွဲကြောင့် စစ်ကိုင်းတိုင်းနှင့် မန္တလေးမြောက်ပိုင်းတို့တွင် အထောက်အကူဖြစ်သကဲ့သို့ ချင်းတောင်နှင့် ရခိုင်ရိုးမရှိ တိုင်းရင်းသားတပ်ဖွဲ့များ၏ အောင်ပွဲသည် မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတို့အား ကိုင်လှုပ်ပေဦးမည်။
ချင်းပြည်မြောက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းမြောက်ရှိ တိုင်းရင်းသားတပ်ဖွဲ့များ၏ အောင်ပွဲကြောင့် စစ်ကိုင်းတိုင်းနှင့် မန္တလေးမြောက်ပိုင်းတို့တွင် အထောက်အကူဖြစ်သကဲ့သို့ ချင်းတောင်နှင့် ရခိုင်ရိုးမရှိ တိုင်းရင်းသားတပ်ဖွဲ့များ၏ အောင်ပွဲသည် မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတို့အား ကိုင်လှုပ်ပေဦးမည်။
၂၀၂၅ နှစ်ဆန်းမှ စတင်တွေ့ရမည့် အနောက်ဘက် စစ်မျက်နှာသည် ၂၀၂၄ ခုနှစ် ရခိုင်နှင့် ချင်းတောင်ပိုင်း စစ်ရေးအောင်ပွဲများ ရလဒ်ဖြစ်၏။
AA ၏ စစ်ဘက်ဆိုင်ရာ မဟာဗျူဟာအမြင်နှင့် စစ်ရေးအရ ခေါင်းဆောင်နိုင်မှု၏ ရလဒ်လည်းဖြစ်၏။ အနောက်ဘက် စစ်မျက်နှာသည် ရှည်လျားကျယ်ပြန့်ပြီး တဆက်စပ်တည်းရှိသဖြင့် စစ်အင်အား မလုံလောက်သည့် စစ်ကောင်စီတပ်အနေဖြင့် တားဆီးပိတ်ဆို့ရန် မလွယ်ကူပေ။ အနောက်ဘက် စစ်မျက်နှာသည် ၂၀၂၅ ခုနှစ်တွင် မြန်မာပြည် စစ်ပွဲတခုလုံးအတွက် အလှည့်အပြောင်းဖြစ်လာမည်ဟု သုံးသပ်ရပေသည်။
(အေးချမ်းဆုသည် နိုင်ငံရေး၊ စစ်ရေး လေ့လာသူတဦး ဖြစ်သည်။)
You may also like these stories:
ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ
စစ်ကိုစစ်နဲ့တူအောင် တိုက်ချင်တယ် (ရုပ်/သံ)
ချင်းပြည်နယ်၏ ၈၅ ရာခိုင်နှုန်း တော်လှန်ရေးတပ်တို့ ထိန်းချုပ်ထား
ကျင်ဒွေးမှ ဆုတ်လာသည့် စစ်တပ်ကြောင့် ဒေသခံတို့ တိမ်းရှောင်ရ
ကျောက်တော်နှင့် ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီ ဗျူဟာကုန်းများ AA ဆက်လက်တိုက်ခိုက်နေ