သူတို့ ဝိညာဉ်တွေ ဘယ်ရောက်သွားကြသလဲ။
နိုင်ငံရေးညှဉ်းပန်း နှိပ်စက်မှုကြောင့် သေဆုံးခဲ့ရ၊ ကွပ်မျက်ခံရလို့ သေဆုံးသွားရသူတွေရဲ့ ဝိညာဉ်တွေ၊ ဒါမှမဟုတ် သူတို့ချစ်ရတဲ့သူတွေ အဲဒီလို ဖိနှိပ်ခံနေရတာကို သိပြီး စိတ်ဒဏ်ရာနဲ့ သေဆုံးသွားရသူတွေရဲ့ ဝိညာဉ်တွေ ဘယ်များရောက်ကုန်ကြမလဲ။
အဲဒီ ဝိညာဉ်တွေဟာ နိုင်ငံရေးအရ အနားမရနိုင်တဲ့ ဝိညာဉ်တွေ ဖြစ်နိုင်ပါတယ်။ တနည်းအားဖြင့် “တက်ကြွတဲ့ ဝိညာဉ်တွေ” လို့ ခေါ်နိုင်တယ်။ “တက်ကြွတဲ့ နိုင်ငံသားများ” (active citizens) ကို အဓိပ္ပာယ်ဖွင့်တဲ့ အတိုင်းပဲ သူတို့ရဲ့ နိုင်ငံနဲ့လူထုအတွက် လူမှုရေး၊ နိုင်ငံရေးကိစ္စရပ်တွေမှာ စိတ်ဝင်တစား ပါဝင်ဆောင်ရွက်ကြတဲ့ ဝိညာဉ်တွေ ဆက်ဖြစ်နေလိမ့်မယ်။
သူတို့ အသက်ရှင်ချိန်မှာ လူအများက ချစ်ခင်လေးစားခဲ့ရတဲ့ သူတွေဖြစ်ပြီး၊ သေဆုံးပြီး နောက်ပိုင်းမှာလည်း ဆက်လက် ချစ်ခင်လေးစားတာ ခံနေရတဲ့ ဝိညာဉ်တွေပါ။ အကြောင်းကတော့ သူတို့ဟာ နိုင်ငံနဲ့ ပြည်သူတွေအတွက် ပေးဆပ်အနစ်နာခံခဲ့ကြလို့ပဲ။ ဒီအချက်ကြောင့် သူတို့ဟာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပေမယ့် သူတို့ဝိညာဉ်တွေဟာ သူတို့ အသက်ရှင်နေစဉ်ကလိုပဲ လေးစားချစ်ခင် စရာပါ။
စစ်အာဏာရှင်စနစ်အောက်မှာ နှစ်ပေါင်းများစွာ မြန်မာပြည်သူတွေ နိုင်ငံရေးအရ ညှဉ်းပန်းနှိပ်စက်မှုနဲ့ ကွပ်မျက်မှုတွေ အများကြီး ရင်ဆိုင်ခဲ့ရ (ရင်ဆိုင်နေရဆဲဖြစ်) တာကြောင့် ဒီလို ဝိညာဉ်တွေဟာ ရေတွက်လို့ မရနိုင်အောင် များပြားနေမှာပါ။
သူတို့ဟာ နိုင်ငံက လိုအပ်တဲ့အခါ ကိုယ်ကျိုးစွန့်ပြီး တာဝန်ကျေပွန်စွာ အသက်ပေးခဲ့ရလို့ ဒီတက်ကြွတဲ့ ဝိညာဉ်တွေထဲက အများစုဟာ “အာဇာနည်”၊ “သူရဲကောင်း”၊ “လွတ်လပ်ရေး တိုက်ပွဲဝင်သူ”၊ “တော်လှန်ရေး တိုက်ပွဲဝင်သူ” နဲ့ “နိုင်ငံရေးအကျဉ်းသား” စတဲ့ ဂုဏ်ပုဒ်တွေနဲ့ ထိုက်တန်ပါတယ်။
ကျနော့်အမေလို သာမန်ပြည်သူတွေ အတွက်ရော။ သူ့ရဲ့သားငယ် (ကျနော်) က နိုင်ငံရေးအကျဉ်းသားအဖြစ် ထောင်ဒဏ်နှစ်ရှည် ကျခံနေရပြီး နောက်တယောက် (အကို) က နိုင်ငံရေးကြောင့် ပြည်ပရောက်နေရတယ်ဆိုတဲ့ အသိနဲ့ သူ့ရဲ့ နောက်ဆုံး ထွက်သက်ကို ရှူခဲ့ရတယ်။
ကျနော့်အမေလို သာမန်ပြည်သူတွေ အတွက်ရော။ သူ့ရဲ့သားငယ် (ကျနော်) က နိုင်ငံရေးအကျဉ်းသားအဖြစ် ထောင်ဒဏ်နှစ်ရှည် ကျခံနေရပြီး နောက်တယောက် (အကို) က နိုင်ငံရေးကြောင့် ပြည်ပရောက်နေရတယ်ဆိုတဲ့ အသိနဲ့ သူ့ရဲ့ နောက်ဆုံး ထွက်သက်ကို ရှူခဲ့ရတယ်။
ကျနော့်အမေလိုပဲ တခြား နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိဘ၊ ညီအကို မောင်နှမ အများအပြားဟာ ထောင်ထဲက သူတို့ချစ်ရတဲ့သူတွေကို မပင်မပန်းနဲ့ ထောက်ပံ့ကူညီရင်း စိုးရိမ်သောကတွေနဲ့ (တနည်းအားဖြင့် နိုင်ငံရေးဖိနှိပ်မှုတွေကြောင့် ခံစားရတဲ့ နိုင်ငံရေးအသိနဲ့) ဘဝကို အဆုံးသတ်ခဲ့ရတယ်။ သူတို့တွေဟာ နောက်တန်းက သူရဲကောင်းတွေပါ။
ဒါဆို အမေရိကန်၊ ကယ်လီဖိုးနီးယားမှာ ပြည်ပရောက် အနုပညာရှင်အဖြစ် ကွယ်လွန်သွားခဲ့တဲ့ ကဗျာဆရာကြီး တင်မိုးလို အနုပညာရှင်တွေကရော။ သူဟာ သေဆုံးတဲ့အထိ သူချစ်တဲ့တိုင်းပြည်နဲ့ ဒီမိုကရေစီ တိုက်ပွဲအကြောင်း ကဗျာတွေကို နေ့စဉ်မပျက် ရေးဖွဲ့ခဲ့တယ်။ လွတ်လပ်မှုကို ချစ်မြတ်နိုးပြီး အာဏာရှင်စနစ်ကို မုန်းတီးတဲ့ မြန်မာအနုပညာရှင်တွေ၊ သတင်းသမားတွေ၊ တခြားပညာရှင်တွေဟာ အာဏာသိမ်းမှုတွေနဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကြောင့် နိုင်ငံကို စွန့်ခွာရပြီး ပြည်ပမှာခိုလှုံစဉ် သူတို့မွေးရပ်မြေကို တမ်းတရင်း ကွယ်လွန်ခဲ့ကြတယ်။
၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံ တခုတည်းမှာတင် ငြိမ်းချမ်းစွာ ဆန္ဒပြသူ ၃,၀၀၀ ကျော်ကို အဲဒီတုန်းက စစ်အုပ်စုက သတ်ဖြတ်ခဲ့တယ်။ ၁၉၆၂ ခုနှစ် ပထမဆုံး အာဏာသိမ်းပြီးနောက်ပိုင်း ကာလတလျှောက် ဖြစ်ပွားခဲ့တဲ့ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာလည်း အတိုက်အခံတွေ ရာနဲ့ချီ အသတ်ခံခဲ့ရတယ်။
လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းပြီး ကျနော်တို့ရဲ့ မြန်မာနိုင်ငံကို လူသတ်ကွင်းအဖြစ် ပြောင်းလဲပစ်ခဲ့တယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြလူငယ်တွေဟာ စစ်ကောင်စီတပ်ရဲ့ အော်တိုမက်တစ် ရိုင်ဖယ်တွေနဲ့ လက်ဖြောင့် သေနတ်သမားတွေရဲ့ သတ်ကွင်းထဲမှာ ဆုံးပါးရတာနဲ့အမျှ ရဲရင့်တဲ့ ဝိညာဉ်တွေ တစထက်တစ ပိုများလာခဲ့တယ်။
၁၉ နှစ်အရွယ် မကြယ်စင်ဟာ အရဲရင့်ဆုံး ဝိညာဉ်တွေထဲက တခုပါ။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး ရက်သတ္တပတ် အနည်းငယ်အတွင်း ဆန္ဒပြပွဲမှာ သူ့နားနောက်တည့်တည့်ကနေ ဦးခေါင်းကို တည့်တည့်ပစ်ခံရပြီး သေဆုံးခဲ့ရတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း သုံးနှစ်အတွင်းမှာ လူပေါင်း ၆,၀၀၀ နီးပါးဟာ စစ်အုပ်စုရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရတယ်။ အများစုဟာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးရပြီး နှိပ်စက်ညှဉ်းပန်းခံရလို့ စစ်ကြောရေး စခန်းတွေနဲ့ ထောင်တွေထဲမှာ သေဆုံးခဲ့ရသူတွေလည်း ပါပါတယ်။
သူတို့အားလုံးဟာ အများက ချစ်ခင်မြတ်နိုးခံရပြီး တန်ဖိုးဖြတ်မရတဲ့ ဝိညာဉ်တွေပါ။
စစ်ကောင်စီရဲ့ လက်ချက်ကြောင့် မကြာသေးမီက ဆုံးပါးခဲ့ရသူတွေထဲမှာ နှစ်ရှည်ထောင်ချ ခံထားရတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်လည်း ပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းတဲ့ ပထမဆုံးနေ့ရက်မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံရတဲ့ အသက် ၇၃ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ဒေါက်တာ ဇော်မြင့်မောင်ဟာ ကင်ဆာရောဂါနဲ့ အကျဉ်းခန်းထဲမှာ သုံးနှစ်ကျော် ကြံ့ကြံ့ခံ ရှင်သန်နေနိုင်ခဲ့တာ အံ့သြစရာပါ။
သူ့ရဲ့နောက်ဆုံးအချိန်ကျမှ စစ်ကောင်စီဟာ လွတ်ငြိမ်းသက်သာခွင့်ပေးပြီး လွှတ်ပေးခဲ့ပါတယ်။ ဒါဟာ အရင်စစ်အုပ်စု အဆက်ဆက်က နိုင်ငံရေးအကျဉ်းသားတွေ သေလုမျောပါးဖြစ်နေချိန်မှာ လုပ်နေကျ ထုံးစံပါ။
၁၉၉၅ ခုနှစ်မှာ အင်းစိန်ထောင်ထဲက ကျနော်နဲ့ ဘဝတူ နိုင်ငံရေးအကျဉ်းသားတဦးဖြစ်တဲ့ ဦးကင်းစိန်ကိုလည်း အဲဒီတုန်းက စစ်အစိုးရက သူသေခါနီးမှ လွှတ်ပေးခဲ့တယ်။ အသက် ၅၃ နှစ်အရွယ် ဦးကင်းစိန်ဟာ သူဆုံးခါနီး မိနစ်ပိုင်း (သို့မဟုတ်) နာရီပိုင်းလောက်မှာ “လွတ်လပ်မှု” ကို ဆေးရုံကုတင်ပေါ်မှာ ခံစားခွင့်ရခဲ့တယ်။ စစ်ဗိုလ်ချုပ်တွေရဲ့ “သနားဂရုဏာ” ပါတဲ့။
သေခြင်းတရားဆိုတာ ရှောင်လွဲလို့ မရပါဘူး။ ဒါပေမယ့် ထောင်ထဲမှာတောင် မကျန်းမာတဲ့ အကျဉ်းသားတယောက်ကို လိုအပ်တဲ့ ကုသမှုတွေပေးရင် မသေသင့်ဘဲ သေရတာ ဆိုတဲ့ အဖြစ်ဆိုးမျိုး ကြုံရမှာ မဟုတ်ပါဘူး။ ဆိုလိုတာက စစ်ကောင်စီမှာ တမင်ရည်ရွယ်ပြီး ဆေးကုသမှုမပေးဘဲ “သေပါလေ့စေ” ဆိုတဲ့မူဝါဒ (သို့မဟုတ်) ရည်ရွယ်ချက် မရှိခဲ့ရင် သူတို့ သေစရာအကြောင်းမရှိပါဘူး။
ဒေါက်တာ ဇော်မြင့်မောင်ဟာ အကျဉ်းသားတဦး အနေနဲ့ မသေဆုံးဘဲ ရွေးကောက်တင်မြှောက်ခံထားရတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် အနေနဲ့သာ ဆုံးပါးခဲ့ရင် သူ့အခြေအနေက လုံးဝကွဲပြားမှာပါ။ အကျဉ်းသားတဦး မဟုတ်ဘဲ လွတ်လပ်တဲ့သူ တယောက်အနေနဲ့ သူ့အိမ်မှာ ချစ်ရတဲ့မိသားစုဝင်တွေရယ်၊ သူ့ကို ကြည်ညိုလေးစားသူတွေရဲ့ မေတ္တာနဲ့ နွေးနွေးထွေးထွေး ပြုစုနေချိန်မှာ ဆုံးပါးခဲ့ရရင် သူဘယ်လိုခံစားရမလဲ။ သူ့ဝိညာဉ်ဟာ ကျေနပ်ပျော်ရွှင်နိုင်မှာပါ။
လက်တွေ့ကတော့ ဝမ်းနည်းစရာပါ။ စစ်ကောင်စီရဲ့ နိုင်ငံရေး အငြိုးအတေးတွေကြောင့် တိမ်းရှောင်နေရတဲ့ ဇနီးနဲ့ သားသမီးတွေ ဘေးမှာမရှိဘဲ သေဆုံးခဲ့ရတယ်။ ဒါ့အပြင် မန္တလေးက သူ့ပြည်သူတွေ ကြောက်ရွံ့နေရပြီး သူ့နိုင်ငံဟာ စစ်ဖိနပ်အောက် ပြန်ရောက်နေတယ်ဆိုတဲ့ အသိနဲ့ ဆုံးပါးခဲ့ရတာကြောင့် သူ့ဝိဉာဉ်ဟာ နိုင်ငံရေးအရ စိတ်ပူပန်နေမှာဖြစ်ပြီး တနည်းအားဖြင့် သူ့ဝိဉာဉ်မှာ နိုင်ငံရေးအရ တက်ကြွနေဦးမှာပါ။ ဒါပေမယ့် သူ့နောက်ဆုံးထွက်သက်အထိ သူ့နိုင်ငံရဲ့ ဒီမိုကရေစီတိုက်ပွဲအတွက် ပေးဆပ်ထမ်းဆောင်နိုင်ခဲ့တာတွေ အတွက်တော့ ဂုဏ်ယူနေမှာပါ။
သူ့ရဲ့ ပေးဆပ်မှုတွေဟာ သမိုင်းပါပဲ။ မန္တလေးဆေးတက္ကသိုလ် ကျောင်းဆင်းတဦးဖြစ်တဲ့ ဒေါက်တာ ဇော်မြင့်မောင်ဟာ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံ နောက်ပိုင်း နိုင်ငံရေးထဲ ဝင်လာပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားပြု ၁၉၉၀၊ ၂၀၁၂၊ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲ လေးကြိမ်စလုံးမှာ အနိုင်ရခဲ့တယ်။ ၁၉၉၀ ရွေးကောက်ပွဲ နောက်ပိုင်းမှာလည်း ဒေါက်တာ ဇော်မြင့်မောင်ဟာ အဲဒီအချိန်က စစ်အစိုးရရဲ့ ဖမ်းဆီးခံရပြီး ထောင်ထဲမှာ အနှစ် ၂၀ နီးပါး နေခဲ့ရပါတယ်။ ဒီလိုပေးဆပ်ခဲ့တဲ့ ဒေါက်တာ ဇော်မြင့်မောင် နာရေးကို မန္တလေး ပြည်သူ သောင်းချီ ဝန်းရံလိုက်ပါ ပို့ဆောင်ခဲ့ကြတယ်။
လွတ်လပ်ရေးခေတ်ကတည်းက မြန်မာ့သမိုင်းတလျှောက်မှာ အသက်စွန့်ခဲ့ရသူတွေဟာ အများကြီးပါ။ နာမည်ကျော်တွေထဲကပဲ ပြောရရင် လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းနဲ့ သူ့အဖွဲ့ဝင် ဝန်ကြီးတွေ လုပ်ကြံခံရတယ်။ နောက်တော့ နိုင်ငံရဲ့ ပထမဆုံးသမ္မတ စပ်ရွှေသိုက် ဟာလည်း ထောင်ထဲမှာ ဗိုလ်ချုပ်နေဝင်း အစိုးရရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတယ်လို့ ယုံကြည်ကြတယ်။
လွတ်လပ်ရေးခေတ်ကတည်းက မြန်မာ့သမိုင်းတလျှောက်မှာ အသက်စွန့်ခဲ့ရသူတွေဟာ အများကြီးပါ။ နာမည်ကျော်တွေထဲကပဲ ပြောရရင် လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းနဲ့ သူ့အဖွဲ့ဝင် ဝန်ကြီးတွေ လုပ်ကြံခံရတယ်။ နောက်တော့ နိုင်ငံရဲ့ ပထမဆုံးသမ္မတ စပ်ရွှေသိုက် ဟာလည်း ထောင်ထဲမှာ ဗိုလ်ချုပ်နေဝင်း အစိုးရရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတယ်လို့ ယုံကြည်ကြတယ်။
ကရင်ခေါင်းဆောင်တွေဖြစ်တဲ့ စောဘဦးကြီးနဲ့ ပဒိုမန်းရှာတို့ကို စစ်တပ်နဲ့ စစ်အုပ်စုထောက်ခံတဲ့ အဖွဲ့တွေက သတ်ဖြတ်ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြံပေး ရှေ့နေ ဦးကိုနီကို အမျိုးသားရေးအစွန်းရောက် စစ်တပ်ထောက်ခံအဖွဲ့က လုပ်ကြံသတ်ဖြတ်ခဲ့တယ်။ ခေတ်အဆက်ဆက်မှာ သူတို့လို အသက်ပေးခဲ့ရတဲ့ သူတွေ မရေမတွက်နိုင်အောင်ပါပဲ။
ကျနော်တို့ နိုင်ငံမှာ အဲဒီလို အသက်ဆုံးရှုံးမှုတွေ အဆုံးမသတ်သေးပါဘူး။ ဒါကြောင့်လည်း “ကြီးကျယ်မြင့်မြတ်တဲ့ သေဆုံးခြင်းများစွာနဲ့ နိုင်ငံတော်” ဆိုတဲ့ ဆောင်းပါးကို ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ ကျနော် ရေးသားဖြစ်ခဲ့တယ်။ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံရေး တက်ကြွလှုပ်ရှားသူ လေးဦးဖြစ်တဲ့ ကိုဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို ကြိုးပေးကွပ်မျက်ပြီး မကြာခင်မှာ ရေးခဲ့တာပါ။
“သူတို့ရဲ့ သေဆုံးခြင်းတွေက ကြီးကျယ်မြင့်မြတ်တယ်။ ပြည်သူတရပ်လုံး ဆုံးရှုံးခဲ့ရတဲ့ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာတွေ ပြန်ရဖို့၊ သူတို့ရဲ့နိုင်ငံကို ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်အောက်က လွတ်မြောက်ဖို့၊ စစ်ဖိနပ်အောက်မှာ ခေတ်အဆက်ဆက် ကြေမွပျက်စီးခဲ့ရတဲ့ တိုင်းပြည်ကို အနာဂတ် မျိုးဆက်တွေအတွက် ပြန်လည် တည်ထောင်ဖို့ ရည်ရွယ်ချက်တွေနဲ့ သူတို့ရဲ့အသက်တွေကို ပေးဆပ်ခဲ့ကြတယ်။”
အထက်ပါစာကြောင်းတွေဟာ နိုင်ငံသစ် တည်ဆောက်ဖို့ အုတ်မြစ်ချပေးသွားတဲ့ ဝိညာဉ်ဟောင်းတွေနဲ့ ဝိညာဉ်သစ်တွေအတွက် ကျနော့်ရဲ့ တကိုယ်ရည် ဂုဏ်ပြုစကားပါ။ တကယ်တော့ သူတို့အတွက် နိုင်ငံတော်အဆင့် ဂုဏ်ပြုဖို့ လိုအပ်ပါတယ်။ သူတို့လိုလူတွေသာ ခေတ်အဆက်ဆက်မှာမရှိခဲ့ရင် မြန်မာနိုင်ငံဟာ လွတ်လပ်တဲ့ နိုင်ငံတောင် မဖြစ်နိုင်ခဲ့ပါဘူး။
အထက်ပါစာကြောင်းတွေဟာ နိုင်ငံသစ် တည်ဆောက်ဖို့ အုတ်မြစ်ချပေးသွားတဲ့ ဝိညာဉ်ဟောင်းတွေနဲ့ ဝိညာဉ်သစ်တွေအတွက် ကျနော့်ရဲ့ တကိုယ်ရည် ဂုဏ်ပြုစကားပါ။ တကယ်တော့ သူတို့အတွက် နိုင်ငံတော်အဆင့် ဂုဏ်ပြုဖို့ လိုအပ်ပါတယ်။ သူတို့လိုလူတွေသာ ခေတ်အဆက်ဆက်မှာမရှိခဲ့ရင် မြန်မာနိုင်ငံဟာ လွတ်လပ်တဲ့ နိုင်ငံတောင် မဖြစ်နိုင်ခဲ့ပါဘူး။
အာဏာရှင် စစ်ဗိုလ်ချုပ်တွေနဲ့ ပြည်သူတွေကြား တိုက်ပွဲက မပြီးဆုံးသေးပါဘူး။ ရဲရင့် တက်ကြွ လှပတဲ့ ဝိညာဉ်တွေ ပိုများလာဦးမှာပါပဲ။ ဒါဟာ ခါးသီးနာကျည်းစရာ အမှန်တရားပါ။
လူဆိုတာ သေမျိုးဖြစ်တဲ့အတိုင်း ကျနော်တို့ အားလုံးဟာ တနေ့မှာ အဲဒီ ရဲရင့် လှပတဲ့ ဝိဉာဉ်တွေနဲ့ ပြန်ဆုံရမှာပါ။ သူတို့ကတော့ ကျနော်တို့ရင်ထဲ့မှာ ဘယ်တော့မှ မသေဆုံးနိုင်ဘဲ တမ်းတလွမ်းဆွတ်နေရမယ့် ဝိညာဉ်တွေပါ။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ကျော်စွာမိုး၏ A Eulogy for Myanmar’s Immortals ကို ဘာသာပြန်သည်။ ကျော်စွာမိုးသည် ဧရာဝတီ အင်္ဂလိပ်ပိုင်းဌာန အမှုဆောင်အယ်ဒီတာ ဖြစ်သည်။)
You may also like these stories:
ကြီးကျယ်မြင့်မြတ်တဲ့ သေဆုံးခြင်းများစွာနဲ့ နိုင်ငံတော်