စစ်ပွဲနဲ့ အထွေထွေ အကြပ်အတည်းတွေကြား နေပြည်တော်က VIP စားသောက်ဆိုင်မှာ ဖျော်ဖြေမယ်ဆိုလို့ ပရိတ်သတ်က စိတ်ပျက်နေချိန် ဇူလိုင် ၂ ရက်ဖျော်ဖြေပွဲမှာတော့ Boycott ဆိုတဲ့ အဓိပ္ပါယ် မသိဘူးလို့ အဆိုတော် လေးဖြူက တုံ့ပြန် လိုက်တာကြောင့် ပြည်သူအများစုအဖို့ စိတ်ဆိုးဒေါသထွက်စရာနဲ့ ကြုံခဲ့ရပါတယ်။
တကယ်တော့ ပွဲမစခင်ကတည်းက ရော့ခ်ကာကြီးလို့ အများကတင်စားခံရတဲ့ လေးဖြူ အနေနဲ့ ဒီပွဲကို မဆိုသင့်ဘူးလို့ သူ့ရဲ့ ချစ်ခင်တဲ့ ပရိတ်သတ်တွေက ဝေဖန်အကြံပြုတဲ့ မှတ်ချက်ချတာတွေဟာ လူမှုကွန်ရက်မှာ အများကြီး မြင်တွေ့နေရတာပါ။
ဖျော်ဖြေတဲ့နေ့မှာတော့ အဆိုတော် လေးဖြူရဲ့ “နေပြည်တော်မှာ စကားသိပ်ပြောလို့မကောင်းဘူး။ နည်းနည်းကြောက်လို့ပါ။ ထစ်ခနဲ ရှိရင် ဘာလုပ်မယ် ညာလုပ်မယ်နဲ့။ သူငယ်ချင်းက ကျွန်တော့်ကို Screenshot ရိုက်ပြီးပို့တယ်။ မင်းကို BC လုပ်မယ်တဲ့။ ကျနော့်မိန်းမကို လှည့်မေးတယ်။ ဟေ့ကောင် BC ဆိုတာဘာလဲ။ ကျွန်တော် A to Z လည်းနားမလည်ဘူး။ BC မှ မဟုတ်ဘူး A to Z နားမလည်ဘူး” လို့ ရိကာပတ်ကာ ပြောလိုက်တဲ့ သူရဲ့ သဏ္ဍန်ဟာ လူထုအတွက် စိတ်ပျက်စရာ ဒေါသ ထွက်စရာဖြစ်ခဲ့ပါတယ်။
ဒါကြောင့် ဒီကနေ့မှာ လေးဖြူသီချင်း နားမထောင်ဖို့ အားမပေးဖို့ စည်းရုံးလှုပ်ရှားမှုတွေဟာ လူမှုကွန်ရက်တွေပေါ်မှာ အားကောင်းကောင်းနဲ့ လှုပ်ရှားလာတာကို တွေ့မြင်နေရပါတယ်။
လေးဖြူဟာ ၁၉၉၃ ခုနှစ်မှာ ကန္တာရလမင်း စီးရီးနဲ့ တေးလောကကို စတင်ဝင်ရောက်ခဲ့ပြီး အဲဒီစီးရီးမှာ တေးရေးဆရာ သော်ဒီဝေ (ပန်းချီဝေချစ်ကို)က လေးဖြူအတွက် သီချင်းလေးပုဒ် ရေးသားပေးခဲ့ပါတယ်။
အခုလို လေးဖြူရဲ့ စကားလက်လွတ်ပြောဆိုမှုနဲ့ ပတ်သက်ပြီး တေးရေးဆရာ သော်ဒီဝေက “တလောက post တခု တင်ဖူးတယ်။ အနုပညာရှင်တယောက် သိပ်အောင်မြင်သွားရင် အာဏာရှင်နဲ့ တူသွားတယ်ဆိုပြီး သူကိုယ်တိုင်က selfish လည်းများ၊ ပင်ကိုယ်ကလည်းရိုင်းနဲ့ သူ့မောဟနဲ့သူ ဒီစကားပြောသင့် မသင့် ပညာတတ်တယောက်ဖြစ်ပြီး မစဉ်းစား တော့ဘူး” ဟု ဧရာဝတီကို မှတ်ချက်စကား ပြောကြားပါတယ်။
ဒါ့အပြင် လေးဖြူရဲ့ ဒိုင်ယာရီ သီချင်းအယ်လ်ဘမ်မှာ “ရေမျောကမ်းတင်” သီချင်းကို ရေးခဲ့သူ ကိုမိုဃ်းသွေးကလည်း သူ့သီချင်းကို လေးဖြူအနေဖြင့် မည်သည့်ပွဲမှ မဆိုဖို့ တားမြစ်တဲ့အကြောင်း၊ ဒီလိုတားတာဟာ BC ဆိုတဲ့ အဓိပ္ပါယ်ကို လေးဖြူတယောက် နားလည်စေဖို့ ဖြစ်ကြောင်း၊ သီချင်းရေးသားသူ ခွင့်ပြုချက် မပါဘဲ သီဆိုခဲ့ရင် တချိန်ချိန်မှာ ဥပဒေ ကြောင်းအရ တရားစွဲမယ်လို့ လူမှုကွန်ရက်ကတဆင့် သတိပေးရေးသားထားပါတယ်။
“BC ဆိုတာကို နားလည်အောင် ကျနော်ကပဲစလို့ ကိုလေးကို လက်တွေ့ပြသပေးပါရစေ။ ကျနော်ရေးစပ်ထားပြီး ဒိုင်ယာရီ အယ်လ်ဘမ်ထဲမှာ ကိုလေးဖြူသီဆိုထားတဲ့ “ရေမျောကမ်းတင်” သီချင်းကို ဘယ်ဖျော်ဖြေပွဲမှာမှ မသီဆိုတော့ဖို့ စိတ်မကောင်းစွာနဲ့ လေးနက်စွာ တားမြစ်ကြောင်း အသိပေးကြေညာအပ်ပါတယ်။ ကျနော့်ခွင့်ပြုချက်မပါဘဲ တနေရာရာမှာ သီဆိုခဲ့ရင် တချိန်ချိန်မှာ ဥပဒေကြောင်းအရ တရားစွဲဆိုမှာဖြစ်ကြောင်းလည်း တပါထဲ အသိပေးပါရစေ” လို့ ကိုမိုဃ်းသွေး က ဆိုထားပါတယ်။
ရုပ်ရှင်မင်းသား မင်းမော်ကွန်းကလည်း ပြည်သူကျွေးတဲ့ ထမင်းကို စားပြီး ပြည်သူ ဒုက္ခရောက်ချိန် ပြည်သူ့ဘက်မှ မရပ် တည်တဲ့အပေါ် ဒီလိုဝေဖန်ထားပြန်ပါတယ်။
“တသက်လုံး လေးစား အားပေးထားသမျှဗျာ။ ခင်ဗျားကို ချစ်လိုက်ရတာ အခုတော့။ ၈တန်းကျောင်းသားထဲက ခင်ဗျားကို ချစ်ခင်လေးစားခဲ့တာပါဗျာ ကိုလေးဖြူရာ” လို့ လူမှုကွန်ရက်မှာ ရင်ဖွင့်ပါတယ်။
ကဗျာဆရာမောင်စိန်ဝင်း(ပုတီးကုန်း)ကတော့ “လွမ်းလောက်လို့လား”ဆိုကာ
ပြည်သူ့အတွက် အသက်ပေးသွားတဲ့သူ တယောက်ထက်
ပြည်သူကို ကျောခိုင်းသွားတဲ့ အနုပညာရှင် တယောက်က
ပိုပြီး လွမ်းလောက်တယ်လို့ ထင်နေလို့လား။
အားလုံးက သမိုင်းကိုယ်စီနဲ့ပဲလေ
လွမ်းနေရရုံမက ကြေကွဲတသ နေစရာတွေ
နာကျည်းဖောက်ထုတ်ပစ် ရန်သူစစ်စစ်လို့
စည်းခြားရမည့် အရာတွေ ခေတ်ရဲ့ သယံဇာတတွေပဲပေါ့။
လို့ ကဗျာတပုဒ်နဲ့ ဥပက္ခပြုလိုက်ပါတယ်။
ဒါကြောင့် ဒီကနေ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ အဆိုတော်လေးဖြူကို Boycott လုပ်ကြဖို့ အသံတွေ ကျယ်ကျယ် လောင်လောင် ပေါ်ထွက်လာပါတယ်။

ရေဘဝဲ ( ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)က “တဖက်မှာလည်း ရာသီဥတု ဖောက်ပြန်မှုတွေကြောင့် လူထုဒုက္ခ ရောက်နေကြတဲ့အချိန်မှာ နိုင်ငံကျော်အနုပညာရှင် တယောက်အနေနဲ့ လက်ရှိအခြေအနေတွေကို သတိမမူဘဲ တမင် တကာဖြစ်စေ တိုက်ဆိုင်မှုဖြစ်စေ “Boycott (BC) ဆိုတာဘာလဲ၊ A-Z လည်းနားမလည်ဘူးဗျာ” ဆိုတာဟာ လူထုကို လှောင်ပြောင်တာ၊ နိုင်ငံတော်ရဲ့ ပကတိအရှိတရားနဲ့ တော်လှန်သံတွေကို မျက်ကွယ်ပြုတာပဲဖြစ်ပါတယ်။ လူငယ်စကား အရပြောရရင် ရုပ်ပေါက်ပါတယ်။ သူ့ဘာသာ ဖျော်ဖြေတင်ဆက်ပြီး ပြန်သွားရင်အခြေအနေက ဒီလိုဖြစ်လာစရာ မရှိပါဘူး” လို့ ဆိုပါတယ်။
အဆိုတော်လေးဖြူအနေနဲ့ သူ့စကားအတွက် ပြည်သူလူထုကို အမြန်ဆုံး တောင်းပန်ဖို့လည်း ရေဘဝဲအဖွဲ့က တိုက်တွန်းပါ တယ်။
လေးဖြူဟာ ၂၀၂၃ ဇွန်လမှာ စစ်ကောင်စီအသိုင်းအဝိုင်း ပိုင်ဆိုင်တယ်ဆိုတဲ့ ရန်ကုန်မြို့ THOR ဆိုင်ဖွင့်ပွဲတွင် Iron Cross အဖွဲ့သားတွေနဲ့ ဖျော်ဖြေပေးရာကစ၍ အများပြည်သူရှေ့ ပြန်ထွက်လာပြီး ၂၀၂၄ ဇန်နဝါရီလမှာ လေးဖြူ၊ အငဲ ဖျော်ဖြေမှု ဆိုကာ အဲဒီဆိုင်မှာပဲ ပြုလုပ်ခဲ့ပါသေးတယ်။
You may also like these stories:
“ဆန္ဒမဲပေးကြမည်” သီချင်း သီဆိုထားတဲ့ လေးဖြူ
အဆိုတော် လေးဖြူနဲ့ အငဲ ဖျော်ဖြေမယ့် “Stay Home” Live Concert
၂၀၂၀ ပြည့်နှစ်အတွင်း ကြွေလွင့်သွားခဲ့တဲ့ အနုပညာရှင်များ
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR














