“ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ”ဆိုသည့် နေတိုး၊ မြင့်မြတ်၊ အေးချမ်း မောင်၊ နေဝင်း၊ ခြူးလေး၊ မေမြင့်မိုရ် နှင့် အောင်ခိုင်၊ ငှက်ပျောကြော်တို့ ပါဝင်သရုပ်ဆောင်ကြသည့် ရွေးကောက်ပွဲဝါဒဖြန့် ဇတ်လမ်းတိုကို အောက်တိုဘာ ၂၅ ရက်က စစ်တပ်မှ ထုတ်လွှင့်ပြသခဲ့ပြီး ပြည်သူအများ၏ ဝေဖန်မှုခံနေရသည်။
ဇာတ်လမ်း၌ စစ်တပ် အာဏာသိမ်းသည်မှစ၍ ရွေးကောက်ပွဲကာလအတွင်း အကြမ်းမဖက် အာဏာဖီဆန် ရေးလှုပ် ရှားမှု (CDM)ကိစ္စများ၊ လူငယ်များပြည်ပသို့ ထွက်ခွာမှုအကြောင်း၊ လက်နက်ကိုင်တော်လှန်ရေး အပေါ် ပုံဖျက်ပြော ဆိုထားသလို စစ်ကော်မရှင် ရွေးကောက်ပွဲကို အားပေးလှုံ့ဆော်သည့် သရုပ်ဆောင်မှုများလည်း ပါဝင်သည်။
ထိုဇတ်လမ်းတိုကို ဝေဖန်ပါက အရေးယူမည်ဟု စစ်တပ်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားသလို ဒါရိုက်တာ မိုက်တီးနှင့် ဟာသသရုပ်ဆောင် အုန်းဒိုင်း၊ သရုပ်ဆောင် ကျော်ဝင်းထွဋ်တို့ကို ရွေးကောက်ပွဲ ကာကွယ်ရေး ဥပဒေဖြင့် စစ်ကော်မရှင်က ဖမ်းဆီးထားရာ စစ်အာဏာရှင်ကို ဆန့်ကျင်သည့် ပြည်ပရောက် အနုပညာရှင်တို့၏ အမြင်အား ဧရာဝတီက ဆက်သွယ်မေးမြန်းထားသည်။
ဒါရိုက်တာ ကိုပေါက်

သူတို့ ဆုံးဖြတ်ချက်၊ ရွေးချယ်မှု၊ သူတို့လျှောက်တဲ့လမ်းပဲ။ ကျနော်တို့လည်း ယုံကြည်ရာ တော်လှန်ရေးကို ပြည်သူနဲ့ အတူတူ ပြည်သူ့ဒုက္ခ ကိုယ့်ဒုက္ခ၊ ပြည်သူ့အပူ ကိုယ့်အပူ။ ကိုယ့်ကိုအားပေးခဲ့တဲ့ ပရိသတ် အဆင် ပြေလားမပြေလား၊ အားပေးခဲ့တဲ့ ပရိသတ်တွေရဲ့ဒုက္ခ ကိုယ့်ဒုက္ခလိုပဲ ဖြတ်သန်းပြီး ဒီဘက်ကို ရပ်ခဲ့ကြတာပေါ့။
သူတို့တွေကတော့ လက်ရှိဝါဒဖြန့်တဲ့ကိစ္စတွေမှာ အားကြိုးမာန်တက်နဲ့ ထိပ်ဆုံးကနေပါဝင်ပြီး ဒီလိုမျိုးချပြလိုက် တာ ကတော့ လေးနှစ်ကျော် ငါးနှစ်တာအတွင်း အာဏာသိမ်းခဲ့တာသည် စစ်တပ်က အာဏာသိမ်းလို့ နိုင်ငံကပျက်ခဲ့ရတာ။ ဒီအပေါ်မှာ စစ်တပ်ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအများကြီးရှိတယ်။ ရွာမီးရှို့တာတွေ၊ ပြည်သူတွေကို ဗုံးကြဲသတ်ဖြတ် တာတွေ စသဖြင့် အများကြီးပဲ။
အဲဒီပြစ်မှုတွေအားလုံးကို အခုဝါဒဖြန့်နေတဲ့သူတွေက ကျနော်တို့ အပြည့်အဝထောက်ခံပါတယ်လို့ လူသိကြားရှင် ခိုးထုပ်ခိုးထည်နဲ့ ပြောပြလိုက်တဲ့သဘော။ ဒါတွေကတော့ သူတို့ရဲ့ ရွေးချယ်မှုပါပဲ။ ကိုယ်ရွေးချယ်တဲ့လမ်း ကိုယ့် ဆုံးဖြတ်ချက်က ကိုယ့်အနာဂတ်ပဲပေါ့။ သူတို့နဲ့ပဲ ဆိုင်ပါတယ်။
သရုပ်ဆောင် မြတ်နိုးအေး

Boycott တို့၊ Social Punishment တို့ လုပ်ခိုင်းကြတဲ့သူတွေကပဲ အစွန်းရောက်နေတဲ့သူတွေလို ပြောဆိုနေကြတဲ့သူ တွေလည်း ဒီလိုမျိုးတွေတွေ့ရင် ဘာလို့ တော်လှန်ရေးဘက်ကလူတွေက ဒီလောက်ထိပြောနေရတာလဲဆိုတာ နားလည် သင့်တယ်။ ပြည်တွင်းထဲမှာနေနေရလို့ စားဝတ်နေရေး၊ ရှင်သန်ရေးအတွက် အလုပ်တွေလုပ်ကြရတာပဲဆိုပြီး မလွန်ကျွံ နေသရွေ့ အားလုံးက နားလည်ပေးထားတာပဲ။ အဲဒါကိုမှ ကုလားအုပ်လို ခေါင်းလေးဝင်၊ ကိုယ်လုံးလေးဝင်နဲ့ တစထက် တစ စော်ကားလာကြတဲ့၊ အနေအထိုင်မတတ်ကြတဲ့သူတွေ ရွံစရာကောင်းလောက်အောင်ကို သိပ်မိုက်ရိုင်းလွန်းတယ်။
ကိုယ်ကျိုးအတွက် အယူတွေရှိခဲ့လို့လည်း အပေးပြန်ရှိရတာပဲလေ။ ဒါပေမယ့် သူတို့ ခိုင်းလို့လုပ်ရတယ်၊ ကြောက်လို့ လုပ်ရတယ်ဆိုရင်တောင် အဲဒီလိုလုပ်နေတဲ့အချိန် ကိုယ့်ဘာသာကိုယ် မရှက်မိ၊ မရွံမိကြလောက်အောင် စဉ်းစားတွေး ခေါ်တတ်တဲ့ ဦးနှောက်ရော၊ ခံစားတတ်တဲ့နှလုံးသားရော မရှိတတ်ကြတာလားလို့ပဲ ပြောချင်တယ်။
လူရွှင်တော် တိုင်းကျော်

ဝါဒဖြန့်ချိရေးမှာ ပါနေတဲ့သူတွေက တော်လှန်ရေးအစပိုင်းမှာ ပါကြတယ်၊ ဆန္ဒပြကြတယ်ဆိုပေမယ့် တကယ့်ကို ဝင်ယောင်တဲ့သူတွေလောက်ပဲရှိတယ်။ အဲဒီလူတွေထဲမှာ အရမ်းအံ့ဩတာက ဒီစစ်ကော်မရှင်ရဲ့ ဝါဒဖြန့်ဇာတ်ကားမှာ တခြားသူတွေထက် နေတိုးကို အံ့ဩတယ်။ နေတိုးက ရုပ်ရှင်ရိုက်ရင် သေချာပြင်ဆင်ပြီး ရိုက်တဲ့သူဖြစ်တဲ့အတွက် ဇာတ်ညွှန်းတွေဖတ်တယ်၊ အဝတ်အစားပြင်တယ်။ ဇာတ်ညွှန်းကို အထပ်ထပ်အခါခါဖတ်တယ်။ သူမကြိုက်တဲ့ ဇာတ် ဆိုရင် မရိုက်ဘူးဆိုတော့ ဒီဇာတ်လမ်းကြီးကို ဖတ်ထားတာဆိုတော့ သူကြိုက်လို့ရိုက်လိုက်တာလားပေါ့နော်။
မလွှဲ မရှောင်သာတို့၊ မဖြစ်မနေတို့က ဒီကာလမှာတော့ ခေါင်းစဉ်တပ်လို့ မရတော့ဘူး။ ဆင်ခြင်ပေးလို့ မရတော့ဘူး။ တဖက် ဖက်ကို ပြတ်ပြတ်သားသား ရပ်တည်ရမှာကို သူရပ်တည်လိုက်တာလားပေါ့။
နေတိုးက ရခိုင်တိုင်းရင်းသားတဦးဖြစ်တယ် အာရက္ခတပ်တော် (AA)က ဘယ်လောက်တောင် အောင်မြင်မှုတွေ၊ ပေး ဆပ်မှုတွေရှိခဲ့လဲ။ ရခိုင်ပြည်နယ်ကလူတွေဆိုတာ သူတို့လို ချမ်းသာတဲ့သူတွေမဟုတ်ကြဘူး။ ဒီလောက်ခက်ခဲ ကြမ်း တမ်းနေတဲ့ အချိန်မှာတောင် AA နဲ့ တသားထဲရပ်တည်ပြီး ဒုက္ခသောကတွေနဲ့အတူ နေ့စဉ်နေ့တိုင်း လေယာဉ်ကြဲ တာတွေ၊ စစ်ဘေးရှောင်ရတာတွေ၊ အဆာရေစာ ဆေးဝါး ဒီလိုအဆင်မပြေမှုကြားထဲကနေ ပြတ်ပြတ်သား သား ရပ်တည်နေချိန်မှာ နေတိုးက စစ်တပ်ဘက်ကို ပြတ်ပြတ်သားသား ရပ်တည်လိုက်တာလားလို့ အံ့ဩမဆုံးဘူး။
ဒီလူ့ကိုတော့ ဒီဇာတ်လမ်းရိုက်လိုက်ခြင်းဖြင့် ပြည်သူနဲ့တသားတည်းမုန်းတယ်။ မုန်းတယ်ဆိုတာထက် ရွံတာ။ မြင့်မြတ်တို့၊ နေဝင်းတို့ကိုကတော့ စိတ်မဝင်စားဘူး။ နေဝင်းဆိုတာက အကယ်ဒမီ ပေးလိုက်ပြီးဆိုကတည်းက ကြီးကြီးမားမား ပါဝင်ပတ်သက်မှုတခုတော့ မဖြစ်မနေလုပ်ရတော့မယ်ဆိုတာ သိနေပြီးသား။
ကျနော်တို့ လူရွှင်တော်ပိုင်းမှာဆိုရင် သွက်လက်တို့၊ စူပါလင်းတို့ပါတယ်။ ဒီကောင်တွေကိုတော့ အထွေအထူးပြောစရာ အများကြီးမရှိဘူး။ ဒီကာလမှာ ပျူစောထီးတို့၊ ဒလန်တို့၊ အုပ်ကြီးတို့လိုကောင်မျိုးတွေနဲ့ တသားတည်းဖြစ်နေပြီလား ပေါ့။ စူပါလင်းဆိုတာက မတော်တဆယာဉ်တိုက်မှုဖြစ်ထားပြီး လူသေတဲ့အထိ ဖြစ်ထားတယ်။ ဒါပေမယ့် ချက်ချင်း ထွက်လာလို့ရတာမျိုးက ဒီဘက်ခေတ်မှာ ဒီလိုတခုရိုက်ပေးလိုက်ရုံနဲ့ ထွက်လာလို့ရလားဆိုတာ အံ့ဩစရာကောင်း တယ်။ သွက်လက်နေရာမှာ အစက သိထားတာက ခင်လှိုင်လို့ကြားတယ်။ သူက သူ့နည်းသူ့ဟန်နဲ့ လူပြောင်းလိုက် တာ ရယ်၊ ဒီကားကို အခုလောက် ပြည်သူတွေက Boycott မလုပ်လောက်ဘူးဆိုပြီး အထင်သေးတဲ့ အတွက် သွက်လက်က ပါလိုက်တယ်။ သူတို့အချင်းချင်း ပြဿနာတက်နေပြီကြားတယ်။ ပြည်သူကို အထင်သေးတဲ့ ကောင်တွေ ပြည်သူက ပေးတဲ့အပြစ် ခံရမှာပဲပေါ့။
လူရွှင်တော်ပိုင်းကကောင်တွေက ကျနော်တို့က နိုင်ငံရေးကို မပြောပါဘူး၊ စိတ်မဝင်စားပါ ဘူး ပြောတဲ့ကောင်တွေဖြစ် တော့ သူတို့အတွက် အထွေအထူးမရှိဘူး။ တိုင်းပြည်ပေါ်မှာ စေတနာမထားတဲ့ကောင်တွေ ဖြစ်တဲ့အတွက် ကျနော်ကတော့ နေတိုးကို အံ့ဩတယ်။ မျက်နှာစုံညီအပြင်မှာတွေ့ရင် မေးခွန်းတွေမေးချင်တာ။ ခင်ဗျား မို့လို့ ဒီစကားလုံးတွေ ပြောထွက်တယ်လို့ ပြောချင်တယ်။
သရုပ်ဆောင် ဇဏ်ခီ

မြဝတီက ဇာတ်လမ်းတိုလေးကို ကြည့်ဖြစ်ပါတယ်။ အစအဆုံး သေချာကြည့်လိုက်ပါတယ်။ ပါပီမခေတ်ကို လုံးဝ မမီသော်ငြားလည်းပဲ သရုပ်ဆောင်သူများ စေတနာရှိရှိနဲ့ လှိုက်လှိုက်လှဲလှဲ တတ်စွမ်းသမျှ သရုပ်ဆောင်သွားတာကို မှတ်ချက်ပြုမိတယ်။ မှတ်သားစရာတခုလည်းတွေ့ရတယ်။ “ကိုယ့်သမိုင်းကိုယ်ရေးကြမှာပဲ” တဲ့။ သိပ်မှန်ပါတယ်။ ဒါ့ပြင် ချီးကျူးစရာတခုလည်းရှိတယ်။ ပါဝင်သူများရဲ့ သတ္တိရှိရှိ ပြတ်ပြတ်သားသား ရပ်တည်မှုပါပဲ။ သူတို့ ပြတ်သား သလောက် ကိုယ်တွေဘက်ကရော ပြတ်သားနိုင်ကြမလား။
တချို့ကလည်း ပြောကြတယ်။ “သူတို့က ကျဉ်းထဲကျပ်ထဲရောက်နေတော့ ဖိအားတွေကြောင့် လုပ်ရတာနေမှာပေါ့” တဲ့ (ဖြစ်နိုင်တယ်လို့ တွေးမိတယ်)။ အဲဒီမှာဆက်ပြောတယ်။ “မင်းတို့ရော သူတို့နေရာမှာဆိုရင်ငြင်းရဲမလား” တဲ့။ ကျနော် တို့က အဲဒီလိုဘဝမျိုးရောက်မှာစိုးလို့ အကုန်လုံးထားပြီး ထွက်သွားခဲ့တာပါ။ မုသားတွေကို သူတို့တွေလို Promote လုပ်ပေးရမှာစိုးလို့၊ ဂုဏ်သိက္ခာရှိရှိနေချင်လို့ အအောင်မြင်ဆုံးအချိန်မှာ အကုန်ထားခဲ့ရတာ။ လွယ်ကူတဲ့ဆုံးဖြတ်ချက် တော့မဟုတ်ဘူး။ ကျနော်ကလည်း အခုပြန်မေးမယ်။ သူတို့ရော အကုန်ထားပြီး ကျနော်တို့လို ထွက်သွားရဲလားလို့။
You may also like these stories:
စစ်အုပ်စု ရွေးကောက်ပွဲအတုအကြို ကြံ့ဖွံ့ပါတီ မဲဆွယ်ပွဲ စတင်
ရွေးကောက်ပွဲ ဝါဒဖြန့်ချိရေး ဇာတ်သဘင်ကို စကမ အသုံးချ
ရွေးကောက်ပွဲ စိုင်းပြင်းမှုနှင့်အတူ ပိုမိုပြင်းထန်လာနေသည့် တိုက်ခိုက်မှုများ














