၂၀၂၁ ခုနှစ် အာဏာသိမ်းခြင်းကို ဆန့်ကျင်ဆန္ဒပြခဲ့ကြရာတွင် အနုပညာရှင်များစွာလည်း ပြည်သူတို့နှင်အတူ ပါဝင်ရာ ရှမ်းတိုင်းရင်းသား မော်ဒယ်လ်သရုပ်ဆောင် ခါရာလည်း ပါဝင်ပြီး ဝန်ထမ်းများ CDM ပြုလုပ်ရန် လှုံ့ဆော်တိုက်တွန်းမှု ဖြင့် ဖမ်းဝရမ်းထုတ်ခံရသည့်အတွက် ၁၀ စုနှစ်တစုကြာ မော်ဒယ်လ်၊ သရုပ်ဆောင်အဖြစ် အောင်မြင်မှုရနေသော ခါရာမှာ အမိမြေကို စွန့်ခွာခဲ့ရသဖြင့် ဘဝတဆစ်ချိုးလည်း ပြောင်းလဲသွားခဲ့ရသည်။
သရုပ်ဆောင် ခါရာ၏ ဘဝ အပြောင်းအလဲ ဖြစ်ခဲ့ရပုံ၊ လက်ရှိ တော်လှန်ရေးအပေါ် ခံယူချက်၊ ရပ်တည်ချက်များနှင့် အတူ စစ်ကောင်စီအား ထောက်ခံနေသည့် အနုပညာရှင်များနှင့်ပတ်သက်သည့် သဘောထားများကို ဧရာဝတီက တွေ့ဆုံမေးမြန်းထားပါသည်။
မေး ။ ။ တော်လှန်ရေးခရီးကြမ်းကို ဘာကြောင့် ရွေးခဲ့တာလဲ။
ဖြေ။ ။ တော်လှန်ရေးခရီးကြမ်းဆိုတာတော့ ကြမ်းတာမကြမ်းတာပေါ် မူတည်ပြီးတော့ ဆုံးဖြတ်ခဲ့တာတော့ မဟုတ် ဘူးပေါ့။ မတရားမှုကို မလိုလားတဲ့ ပြည်သူတယောက်အနေနဲ့ပဲ ဒီတော်လှန်ရေးကို ဆက်ပြီးတော့ တော်လှန်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြီးက ပွင့်ပွင့်လင်းလင်း ရှင်းရှင်းလင်းလင်းပါပဲ။ ဘယ်ဟာက တရားတယ် မတရားဘူး လည်းဆိုတာ စဉ်းစားတတ်တယ်ဆိုရင်တော့ မြင်နိုင်တယ်လေ။ အဲဒါကိုမှ မျက်ကွယ်ပြုပြီးတော့မှ မတရားတဲ့ဘက်မှာ ဆက်ပြီးတော့ နေနေမယ်ဆိုရင် ကိုယ့်လိပ်ပြာ ကိုယ်မလုံတဲ့သူ ဖြစ်သွားရင် စိတ်ကျေနပ်မှုမရတဲ့သူတယောက် ဖြစ်သွားမှာပေါ့။ စိတ်ကျေနပ်မှုရချင်လို့ ဒီလမ်းကို ရွေးချယ်ဖြစ်တာပေါ့။
မေး ။ ။ ဒီတော်လှန်ရေးလမ်းခရီးကို ရွေးဖို့အတွက် သတ္တိက ဘယ်လိုဖြစ်လာတာလဲ။ ကိုယ်တိုင်က မြန်မာနိုင်ငံမှာ ဆိုရင် အောင်မြင်တဲ့လူတယောက် ဖြစ်တော့။
ဖြေ ။ ။ သတ္တိကတော့လေ ကျနော်ထင်တယ်၊ သတ္တိဆိုတဲ့ အဓိပ္ပာယ်က လူတိုင်းမှာ ကြောက်စိတ်ရှိတယ်။ ကြောက် စိတ်တွေရော မပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေရော တွေဝေနေတဲ့အရာ အကုန်လုံးကို ကျော်လွှားပြီးတော့ မှန်ကန်တဲ့ ဘက်မှာ ရပ်တည်ဖို့ ဆုံးဖြတ်လာတာ သတ္တိလို့ ထင်တယ်ပေါ့နော်။ လူတိုင်းက အကြောက်တရားရှိတာပဲ။ အဲဒီ အကြောက်တရားကိုကျော်သွားပြီးတော့မှ တဆင့် Beyond Fear Courage လို့ထင်တယ်။ အဲဒီလိုပဲ မတရားမှုကို မြင်နေရတဲ့အတိုင်း မျက်ကွယ်မပြုနိုင်ဘူး။ ကိုယ်ကိုယ်၌ကလည်း ကိုယ်ချင်းစာစိတ်ရှိတယ်၊ လွတ်လပ်ချင်တယ်၊ အနိုင် ကျင့်တာကို မခံနိုင်ဘူး။ အဲဒါလည်း အရင် ကျနော့်ရဲ့ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေပေါ်မှာ မူတည်မယ်ထင်ပါတယ်။ လွတ်လွတ်လပ်လပ် နေချင်တယ်။ သရုပ်ဆောင်တယောက် ဖြစ်တယ်၊ ဖန်တီးမှုကို လိုလားတဲ့သူတယောက် ဖန်တီးမှု မှာ လွတ်လပ်မှုက အဓိကကျတယ်။ လွတ်လပ်မှုမရှိရင် ဖန်တီးမှုဆိုတာ ဖြစ်မလာ ဘူး။ ဒီဘောင်ထဲကနေပဲ သွားခိုင်း တယ်ဆိုရင် ဖန်တီးမှုလည်း မဟုတ်ဘူးပေါ့။
ကျနော်တို့က ရုပ်ရှင်ပိုင်းမှာလည်း Revolution ဆိုတာ လုပ်နေတဲ့လူတွေ ပုံမှန် သာမန်ရိုးကျရိုက်နေတဲ့ ရုပ်ရှင်တွေကို ခွဲထွက်ပြီးတော့ အက်ရှင်တွေဘာတွေ စပြီးတော့ ရိုက်ဖို့ Revolution လုပ်တယ်ပေါ့။ ကျနော်တို့ လူငယ်တွေ လုပ်နေ တဲ့အချိန်မှာပဲ အခုလို အာဏာသိမ်းတော့ ဒီလိုမျိုး စနစ်ဆိုးကြီးအောက်မှာလည်း ကျနော်တို့ မလုပ်နိုင်ဘူး။ ကိုယ့် လိပ်ပြာကိုယ်လည်း လုံချင်တယ်။ လိပ်ပြာလုံတယ်ဆိုတာလည်း ကိုယ့်အတွင်းထဲက ကိုယ့်စိတ်နဲ့ ကိုယ်ပဲ ခံစားရမယ့် ဒုက္ခအကြီးကြီးတခုပဲဗျ။ တကယ်တမ်းကျတော့ လိပ်ပြာမလုံတဲ့သူတွေက ဒီအချိန်မှာ ဘာမှ သိပ်မသိသာဘူးဆိုပေမယ့် အသက်ကြီးလာတဲ့အချိန်ကျရင် စကားဝိုင်းတခုမှာ အခွင့်ကြုံလာလို့ စကားပြောတဲ့အချိန်ကျရင် တော်လှန်ရေးကိစ္စနဲ့ ပတ်သက်လာလို့ တိုင်းပြည်က ချောက်ထဲကျနေတဲ့အချိန်မှာ ကိုယ်က ဘာလုပ်ခဲ့လဲဆိုတာ ပြောတဲ့အချိန်မှာ ကိုယ့် လိပ်ပြာကိုယ်လုံတာ မလုံတာပေါ် မူတည်ပြီးတော့ ကွာသွားမယ်ထင်တယ်။ လူတယောက်ရဲ့ သိက္ခာရှိရှိ ပြောနိုင်မယ့် စကားနဲ့ သိမ်ငယ်ပြီးတော့ ပြောမယ့်စကားတွေ ကွာသွားပြီးတော့ လူတယောက်ရဲ့ ကွာလတီတခုက ကွာမယ် ထင်ပါ တယ်။
မေး။ ။ အာဏာသိမ်းပြီဆိုပြီး သိလိုက်ရတဲ့အချိန်မှာ စိတ်ထဲဘယ်လို ဖြစ်ပေါ်ခဲ့လဲ။
ဖြေ။ ။ ကျနော်ကတော့ ပုံမှန် လူငယ်တယောက်ပဲပေါ့။ သရုပ်ဆောင်ကို လုပ်ရတာ ဝါသနာပါတယ်။ ဒီတိုင်းပဲ လွတ်လွတ်လပ်လပ် အပြင်သွားချင်တယ်။ ကိုယ့်ကို အနိုင်ကျင့်တာလည်း မကြိုက်ဘူး။ အဓမ္မလုပ်တာ တခုမှ မကြိုက်ဘူး။ ပုံမှန်လူတယောက်ပဲပေါ့။ အဲဒီကနေပြီးတော့ အာဏာသိမ်းတယ်ဆိုတော့ ကျနော်တို့မသိဘူးလေ။ အရင်တုန်းက ၈၈ တုန်းကရော အရှေ့မှာရော ၁၉၆၂ တုန်းက ဖြစ်တာတွေရောက ကျနော်တို့က နည်းနည်းပဲ သိတာရှိတယ်။ ဒါပေမယ့် လူကြီးတွေ ပြောတာလောက်ပဲ သိတယ်။ တကယ်တမ်းအဲဒီလို သိမ်းလိုက်ပြီဆိုတော့ အမှန်အတိုင်းပြောရင် Blank ဖြစ်သွားတယ်။ ဘာကိုစဉ်းစားလို့ စဉ်းစားရမှန်းမသိဘူး။

ဒါကတော့ မမှန်ကန်ဘူးဆိုတာ မလုပ်သင့်ဘူးဆိုတာ ကျနော်တို့စိတ်ထဲမှာ သိလိုက်ပြီ။ ဒါက ကျနော်တို့ရဲ့ အနာဂတ်ကို အမှောင်ချတော့မယ်ဆိုတဲ့ အနေအထားမျိုးတော့ ကျနော်တို့ ခံစားလိုက်ရတယ်။ အနာဂတ်ကတော့ သိပ်ပြီး မရှင်းလင်း တော့ဘူးလို့ ခံစားရတယ်။ ဘာဆက်လုပ်လို့ လုပ်ရမှန်းတော့မသိဘူး။ အဲဒီအချိန်တုန်းက ဘယ်လိုခံစားလို့ ခံစားရမှန်း မသိတဲ့ အခြေအနေတော့ ရောက်သွားတယ်။ အဲဒီတော့ ဘာဆက်လုပ်မလဲဆိုတာတော့ နောက်ပိုင်း ရွေးချယ်ရတဲ့ ရွေးချယ်မှုတွေပေါ့။ ဒီလမ်းကို တော်လှန်မှာလား။ ဒီတိုင်းပဲ မသိသလိုနဲ့ ဆက်နေမှာလားဆိုတာ ကိုယ့်ရဲ့ရွေးချယ်မှု ပေါ်မှာပဲ မူတည်ခဲ့တာပေါ့။
မေး။ ။ ရုပ်ရှင်ရိုက်ခဲ့ဖူးတာကို မေ့သွားတယ်ဆိုတာမျိုးလည်း ဖြစ်နေတော့ ဒီလမ်းကို ရွေးချယ်မိတဲ့အတွက် တခြားရော ဘာတွေကို စွန့်လွှတ်ခဲ့ရသေးလဲ။
ဖြေ။ ။ အဓိကက ဘယ်ဟာက အရေးကြီးလဲ မကြီးဘူးလည်းဆိုတာပေါ် မူတည်ပြီးတော့ ဆုံးဖြတ်ခဲ့တာပေါ့။ ကျနော် တို့ စွန့်လွှတ်ခဲ့တာလို့ ပြောတာထက် ရွေးချယ်ခဲ့တာပေါ့။ အရေးကြီးတယ်ဆိုတာကို ရွေးချယ်ခဲ့တာ။ ကိုယ် လုပ်ချင် တဲ့အရာ ကိုယ်လုပ်သင့်တဲ့အရာကိုပဲ ပိုပြီး ဦးစားပေးခဲ့တယ်။ ကျန်တဲ့ဟာတွေ အကုန်လုံးကိုတော့ မလုပ်တော့မှာ မဟုတ်ဘူး။ တချိန်ကျရင် ပြန်လုပ်မယ်ဆိုတဲ့ အနေအထားရှိတယ်။ လောလောဆယ်ကတော့ ကိုယ့်ရဲ့ သက်တောင့် သက်သာဖြစ်နေတဲ့ ဘဝကနေပြီးတော့ ထွက်ပြီး တခြားဘဝတခုကို ထွက်တယ်ဆိုတာ အပြောင်းအလဲတခုကို လိုလားလို့လေ။ သက်တောင့်သက်သာဖြစ်တဲ့ဘဝထဲမှာ ကျနော်လိုချင်တဲ့ဘဝ ဘယ်တော့မှဖြစ်လာမှာ မဟုတ်ဘူး။ အဲဒါကို ကျနော်က နားလည်တဲ့အတွက် အပြောင်းအလဲတခုကို လိုချင်ရင် ပေးဆပ်ရမယ့်အရာတွေတော့ အများကြီး ရှိတာပေါ့။ ဒါကလူတိုင်းပဲသိတဲ့ အခြေခံအတွေးအခေါ်လေးတခုပေါ့။ ဘာပဲပေးဆပ်ခဲ့ရ ကျေနပ်တယ်။
မေး။ ။ အခုထိ တော်လှန်ရေးမှာ ပါဝင်ဖြစ်နေတဲ့ တွန်းအားက ဘာဖြစ်မလဲ။
ဖြေ။ ။ ကျနော်တို့ ဒီအချိန်မှာ ဆုံးဖြတ်ချက်နဲ့ အာဏာရှင်စနစ်ဆိုးကြီးကို မတော်လှန်ဘူးဆိုရင် တသက်လုံး ကျနော်တို့ မျိုးဆက်သစ် လာမယ့်မျိုးဆက်သစ်တွေ ဘယ်တော့မှ မြန်မာနိုင်ငံဆိုတာလည်း ဘယ်တော့မှ ပြောင်းလဲလာမယ့် နိုင်ငံထဲမှာ ပါလာမှာမဟုတ်ဘူး။ ဒီစနစ်ဆိုးကြီးကို မကြိုက်ရင် ကျနော်တို့က တော်လှန်ရမယ်။ အမြစ်ပြတ် တော်လှန် နိုင်မှ ကျနော်တို့က နောက်မျိုးသစ်တွေက ပိုကောင်းတဲ့အခြေအနေ ပိုကောင်းတဲ့အနာဂတ်တွေကို ဖန်တီးပေးနိုင်မှာပေါ့။ ကျနော်က ကိုယ်ချင်းစာတယ်။ ကျနော်ကိုယ်၌က ဒီလိုမျိုး ခံစားခဲ့ရတယ်။ တခြားလူတွေကိုလည်း မခံစားစေချင်ဘူး။ ဒီလိုမျိုး အခြေအနေတခုကို။
ဥပမာ သရုပ်ဆောင်လုပ်တယ်။ ဘာပဲလုပ်လုပ်ပေါ့နော်။ ကိုယ်နှစ်ပေါင်းများစွာ ရင်းပြီးတော့ တည်ဆောက်လာတဲ့ အရာတခုကို စက္ကန့်ပိုင်းအတွင်း ရက်ပိုင်းအတွင်း ဖျက်ဆီးပစ်နိုင်တဲ့ စနစ်အောက်မှာနေရတာဆိုတော့ ဘယ်လောက်ထိ ကျီးလန့်စာ စားအခြေအနေတခုကို ဖြတ်သန်းနေရလဲဆိုတာ အားလုံးသိတဲ့အတိုင်းပါပဲ။ တခုခုဆိုရင် ကျနော်တို့အရှေ့ မျိုးဆက်တွေဟာ အရမ်းကို အကြောက်တရားနဲ့ အုပ်ချုပ်လာခဲ့ပြီ။ အဲဒီအုပ်ချုပ်မှုအောက်မှာ နေနေရတာ ဘယ်တော့မှ ကျနော်တို့က လူမွှေးလူတောင် ပြောင်မှာ မဟုတ်ဘူး။ ဒါကြီးက သက်သေပဲ။ ဒီဟာကိုမှ မတော်လှန်ဘူးဆိုရင် ကျနော်တို့တွေ တသက်လုံးလည်း လူမွှေးလူတောင် ပြောင်မှာဟုတ်ဘူး။ အဲဒါကို မလိုချင်ဘူး။ မလိုချင်တော့ တော်လှန် တယ်။
မေး။ ။ အခုဆိုရင် တော်လှန်ရေးမှာ ဝိုင်းကူနေတယ်လို့ သိရတယ်။ ဘယ်လိုနေရာတွေကနေ ပါဝင်ကူညီနေတာလဲ။
ဖြေ။ ။ အဓိကတော့ ကျနော်က ကိုယ့်ဘက်မှာ ကိုယ်ရှိတာလေးနဲ့ ဘာလုပ်ပေးနိုင်လဲပေါ့။ အမြဲတမ်းစဉ်းစားတယ်။ အခု ထိုင်းကိုပြန်လာတယ်ဆိုတာလည်း ဒီတိုင်းပဲ။ ကျနော်ဟိုဘက်မှာ ၃ နှစ်လောက်နေလာတော့ နေ့ည အချိန်ကွာဟမှု တွေနဲ့ ဟိုဘက်ရောက်တော့ အခြေချနေရတဲ့အခြေအနေနဲ့ ကျနော် သေချာအာရုံမစိုက်နိုင်ဘူးပေါ့။ ကျနော်ဟိုဘက်မှာ ရန်ပုံငွေအတွက် သီချင်းဆိုတာတွေ ရှိတယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်မှာရှိတာလေးတွေနဲ့ လူတွေနဲ့ စကားပြောတဲ့ အချိန်မှာလည်း ကျနော်နားလည်တာလေးတွေလည်း ပြောပြတယ်။ ကျနော့်ရဲ့စိတ်ဆုံးဖြတ်ချက်၊ ယုံကြည်ချက်တွေကို ပြောပြတယ်။ အဲဒီလိုနဲ့ ကျနော် သွားနေတာပေါ့နော်။
ဒါပေမယ့် မြေပြင်အခြေအနေက ဘာတွေရှိလဲဆိုတာ သိချင်တယ်။ အဲဒါကြောင့် ဆုံးဖြတ်ပြီးတော့ ထိုင်းကို ရောက်လာ တယ်။ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် တော်လှန်ရေးအတွက် အားဖြစ်မယ်ဆိုရင် ပါဝင်ဖို့ အသင့်ပဲ။ အဓိက ကျနော် ပေးချင်တဲ့ မက်ဆေ့ကလည်း မြေပြင်က PDF တွေအကုန်လုံး ရဲဘော်တွေ အကုန်လုံး ထောက်ပံ့ပေးနေတဲ့ ပြည်တွင်း ထဲက ပြည်သူတွေ၊ တကမ္ဘာလုံးက ပြည်သူတွေအားလုံးကို ကျနော်တသားတည်းရှိနေတယ်ဆိုတာကို ပေးချင်တယ်။
မေး။ ။ ကိုယ်က ထောက်ပံ့သူတယောက်အနေနဲ့ ရပ်တည်ရတာပေါ့။ တကယ်တမ်းကျတော့ ၁၀ စုနှစ်တခုထိ အောင်မြင်မှုလမ်းကြောင်းပေါ်မှာ ရောက်နေရာကနေ ရုတ်တရက်ကြီးဆိုသလို ဘဝတဆစ်ချိုးသွားတော့ စိန်ခေါ်မှုတွေ ကိုရော ဘယ်လိုနည်းမျိုးနဲ့ ကျော်ဖြတ်နေလဲ။
ဖြေ။ ။ လူတယောက်ရဲ့ ကာရိုက်တာကို ပြဖို့ဆိုတာက အခက်အခဲတခုကို ကြုံရတယ်ပေါ့။ အဲဒီအခက်အခဲ ဆိုတာက လည်း အခုတိုင်းပြည်က ချောက်ထဲရောက်နေတဲ့ အခြေအနေတခုမှာ ကိုယ်က ဘာလုပ်ခဲ့လဲပေါ့။ ဒါကိုယ့်သမိုင်း ကိုယ် ရေးတာပဲလေ။ ဒီလို သမိုင်းဖြစ်ရပ်တခုမှာ ကိုယ်ဘာလုပ်ခဲ့လဲဆိုတာက အရေးကြီးတယ်။ ကျနော် ဒီအခွင့်အရေးကို ကျနော် အမိအရယူတယ်။ ဒီအချိန်မှာ ကျနော် လိပ်ပြာလုံလုံနဲ့ ရပ်တည်ချက် ပြတ်ပြတ်သားသားနဲ့ လုပ်ခဲ့တာက ကျနော့်အတွက် အမြဲတမ်း ပြောလိုက်တိုင်း ဂုဏ်ယူရမယ့် အဓိကဂုဏ်ယူတယ်ဆိုတာ စိတ်ထဲမှာ ကြည်နူးပြီးတော့ ကြည်နူးတဲ့ ခံစားချက်လေးရတာပေါ့။ ကျနော်အရှေ့မှာ ၁၀ နှစ်ရင်းပြီးတော့ ဘယ်လိုပဲလုပ်ခဲ့လုပ်ခဲ့ တခုလိုချင်ရင်တော့ တခုပေးဆပ်ရမှာက ထုံးစံပဲဆိုတော့ အဲဒါလည်း ကျနော် ကျေနပ်တယ်။ ဒီလိုခက်ခဲနေတဲ့အချိန်မှာ ကျနော် ဘာလုပ်ခဲ့လဲ ဆိုတာက ကျန်တဲ့ဟာတွေထက် အရေးကြီးတယ်လို့ ကျနော်ထင်တယ်။
မေး ။ ။ အခုလက်ရှိမှာဆိုရင် စစ်ကောင်စီက ပြည်သူတွေကို သတ်ဖြတ်နေတာ လူပေါင်း ၆ ထောင် ကျော်သွားပြီ။ သတ်ဖြတ်တာတင် မဟုတ်ဘူး။ အမျိုးစုံ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိတယ်။ အိုးအိမ်တွေ ဖျက်ဆီးတယ်၊ မတရား ဖမ်းဆီးတယ် စသဖြင့် အဲဒီကျူးလွန်မှုတွေကို တွေ့ရမြင်ရတဲ့အခါမှာ စိတ်ထဲမှာ ဘယ်လိုဖြစ်မိလဲ။
ဖြေ။ ။ ကျနော်တို့က ခံစားတတ်တဲ့ လူတယောက်အနေနဲ့ နှလုံးသားရှိတဲ့ လူတိုင်းကတော့ ပြောမပြတတ်အောင် ခံစားရတာပေါ့ဗျာ။ တခေါက်က အဲဒီလိုပဲ ရဲဘော်တွေ မီးရှို့ခံရတဲ့ အချိန်တုန်းကဆိုရင် တပတ် ၁၀ ရက်လောက် ဘာ Post မှလည်း တင်ချင်စိတ်မရှိဘူး၊ လုပ်ချင်စိတ်မရှိဘူး။ ရဲဘော်တွေနဲ့က တသားထဲရှိနေတာဆိုတော့ သူတို့ဖြစ်တာတွေ အကုန်လုံးက ကျနော်တို့ကို တန်ပြန်သက်ရောက်မှု ရှိနေတာပေါ့။ အဲဒါကြောင့်လည်း ကျနော်တို့က ဒီတော်လှန်ရေးမှာ မဖြစ်မနေ ဆက်ပြီးတော့ကို လုပ်ဖို့ အားတွေ ပိုဖြစ်တယ်။

မေး ။ ။ ကျမတို့ ကြားနေကျ စကားရှိတယ်။ ပြည်သူတွေဆိုတာ အနုပညာရှင်တွေရဲ့ ထမင်းရှင်လို့ ပြောကြတယ်ပေါ့။ ဒီပြည်သူတွေပဲ ရက်ရက်စက်စက် သတ်ဖြတ်နေတယ်၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ လုပ်နေတဲ့စစ်တပ်ကို ထောက်ခံနေတဲ့ အနုပညာသမားတွေရဲ့ ပူးပေါင်းမှုက မြန်မာနိုင်ငံရဲ့ အပြောင်းအလဲပေါ်မှာရော ဘယ်လောက်ထိ သက် ရောက်နိုင်လဲ။
ဖြေ။ ။ ဟိုတလောကဆိုရင် Space ဆိုတဲ့ Central လေးတခုရှိတယ်။ အဓိကလူငယ်တွေပေါ့။ အဖွဲ့ပေါင်းစုံရဲ့ လူငယ် တွေပေါ့။ ကျားမတန်းတူညီမျှရေးနဲ့ ပတ်သက်တာတို့ လူ့အခွင့်အရေးနဲ့ ပတ်သက်တာတို့ သင်ပေးနေတဲ့ ဖောင်ဒေးရှင်း တခုရှိတယ်။ ကျနော်သွားပြီးတော့ အဲဒီက လူငယ် ၂၅ ယောက်နဲ့ စကားပြောတဲ့အချိန်မှာ သူတို့က ကျနော့်ကိုမေးတယ်။ အနုပညာရှင် ၃ မျိုးရှိတယ်တဲ့ ပထမတမျိုးကတော့ စစ်ကောင်စီကို ထောက်ခံနေတဲ့သူ၊ နောက်တမျိုးကတော့ အစပိုင်း မှာတုန်းကတော့ တော်လှန်ရေးထဲမှာ ပါလာသလိုမျိုးရှိတယ်။ နောက်ပိုင်းကျတော့ ပြန်ပြီးတော့ စစ်ကောင်စီဘက် ရောက်သွားတဲ့သူတဲ့၊ နောက်တမျိုးကကျတော့ အစပိုင်းမှာ တော်လှန်ရေးထဲမှာပါတယ်။ ထောင်ကျသွားတယ်။ ပြန် ထွက်လာတော့ စစ်ကောင်စီကို ထောက်ခံနေတဲ့သူပေါ့။ ၃ မျိုး ၃ စားရှိတယ်။ ဘယ်လိုမြင်လဲဆိုပြီး ကျနော့်ကို မေး တယ်။ နောက်ဆုံးကျတော့ စစ်ကောင်စီကို ထောက်ခံနေတာဆိုတော့ တူတူပဲပေါ့။ ဘာမှသိပ်ထူးခြားပြီးတော့ ကွဲနေမှာ မဟုတ်ဘူး။
ကိုယ်ချင်းစာတတ်မယ်ဆိုရင် သိပ်အများကြီးလည်း Wisdom လည်း အများကြီး ရှိစရာမလိုပါဘူး။ ကိုယ်ချင်းစာစိတ် အပေါ်မှာပဲ အခြေခံပြီးတော့ ကျနော်တို့ ဗုဒ္ဓဘုရားကလည်း ဆုံးမပြီးသားပဲ။ အဲဒီအတိုင်းပဲ ကိုယ်ချင်းစာစိတ်ကို အခြေခံ လိုက်ရင် အားလုံးက ရှင်းသွားလိမ့်မယ်။ အဲဒီလိုမျိုး ရက်ရက်စက်စက် သတ်ဖြတ်နေတာကို သူတို့ ကြည့်ရက်နိုင်တယ် ဆိုရင် ဒါက ပြည်သူတွေအပေါ်မှာ စေတနာရှိတာ မဟုတ်ဘူး။ သူတို့ပြောနေတဲ့စကား ပြည်သူတွေက ထမင်းရှင်တွေ ဘာတွေဆိုတာ အလကားပဲ အဓိပ္ပာယ် မရှိဘူး။ ဘာကြောင့် အဓိပ္ပာယ်မရှိတာလဲဆိုရင် သူတို့လုပ်ရပ်နဲ့ ဆန့်ကျင်ဘက် တွေ ဖြစ်နေရင် လုံးဝအဓိပ္ပာယ် မရှိဘူး။ လူတယောက် တန်ဖိုးက ကိုယ်ပြောလိုက်တဲ့စကားနဲ့ ကိုယ် လုပ်လိုက်တဲ့ အလုပ်က တထပ်တည်းကျနေမှ လူတယောက်ရဲ့ တန်ဖိုးက ရှိတာ။ သူတို့တွေက အစကလုပ်ခဲ့တယ်ဆိုတာ သူတို့ရဲ့ နာမည်ရဖို့အတွက် ဒီတော်လှန်ရေးမှာ ပြည်သူတွေရဲ့ Awareness ရဖို့လို့ မြင်တယ်။ သူတို့ရဲ့ ခံယူချက်တွေက ကောက်ရိုးမီးလို့ ကျနော် မြင်တယ်။
မေး။ ။ ၂၀၂၅ ခုနှစ်မှာ လူငယ် ညီငယ်ညီမငယ်တွေကို ဘယ်လိုသတင်းစကားပါးချင်လဲ။
ဖြေ။ ။ ၂၀၂၅ မှာ ညီငယ်ညီမငယ်တွေအားလုံးအတွက် ဘာပြောချင်လဲဆိုရင် ၂၀၂၅ မှာ ကိုယ်ကိုယ်တိုင် တခြား လူတွေ ကို Copy လုပ်စရာမလို ကိုယ်တိုင် ဘာကြိုက်လဲ၊ ဘာလုပ်ချင်လဲ။ လူမှုပတ်ဝန်းကျင်ကို contribution ပေးချင်လဲဆို တာ အမြဲတမ်း စဉ်းစားပြီးလုပ်နေဖို့ လိုတယ်။ ကျနော်တို့ဘဝက အရမ်း တိုတောင်းတယ်။ တခြားလူတွေ ပြောနေတာ ပဲ လုပ်နေရင် အချိန်က ကုန်သွားမယ်။ ပြီးတော့ Fulfilled မဖြစ်ဘူးပေါ့၊ Fulfilled ဖြစ်ဖို့ အရမ်းကို အရေးကြီးတယ်။ အဲဒါကလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ စိတ်ကျေနပ်မှုရှိရှိနဲ့ ဖြတ်သန်းနိုင်ဖို့က အရေးကြီးတယ်။
ကိုယ်ကြိုက်တဲ့ အလုပ်တွေ ပြီးတော့တခြားလူတွေ Contribution မပေးနိုင်ဘူးဆိုရင် ကိုယ်လုပ်တဲ့အလုပ်က အဓိပ္ပာယ် မရှိဘူးပေါ့။ တော်လှန်ရေးမှာ ဆက်ပြီးတော့ အားဖြည့်ပေးကြပါလို့။ မောရင် ခဏနားလို့ရတယ်၊ ရပ်လို့ မရဘူးပေါ့။ ရှေ့မှာ ကျရှုံးခဲ့တဲ့ ရဲဘော်တွေအားလုံးက ရင်းခဲ့ပြီးသွားပြီ။ အလဟသမဖြစ်အောင် ဒီလမ်းကို ဆက် လျှောက်မှ ရမယ်။ အဲဒီတော့ ကျနော်နဲ့တူတူ ဆက်လက်ပြီးတော့ ပါဝင်အားဖြည့်ပေးဖို့ တကမ္ဘာလုံးက မြန်မာတွေ ကျနော်တို့မှာ ကျနော်တို့ပဲ ရှိတယ်။ အားလုံးပါဝင်ဖို့ တိုက်တွန်းချင်ပါတယ်။ ။
You may also like these stories:
“ရှောင်လာရတဲ့ အနုပညာရှင်တွေ အနုပညာ ဆက်လက်ဖန်တီးနိုင်ရမယ်”
ဒီမိုကရေစီအရေးလှုပ်ရှားနေသည့် အနုပညာရှင်များ အကယ်ဒမီဆုပေးပွဲ စိတ်မဝင်စား
စစ်အာဏာသိမ်းမှုအောက်က တော်လှန်အနုပညာရှင်များ














