အဲဒီနေ့ နွေဦးနံနက်ခင်းဟာ မြန်မာပြည်သူတွေအတွက်တော့ မိုးပြိုပြီး ကမ္ဘာပျက်ခဲ့တဲ့နေ့ပါ။ စစ်တပ်က တတိယအကြိမ် အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့။ သူတို့တိုင်းပြည်နဲ့ သူတို့ဘဝတွေအတွက် ဘယ်အရာမှ ပုံမှန် ပြန်မဖြစ်နိုင်တော့ဘူးဆိုတာ သိလိုက်ရတဲ့အချိန်မှာ မိုးပြိုကျသလို ခံစားလိုက်ကြရပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော် ၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့မှာ နယူးယောက်က ကမ္ဘာ့ကုန်သွယ်ရေး စင်တာကြီး နှစ်ခုကို အယ်လ်ကိုင်းဒါး အကြမ်းဖက်သမားတွေ တိုက်ခိုက်ခဲ့တာကို မှတ်မိကြမှာပါ။ ‘9/11’ လို့ ခေါ်တဲ့ အဆိုးဆုံး အကြမ်းဖက်တိုက်ခိုက်မှုတခုပါ။ သာယာတဲ့ အဲဒီ မနက်ခင်းမှာ လေယာဉ်တစင်းက မိုးလောက်မြင့်တဲ့ ကုန်သွယ်ရေးစင်တာရဲ့ မြောက်ဘက် အဆောက်အဦးကို ဝင်တိုက်ပြီး မကြာခင်ပဲ နောက်ထပ် ဂျက်လေယာဉ်ကြီး တစင်းက တောင်ဘက် အဆောက်အဦးကိုလည်း ဝင်တိုက်ခဲ့တဲ့ တိုက်ရိုက် ထုတ်လွှင့်မှုကို တကမ္ဘာလုံး တုန်လှုပ်စွာ ကြည့်ခဲ့ရတယ်။ ကုန်သွယ်ရေးစင်တာ အဆောက်အဦးကနေ ဧရာမ မီးလုံးကြီးတွေ အလိပ်လိုက် ပေါက်ကွဲထွက်လာပြီး သိပ်မကြာခင်ပဲ ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံကြီး နှစ်ခုလုံး ပြိုကျလာတဲ့ မြင်ကွင်းဟာ မြင်ရသူအားလုံးအတွက် မိုးပြိုတဲ့မြင်ကွင်းကြီးပါ။ အထူးသဖြင့် နယူးယောက်မြို့၊ မန်ဟက်တန်မှာ ရပ်ကြည့်နေသူတွေအတွက် တကယ့်ကို မိုးပြိုခဲ့တာပါ။
ကျနော်တို့နိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ဟာလည်း မြန်မာပြည်သူတွေအတွက် မိုးပြိုတဲ့နေ့ပါ။ နယူးယောက်မြို့၊ မန်ဟက်တန် အပေါ်က ကောင်းကင်တစိတ်တပိုင်းသာ ပြိုကျသလို မဟုတ်ဘဲ မြန်မာတနိုင်ငံလုံးပေါ်က မိုးကောင်းကင်ကြီးတခုလုံး ပြိုကျခဲ့တာပါ။
ကျနော်တို့နိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ဟာလည်း မြန်မာပြည်သူတွေအတွက် မိုးပြိုတဲ့နေ့ပါ။ နယူးယောက်မြို့၊ မန်ဟက်တန် အပေါ်က ကောင်းကင်တစိတ်တပိုင်းသာ ပြိုကျသလို မဟုတ်ဘဲ မြန်မာတနိုင်ငံလုံးပေါ်က မိုးကောင်းကင်ကြီးတခုလုံး ပြိုကျခဲ့တာပါ။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းမှုဟာ တနိုင်ငံလုံးကို အဆိုးဆုံး ထိခိုက်ပျက်စီးစေပြီး ပြည်သူ ၅၅ သန်းလုံးရဲ့ ဘဝတွေကို ဖျက်ဆီးခဲ့တာပါ။
အဲဒီ အာဏာသိမ်းတဲ့နေ့ကစပြီး မြန်မာ့လူ့အဖွဲ့အစည်းရဲ့ နိုင်ငံရေး၊ စီးပွားရေးအပါအဝင် အရာရာတိုင်းဟာ အရင်လို မဟုတ်တော့ဘဲ ပြောင်းလဲသွားခဲ့တယ်။ ပုံမှန်လည်ပတ်နေတဲ့ လူနေမှုစနစ်ကို ကျွမ်းထိုးမှောက်ခုံ ဖြစ်စေခဲ့တယ်။ စီးပွားရေးစနစ်ကို ဖရိုဖရဲ ဖြစ်စေခဲ့တယ်။ ပြည်သူတွေရဲ့ အသက်မွေးဝမ်းကြောင်း ဘဝတွေကို ဖျက်ဆီးပစ်လိုက်ပြီး တတိုင်းပြည်လုံး ပုန်ကန်ထကြွဖို့ တွန်းပို့ခဲ့တယ်။ မြန်မာပြည်သူတွေအတွက် ဒီအာဏာသိမ်းမှုဟာ ကမ္ဘာပေါ်က အကြမ်းဖက်တိုက်ခိုက်မှုတွေ အားလုံးထက် ပိုမိုဆိုးရွားတဲ့ ‘အကြမ်းဖက်တိုက်ခိုက်မှု’ ဖြစ်တဲ့အပြင် ၁၉၆၂ ခုနှစ်နဲ့ ၁၉၈၈ ခုနှစ်တွေမှာ ကြုံတွေ့ရတဲ့ စစ်အာဏာသိမ်းမှု တွေထက်လည်း ပိုဆိုးပါတယ်။
မြန်မာမှာ ကမ္ဘာပျက်တဲ့နေ့
တကယ်တော့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ဟာ ပြည်သူတွေအတွက် မင်္ဂလာရှိတဲ့နေ့တနေ့ ဖြစ်ရမှာပါ။ လွန်ခဲ့တဲ့ သုံးလက ရွေးချယ်တင်မြှောက်ခံထားရတဲ့ ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်ကို ကျင်းပပြီး ဒုတိယ ငါးနှစ် သက်တမ်းအတွက် အရပ်သား အစိုးရသစ် ဖွဲ့စည်းဖို့ ပြင်ဆင်မှုတွေ စတင်ရမယ့် ပထမဆုံးနေ့ပါ။
၁၉၆၂ ခုနှစ် ပထမဆုံး အာဏာသိမ်းမှုကနေ ၅၄ နှစ်ကြာပြီး ၂၀၁၆ ခုနှစ်မှာ ပထမဆုံး ဖွဲ့စည်းခွင့်ရခဲ့တဲ့ အရပ်သားအစိုးရအတွက် နောက်ထပ် သက်တမ်းတခုဖြစ်သလို ပြည်သူတွေအတွက် သူတို့ထည့်ခဲ့တဲ့ ဆန္ဒမဲတွေနဲ့ ဒီမိုကရေစီ ဆက်အဓွန့်ရှည်ဖို့ကို မျှော်လင့်ခဲ့တဲ့နေ့။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်တဲ့ အရပ်သား အစိုးရဟာ ပြီးခဲ့တဲ့ ပထမသက်တမ်းအတွင်းမှာ သူတို့ မျှော်လင့်ထားတဲ့ နိုင်ငံရေးပြဿနာတွေအပြင် မမျှော်လင့်ထားခဲ့တဲ့ နိုင်ငံရေးပြဿနာတွေပါ ရင်ဆိုင်ခဲ့ရပြီးပါပြီ။
ဒီပြဿနာတွေအားလုံး မြစ်ဖျားခံရာကတော့ စစ်တပ်က ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်မခံဘဲ လွှတ်တော်မှာ စစ်တပ်က ၂၅ ရာခိုင်နှုန်း ယူထားမှု၊ အစိုးရအဖွဲ့မှာ ရထားတဲ့ အဓိကကျတဲ့ ဝန်ကြီး သုံးနေရာ၊ စစ်ဗိုလ်ချုပ်ဟောင်းတွေ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ရဲ့ ဆန့်ကျင်မှုတွေ အပါအဝင် ဒီမိုကရေစီကို မလိုလားတဲ့ စစ်ခေါင်းဆောင်တွေ ကိုယ်တိုင်ရဲ့ တားဆီးနှောင့်ယှက်မှုတွေပါပဲ။
ဒါပေမဲ့ လာမယ့် ဒုတိယသက်တမ်းမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ပိုတိုးတက်လာဖို့ (မတိုးတက်ရင်တောင် နောက်ပြန်မလှည့်ဖို့)၊ တိုင်းရင်းသား ပြည်နယ်တွေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမိုရဖို့နဲ့ တိုင်းပြည်ရဲ့ စီးပွားရေး ပိုမိုကောင်းလာဖို့ ပြည်သူအများက ယုံကြည်မျှော်လင့်နေခဲ့ကြတယ်။
ဒါပေမယ့် အဲဒီနေ့ အရုဏ်မတက်ခင်မှာပဲ ပြည်သူတွေရဲ့ ရင်ထဲက အဲဒီမျှော်လင့်ချက်တွေ အားလုံးဟာ ချေမွ ဖျက်ဆီးခံလိုက်ရတယ်။ ပြီးခဲ့တဲ့ သုံးလ မပြည့်ခင်ကမှ သူတို့ပေးခဲ့တဲ့ မဲရလဒ်တွေနဲ့ တိုင်းပြည်ဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ဆက်သွားနေမယ်ဆိုတဲ့ မျှော်မှန်းချက်တွေ ပျက်ခဲ့ရတယ်။
သိပြီးတဲ့အတိုင်း ပထမအကြိမ်က ၁၉၆၂ ခုနှစ်၊ ဒုတိယအကြိမ်က ၁၉၈၈ ခုနှစ်နဲ့ အခု တတိယအကြိမ် ၂၀၂၁ ခုနှစ်မှာ သုံးခါမြောက် အလိမ်ခံရပြန်ပါပြီ။ စစ်တပ်အပေါ် ပြည်သူရဲ့ဒေါသကလည်း သုံးဆ မြင့်တက်ခဲ့ပါပြီ။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်းရတာ ရွေးကောက်ပွဲ မဲမသမာမှုကြောင့်လို့ ပြောတယ်။ အဲဒီ စွပ်စွဲချက်ကို မြန်မာပြည်သူတွေသာမက ပြည်တွင်းပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေကပါ လက်မခံပါဘူး။ အာဏာသိမ်းတာကို အကြောင်းပြဖို့အတွက် စစ်တပ်ရဲ့ နောက်ထပ် လိမ်လည်မှုတခုပါ။ သိပြီးတဲ့အတိုင်း ပထမအကြိမ်က ၁၉၆၂ ခုနှစ်၊ ဒုတိယအကြိမ်က ၁၉၈၈ ခုနှစ်နဲ့ အခု တတိယအကြိမ် ၂၀၂၁ ခုနှစ်မှာ သုံးခါမြောက် အလိမ်ခံရပြန်ပါပြီ။ စစ်တပ်အပေါ် ပြည်သူရဲ့ဒေါသကလည်း သုံးဆ မြင့်တက်ခဲ့ပါပြီ။
ဒီနောက်ဆုံး အာဏာသိမ်းမှုဟာ လူထုအုံကြွမှုကိုဖြစ်စေပြီး တည်ငြိမ်နေတဲ့နိုင်ငံကို ထပ်မံ ဒေါသပေါက်ကွဲအောင် ဆွပေးလိုက်တာ ဖြစ်ပါတယ်။ အင်္ဂလိပ်အဘိဓာန်တွေမှာ ဖွင့်ဆိုချက်အရ ‘ဒေါသ’ (anger) ဆိုတာ ‘မမျှတတာ၊ နာကြည်းစရာ၊ ဆိုးရွားမှုတွေ ကြုံရရင် ဖြစ်ပေါ်တဲ့ စိတ်ခံစားမှု’ လို့ဆိုပါတယ်။ နောက်ဖွင့်ဆိုမှု တခုကတော့ ‘ကိုယ့်ကို ဆိုးဆိုးဝါးဝါး ပြုမူဆက်ဆံသူကို ပြန်လည်အော်ဟစ်ချင်တာ၊ သူ့ကို နာကျင်အောင် တုံ့ပြန်လိုတဲ့ ပြင်းထန်တဲ့ စိတ်ခံစားမှု’ လို့ ဖော်ပြပါတယ်။ ဒီဖွင့်ဆိုချက် နှစ်ခုလုံးဟာ စစ်တပ်က အာဏာသိမ်းတဲ့အခါ မြန်မာပြည်သူတွေ ခံစားရတဲ့ ခံစားချက်ကို ကွက်တိ ခြုံငုံမိပါတယ်။ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အခြား တော်လှန်ရေးတွေမှာလိုပဲ ဒီခံစားမှုဟာ မြန်မာနိုင်ငံကို တော်လှန်ရေးထဲ တွန်းပို့ပေးတဲ့ အခြေခံ အကြောင်းတရားတွေထဲက တခုပါ။
ဒါပေမယ့် စစ်အာဏာသိမ်း ပြီးပြီးချင်း ပေါ်ပေါက်လာတဲ့ ‘နွေဦးတော်လှန်ရေး’ ဟာ တကယ့် တော်လှန်ရေး အနေနဲ့ စတင်ခဲ့တာ မဟုတ်ပါဘူး။ (အမည်အနေနဲ့ ‘ရွှေဝါရောင် တော်လှန်ရေး’ ကို ခေါ်သလိုပါပဲ။ ‘ရွှေဝါရောင် တော်လှန်ရေး’ ဟာ တော်လှန်ရေး မဟုတ်ခဲ့သလို နိုင်ငံတဝန်းဖြစ်တဲ့ ‘အရေးတော်ပုံ’ အဆင့်ထိတောင် မရောက်ခဲ့ပါဘူး)။ ‘နွေဦးတော်လှန်ရေး’ ဟာ ပထမတော့ ၁၉၈၈ ခုနှစ်ကလို နိုင်ငံတဝန်း အုံကြွတဲ့ အရေးတော်ပုံတခု ဖြစ်ပါတယ်။
‘တော်လှန်ရေး’ (revolution) ကို အဘိဓာန် အဓိပ္ပာယ် ဖွင့်ဆိုတာတွေထဲက လိုရင်းတိုရှင်း တခုကတော့ ‘နိုင်ငံတနိုင်ငံကို အုပ်ချုပ်သည့် နည်းလမ်းကို (မတူညီသည့် နိုင်ငံရေးစနစ်တခုသို့) များသောအားဖြင့် အကြမ်းဖက် (သို့) စစ်ရေးနည်းကို အသုံးပြုပြီး ပြောင်းလဲပစ်တာ’ ဖြစ်ပါတယ်။ အဲဒီအဆင့်ကို အာဏာသိမ်းပြီး လအနည်းငယ်ကြာမှ ရောက်ခဲ့တာပါ။ ကမ္ဘာ့သမိုင်းတလျှောက်ဖြစ်ခဲ့တဲ့ အခြားတော်လှန်ရေးတွေလိုပဲ ဒီမြန်မာ့တော်လှန်ရေးမှာ အခြေခံ အကြောင်းတရားတွေ များစွာရှိပါတယ်။
တော်လှန်ရေးဖြစ်ပေါ်ဖို့ လတ်တလော အကြောင်းရင်းများ
အာဏာသိမ်းမှုဆိုတာ ဒီမိုကရေစီကို ဆိတ်သုဉ်းစေတဲ့ နည်းလမ်းတခုဆိုပေမယ့် မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းမှုက ဖျက်ဆီးခဲ့တာတွေ အများကြီးပါ။ ဒီမိုကရေစီ ဖြစ်ပေါ်စေနိုင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေ အားလုံးနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို ဦးတည်စေနိုင်တဲ့ အလားအလာတွေကိုလည်း ဖျက်ဆီးခဲ့တာပါ။ သူ့ရဲ့ အာဏာသိမ်းမှုကြောင့် နိုင်ငံရေးအရ ပျက်စီးခဲ့ရတာတွေကတော့
-၂၀၂၀ ရွေးကောက်ပွဲ ရလဒ်၊
-ရွေးကောက်ခံ အရပ်သားအစိုးရနဲ့ လွှတ်တော်၊
-ဗိုလ်ချုပ်ဟောင်း သမ္မတ ဦးသိန်းစိန် ၂၀၁၁ ခုနှစ်မှာ စတင်ခဲ့တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု၊
-ရွေးကောက်ခံအစိုးရ၊ တိုင်းရင်းသားအဖွဲ့အစည်းများနဲ့ စစ်တပ်ပါဝင်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လမ်းကြောင်း၊ အဲဒီအပေါ် လူထုရဲ့ မျှော်လင့် ထောက်ခံမှု၊
-အပစ်အခတ်ရပ်စဲရေး (သို့) ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ (ဒါကြောင့် EAOs အများအပြားဟာ အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင် တော်လှန်ရေးသစ်မှာ ပါဝင်လာကြတာပါ)
-စစ်တပ်ဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ အင်စတီကျူးရှင်း တခုအနေနဲ့ ပါဝင်သင့်တယ်ဆိုတဲ့ ပြည်သူလူထု (နိုင်ငံရေးအင်အားစုတွေ၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ အပါအဝင်) အမြင်တို့ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှုဟာ အဲဒီ နိုင်ငံရေး အလားအလာတွေ အားလုံးကို ဖျက်ဆီးလိုက်သလို သူတို့ရဲ့ ‘အကောင်းဆုံးနဲ့ အလွတ်လပ်ဆုံး’ ကာလတခုကိုလည်း အဆုံးသတ်ခဲ့ပြီဆိုတာကို ပြည်သူတွေ သိလိုက်တယ်။ တကယ်တော့ အရာအားလုံးကို ပျက်စီးသွားစေခဲ့တာပါ။ သူတို့ရဲ့ ဘဝတွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ အခွင့်အလမ်းတွေ၊ မျှော်လင့်ချက်တွေ သာမက အနာဂတ် အိပ်မက်တွေအပါအဝင် အရာအားလုံး ဖျက်ဆီးခံလိုက်ရပြီဆိုတာ ပြည်သူတွေ ကောင်းကောင်း သဘောပေါက်လိုက်ကြတယ်။
စစ်အာဏာသိမ်းမှုဟာ အဲဒီ နိုင်ငံရေး အလားအလာတွေ အားလုံးကို ဖျက်ဆီးလိုက်သလို သူတို့ရဲ့ ‘အကောင်းဆုံးနဲ့ အလွတ်လပ်ဆုံး’ ကာလတခုကိုလည်း အဆုံးသတ်ခဲ့ပြီဆိုတာကို ပြည်သူတွေ သိလိုက်တယ်။ တကယ်တော့ အရာအားလုံးကို ပျက်စီးသွားစေခဲ့တာပါ။ သူတို့ရဲ့ ဘဝတွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ အခွင့်အလမ်းတွေ၊ မျှော်လင့်ချက်တွေ သာမက အနာဂတ် အိပ်မက်တွေအပါအဝင် အရာအားလုံး ဖျက်ဆီးခံလိုက်ရပြီဆိုတာ ပြည်သူတွေ ကောင်းကောင်း သဘောပေါက်လိုက်ကြတယ်။
အဘိုးအဘွားကနေ မြေးမြစ်အထိ မျိုးဆက်အားလုံး နာကျင်၊ မျှော်လင့်ချက်မဲ့ပြီး ဒေါသထွက်ကြရတယ်။ ဒီခံစားချက်ဟာ တော်လှန်ရေး ဖြစ်ပေါ်ဖို့ အတွက် အဓိကကျတဲ့ နိုင်ငံရေးမကျေနပ်ချက်တခု ဖြစ်ပါတယ်။
ရက်စက်မှုအပေါင်း သရဖူဆောင်းတဲ့ စစ်တပ်
အစပိုင်းမှာတော့ လူငယ်ဂျန်ဇီ (Generation Z) အများစုပါဝင်တဲ့ ဆန္ဒပြသူတွေဟာ ပါဖောင်းမန့်စ် (performance) တွေ အပါအဝင် နည်းလမ်းပေါင်းစုံနဲ့ ဆန္ဒပြတဲ့အတွက် အာဏာသိမ်းမှုကို ဆန့်ကျင်မှုတွေဟာ ငြိမ်းငြိမ်းချမ်းချမ်း ရှိခဲ့သလို သူတို့ရဲ့ ပါဖောင်းမန့်စ်တွေဟာလည်း အနုပညာမြောက် ဆန်းသစ်ဖန်တီးမှုတွေနဲ့ အရောင်အသွေးစုံ လှပတက်ကြွနေတယ်။
သူတို့ရဲ့ တောင်းဆိုမှုတွေကတော့ ရှင်းလင်းပြတ်သားပါတယ်။ “စစ်အာဏာရှင်စနစ် ကျဆုံးပါစေ” (Down with the military dictatorship!)၊ “ငါတို့မဲကို လေးစားပါ” (Respect our votes!)၊ “ငါတို့ခေါင်းဆောင်တွေကို ပြန်လွှတ်ပေး” (Free our leaders.) စတဲ့သူတို့ရဲ့ ကြွေးကြော်သံတွေကို မြန်မာလိုရော အင်္ဂလိပ်လိုပါ ကြွေးကြော်ရုံသာမက စာတန်းတွေနဲ့ပါ ကိုင်ဆောင်ဆန္ဒပြခဲ့တယ်။ အဲဒီ တောင်းဆိုချက်တွေအပြင် အုတ်နံရံတွေ ပေါ်မှာလည်း “Fuck the coup!” ဆိုတဲ့ ဂရက်ဖစ်တီ စာတန်းကြီးတွေရေးဆွဲပြီး အာဏာသိမ်းမှုကို ဒေါသတကြီး ရှုတ်ချခဲ့ကြတယ်။
ဒါပေမဲ့ မြန်မာစစ်တပ်ရဲ့ ရက်စက်ဖိနှိပ်လေ့ရှိတဲ့ ညဉ်နဲ့ စရိုက်ကတော့ ပထမအကြိမ် အာဏာသိမ်းကတည်းက မပြောင်းလဲတဲ့အပြင် ပိုလို့တောင် ဆိုးရွားလာတယ်။ ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲတွေကို စစ်ကောင်စီတပ်တွေရဲ့ ဖြိုခွင်းနှိမ်နင်းမှုဟာ အရင်ထက် အဆမတန် ပိုကြမ်းတမ်းခဲ့တယ်။
ဒီတကြိမ် သူတို့ရဲ့ ရက်စက်သတ်ဖြတ်မှုဟာ အဆိုးဆုံးအနေနဲ့ သမိုင်းမှာ မှတ်တမ်းတင်ခဲ့တယ်။ ဖေဖော်ဝါရီလ အာဏာသိမ်းပြီး မကြာခင်မှာပဲ စစ်ကောင်စီတပ်တွေဟာ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြတဲ့လူငယ်တွေကို ဦးခေါင်းနဲ့ ရင်ဘတ်တွေကိုချိန်ပြီး မသေသေအောင် ပစ်သတ်ခဲ့တယ်။ သတ်ဖြတ်ခံရသူတွေဟာလည်း ကလေး လူငယ် လူကြီး မျိုးဆက်အားလုံး ပါဝင်ပါတယ်။
အငယ်ဆုံး သတ်ဖြတ်ခံရသူတွေထဲက တဦးကတော့ အသက် ၆ နှစ်အရွယ် မခင်မျိုးချစ် ဖြစ်ပြီး မန္တလေးက သူ့အိမ်ထဲမှာ ရင်ဘတ်ကိုပစ်ပြီး သတ်ဖြတ်ခံခဲ့ရတယ်။ မန္တလေးကပဲ နောက်တဦးကတော့ အသက် ၁၉ နှစ်အရွယ် မကြယ်စင်ဟာ ဆန္ဒပြနေတုန်း ဦးခေါင်းကို တည့်တည့်ချိန်ပြီး အပစ်ခံခဲ့ရတယ်။
နောက်တဦးကတော့ ကျနော်နဲ့ ထောင်ထဲမှာ အတူနေခဲ့ဖူးတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း မိတ်ဆွေ ကိုစိုးမိုးလှိုင် (ခေါ်) ကိုမဲကြီးပါ။ သူဟာ ၈၈ အရေးတော်ပုံမှာ တက္ကသိုလ်ကျောင်းသား တယောက်အနေနဲ့ ပါဝင်ခဲ့တယ်။ နောက်ပိုင်း ABSDF ကျောင်းသားတပ်မတော်ကို ဝင်ရောက်ခဲ့တယ်။ ၁၉၉၁ ခုနှစ်မှာ အဖမ်းခံရပြီး ထောင်ထဲမှာ ၁၃ နှစ် ချုပ်နှောင်ခံခဲ့ရပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး သိပ်မကြာခင် ပဲခူးမှာ အဖမ်းခံရတဲ့ အချိန်မှာတော့ သူဟာ အသက် ၅၀ စွန်းစွန်းပါ၊ ကျန်းကျန်းမာမာပါ။ ဒါပေမယ့် ဖမ်းဆီးခံရပြီး နှစ်ရက်အတွင်းမှာပဲ ညှဉ်းပန်းနှိပ်စက်ခံရပြီး ဆုံးပါးခဲ့ပါတယ်။
အာဏာသိမ်းပြီး လအနည်းငယ်အတွင်းမှာပဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တိုင်းပြည်ကို ‘လူသတ်ကွင်း’ အဖြစ် ပြောင်းပစ်ခဲ့တယ်။ ကတ္တရာလမ်းတွေပေါ်မှာ သွေးတွေအိုင်ခဲ့တယ်။ ဈာပနအခမ်းအနားတွေ မြို့တိုင်းမှာ ကျင်းပခဲ့ရတယ်။ အိမ်တွေမှာ မိသားစုတွေ မစုံတော့ဘူး။ အကျဉ်းထောင်တွေထဲမှာတော့ ပြည့်ကျပ်လာတယ်။ တနိုင်ငံလုံး မျက်ရည်စက်လက်နဲ့ ဖြစ်ခဲ့ရတယ်။
အာဏာသိမ်းပြီး လအနည်းငယ်အတွင်းမှာပဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တိုင်းပြည်ကို ‘လူသတ်ကွင်း’ အဖြစ် ပြောင်းပစ်ခဲ့တယ်။ ကတ္တရာလမ်းတွေပေါ်မှာ သွေးတွေအိုင်ခဲ့တယ်။ ဈာပနအခမ်းအနားတွေ မြို့တိုင်းမှာ ကျင်းပခဲ့ရတယ်။ အိမ်တွေမှာ မိသားစုတွေ မစုံတော့ဘူး။ အကျဉ်းထောင်တွေထဲမှာတော့ ပြည့်ကျပ်လာတယ်။ တနိုင်ငံလုံး မျက်ရည်စက်လက်နဲ့ ဖြစ်ခဲ့ရတယ်။
ပြည်သူတွေအဖို့ လူသတ်သမားတွေဟာ အိမ်တံခါးဝ ရောက်နေပြီလို့ ခံစားခဲ့ရတယ်။ သူတို့ရဲ့ အိပ်မက်တွေ တစစီပြိုကျခဲ့တယ်။ ကောင်းတာ ဘာမှမကျန်တော့ဘဲ မကောင်းမှုတွေ ကြီးစိုးလာတယ်။ သူတို့ရဲ့နိုင်ငံဟာ အသူရာလို နက်ရှိုင်းတဲ့ စစ်အာဏာရှင်စနစ် ချောက်ကမ်းပါးထဲ ကျဆင်းသွားတာကို မြင်ရချိန်မှာ သူတို့ရဲ့ အကြီးဆုံး အကြောက်တရားတော့ အမှောင်ခေတ်ကြီးဆီ ပြန်ရောက်သွားမှာကိုပါပဲ။ အဲဒီခေတ်ဆိုးကို ပြန်မရောက်ဖို့ဆိုရင် စစ်အာဏာသိမ်းပြီး ဖိနှိပ်တဲ့စစ်တပ်ကို အရှုံးမပေးဘဲ ပြန်တိုက်ဖို့ပဲ ရှိတော့တယ်။ အာဏာရှင်ခေတ်အဆက်ဆက် ရခဲ့တဲ့ ခါးသီးတဲ့ အတွေ့အကြုံတွေနဲ့ နိုင်ငံရေး သင်ခန်းစာတွေဟာ တိုက်မှရမယ်ဆိုတဲ့ သူတို့ရဲ့ နိုင်ငံရေးအသိကို ပိုမိုခိုင်မာစေခဲ့တယ်။
အတိတ်ရဲ့ ခါးသီးတဲ့ သင်ခန်းစာတွေက တော်လှန်ရေးအတွက် ခွန်အား
၁၉၆၂ နဲ့ ၁၉၈၈ ခုနှစ် အာဏာသိမ်း စစ်အစိုးရတွေကို ဖယ်ရှားဖို့ သူတို့ ဆန့်ကျင်တွန်းလှန်တဲ့ နည်းလမ်းတွေဟာ အလုပ်မဖြစ်ခဲ့၊ မအောင်မြင်ခဲ့တဲ့ သင်ခန်းစာတွေဟာ ဒီတကြိမ် တော်လှန်ရေးအတွက် အုတ်မြစ်တွေ ဖြစ်လာတယ်ဆိုရင် မမှားပါဘူး။ ဒီခံစားချက်၊ နိုင်ငံရေးအသိနဲ့ ဆုံးဖြတ်ချက်တွေဟာ စစ်အာဏာရှင်စနစ် ခေတ်အဆက်ဆက် နှစ်ပေါင်း ၆၀ ကျော်အတွင်း ကြောင်အိမ်လှေခါးလို တဆင့်ပြီးတဆင့် မြင့်တက်လာခဲ့တာပါ။
ပြီးခဲ့တဲ့ ဆောင်းပါး အပိုင်း ၂ ဖြစ်တဲ့ ‘၈၈ အရးတော်ပုံ ဘာကြောင့် တော်လှန်ရေးအဆင့် မရောက်ခဲ့သလဲ’ မှာ ဆွေးနွေးခဲ့သလို ၈၈ အရေးတော်ပုံနဲ့ စစ်အစိုးရအောက် ကာလတလျှောက် ရခဲ့တဲ့ သင်ခန်းစာတွေနဲ့ အခုနောက်ထပ် သင်ခန်းစာတွေကို ယှဉ်ကြည့်မယ်ဆိုရင်
-လူထုအုံကြွမှုတွေ အလုပ်မဖြစ်ခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ စစ်ဗိုလ်ချုပ်တွေက လူထုအုံကြွမှုတွေကို ဖိနှိပ်လို့၊ (အခု ၂၀၂၁ မှာလည်း အဲဒီအတိုင်း ထပ်ဖြစ်တယ်)
– ရွေးကောက်ပွဲတွေနဲ့ သောင်ပြိုကမ်းပြို မဲရလဒ်တွေက အလုပ်မဖြစ်ဘူး၊ ဘာကြောင့်လဲဆိုတော့ စစ်အစိုးရက ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုဘဲ အာဏာလွှဲပေးဖို့ ငြင်းဆန်ခဲ့တယ်၊ (အခုတခါ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို သူတို့ ဖျက်သိမ်းခဲ့ပြန်တယ်)
-အကြမ်းမဖက် လှုပ်ရှားမှုနည်းလမ်းတွေလည်း အလုပ်မဖြစ်ဘူး၊ ဘာကြောင့်လဲဆိုတော့ စစ်တပ်က အကြမ်းဖက်ပြီး ရက်ရက်စက်စက် နှိမ်နင်းလို့၊ (၂၀၂၁ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကိုလည်း အကြမ်းဖက် သတ်ဖြတ်ခဲ့တယ်)
-နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေ အလုပ်မဖြစ်ဘူး၊ ဘာကြောင့်လဲဆိုတော့ စစ်ခေါင်းဆောင်တွေက နိုင်ငံတကာစံနှုန်းတွေကို မလိုက်နာလို့၊ (ဒီတကြိမ်လည်း အဲဒီအတိုင်း အတိအကျပါပဲ။)
ဒီသင်ခန်းစာတွေ အထပ်ထပ်ကြုံတွေ့ခဲ့ရတဲ့ ပြည်သူတွေက ဒီစစ်ဗိုလ်ချုပ်တွေနဲ့ ဒီစစ်တပ်ဟာ ဘယ်တော့မှ မပြောင်းလဲဘဲ ဆိုးသထက် ပိုဆိုးဖို့ပဲရှိတယ်ဆိုတဲ့ သမိုင်းပေးအသိ၊ ဘဝပေးအသိ ပေါင်းစပ်ပြီး နိုင်ငံရေးအသိကို ပိုရခဲ့ကြတယ်။ အဲဒီ သင်ခန်းစာတွေ၊ အဲဒီ နိုင်ငံရေးအသိတွေနဲ့အတူ အခုနောက်ဆုံး အာဏာသိမ်းပြီးနောက်ပိုင်း ကမ်းကုန်အောင် ရက်စက်သတ်ဖြတ်မှုတွေကြောင့် ဖြစ်လာတဲ့ ဝမ်းနည်းကြေကွဲမှုနဲ့ ဒေါသတွေ ပေါင်းစပ်လိုက်တဲ့အခါ ပြည်သူတွေမှာ ရွေးချယ်စရာတခုပဲ ကျန်ပါတော့တယ်။ ‘တော်လှန်ရေး’ ဆိုတဲ့ ရရာလက်နက်ဆွဲပြီး တော်လှန်တိုက်ခိုက်ဖို့ပါပဲ။
‘တိုက်မလား၊ အသေခံမလား’ ဆိုတဲ့ နောက်ဆုံးတိုက်ပွဲ
ဒီစေ့ဆော်မှုတွေကြောင့် လူငယ်တွေဟာ စစ်ကောင်စီကို လက်ချည်းဗလာနဲ့ စတင်တိုက်ခိုက်ပြီး ပြည်သူတွေက ပံ့ပိုးခဲ့ကြတယ်။ သူတို့ရဲ့ တော်လှန်ရေးဟာ စစ်ကောင်စီရဲ့ မတရားမှုနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို တုံ့ပြန်မှုပါ။ သူတို့စစ်ပွဲကို လေးခွကြီးတွေ၊ ပလတ်စတစ် ရေပိုက်ပြာတွေနဲ့ လုပ်ထားတဲ့ လေသေနတ်တွေ၊ ဝါးနဲ့လုပ်ထားတဲ့ လေးမြား စတဲ့ လက်လုပ်လက်နက်တွေနဲ့ စတင်ဆင်နွှဲ ကြတယ်။ ခုခံတိုက်ခိုက်တဲ့ လူငယ်တွေ အများအပြား ကျဆုံးခဲ့တယ်၊ ဒါပေမယ့် သူတို့ အရှုံးမပေးခဲ့ကြဘူး။
ဒီဆိုးရွားတဲ့ အခြေအနေတခုလုံးဟာ တိုင်းပြည်ရဲ့ နေရာအနှံ့က လူငယ်တွေကို လက်နက်စွဲကိုင်ဖို့ တွန်းပို့လိုက်တာပဲ ဖြစ်ပါတယ်။ “စစ်အုပ်ချုပ်ရေးအောက်မှာ နေရတာထက် တိုက်ပြီး သေရတာ ပိုကောင်းတယ်“ လို့ လူငယ်တွေ ပြောသလို ‘တိုက်မလား၊ အသေခံမလား’ ဆိုတဲ့ ‘နောက်ဆုံးတိုက်ပွဲ’ ဖြစ်လာခဲ့တယ်။ ဒါဟာ ၁၉၈၈ ‘အရေးတော်ပုံ’ (uprising) ဆိုတာထက် သာလွန်ခဲ့တဲ့ ‘တော်လှန်ရေး’ (revolution) ပါ။
အကျဉ်းချုပ်ရရင် ဒီဆိုးရွားတဲ့ အခြေအနေတခုလုံးဟာ တိုင်းပြည်ရဲ့ နေရာအနှံ့က လူငယ်တွေကို လက်နက်စွဲကိုင်ဖို့ တွန်းပို့လိုက်တာပဲ ဖြစ်ပါတယ်။ “စစ်အုပ်ချုပ်ရေးအောက်မှာ နေရတာထက် တိုက်ပြီး သေရတာ ပိုကောင်းတယ်“ လို့ လူငယ်တွေ ပြောသလို ‘တိုက်မလား၊ အသေခံမလား’ ဆိုတဲ့ ‘နောက်ဆုံးတိုက်ပွဲ’ ဖြစ်လာခဲ့တယ်။ ဒါဟာ ၁၉၈၈ ‘အရေးတော်ပုံ’ (uprising) ဆိုတာထက် သာလွန်ခဲ့တဲ့ ‘တော်လှန်ရေး’ (revolution) ပါ။
ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ တနင်္သာရီနဲ့ အခြားတိုင်းတွေက ဗမာလူငယ်တွေသာမက ချင်း၊ ကချင်၊ ကရင်နီ၊ ကရင်နဲ့ အခြားပြည်နယ်တွေက တိုင်းရင်းသားလူငယ်တွေပါ သူတို့မှာရှိတဲ့ လက်နက်နဲ့ ပြန်လည် တိုက်ခိုက်ကြတယ်။ အမဲလိုက် တူမီးသေနတ်ဟောင်းတွေကိုတောင် သုံးခဲ့ကြတယ်။ သူတို့တွေဟာ စစ်သင်တန်းတက်ဖို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ (EAOs) ရဲ့ နယ်မြေတွေကို အလုံးအရင်း သွားရောက်ခဲ့တယ်။ သူတို့ထဲက အချို့ဟာ မြေအောက်လှုပ်ရှားမှုလုပ်ဖို့ သူတို့ ဒေသတွေကို ပြန်လာခဲ့ကြပေမယ့် အများစုက အဲဒီနေရာတွေမှာပဲ နေရစ်ပြီး စစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအတွက် သူတို့ရဲ့ သီးခြားတပ်ဖွဲ့တွေကို နိုင်ငံအနှံ့ ဖွဲ့စည်းကြတယ်။
တချိန်တည်းမှာပဲ ရွေးကောက်ခံ NLD လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ သူတို့ရဲ့ တိုင်းရင်းသားမဟာမိတ်တွေက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို စစ်ကောင်စီဆန့်ကျင်ရေး အဖွဲ့စုံပါတဲ့ အဖွဲ့အစည်းအဖြစ်သာမက စစ်ကောင်စီရဲ့ ပြည်တွင်းပြည်ပ တရားဝင်မှုကို စိန်ခေါ်တဲ့ စင်ပြိုင်အစိုးရအဖြစ် ဖွဲ့စည်းခြင်းဟာ ပြည်သူတွေအတွက် NUG ကို သူတို့ရဲ့ တရားဝင်အစိုးရအဖြစ် လက်ခံပြီး တော်လှန်ရေးကို ပိုမိုယုံကြည်စေတယ်။ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် နိုင်ငံတဝန်းမှာ ပြည်သူ့ကာကွယ်ရေးတပ် (PDFs) တွေ ပေါ်ပေါက်ခဲ့တယ်။
ဒါဟာ အာဏာသိမ်းမှု (သို့) စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ပုံစံ နောက်ထပ်တဆင့် တက်သွားတာပါ။ လူငယ်ထုဟာ (ပထမဆုံးအကြိမ် မဲပေးခွင့်ရတဲ့သူတွေ အပါအဝင်) ပူပူနွေးနွေး သူတို့ထည့်ခဲ့တဲ့ မဲတွေကို စစ်ခေါင်းဆောင်တွေရဲ့ ဖျက်သိမ်းခံရပြီးတဲ့နောက် စခဲ့တဲ့ တော်လှန်ရေးပါ။ ဗမာနဲ့ တိုင်းရင်းသား လူငယ်ပေါင်းစုံပါဝင်တဲ့ ဒီတော်လှန်ရေးဟာ လွန်ခဲ့သော ဆယ်စုနှစ်ပေါင်းများစွာက EAOs တွေ စတင်ခဲ့တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေး (autonomy) အတွက် တိုက်နေခဲ့တဲ့ လက်နက်ကိုင်တိုက်ပွဲနဲ့ ကွဲပြားပါတယ်။ တိုင်းရင်းသား လူငယ်အများစုကိုယ်တိုင်က နဂိုရှိပြီးသား EAOs အဖွဲ့တွေထဲကို ဝင်တာမဟုတ်ဘဲ သူတို့ ကိုယ်ပိုင်သီးခြား PDF အဖွဲ့တွေ ဖွဲ့ပြီးတိုက်ကြတာပါ။
ဒါပေမယ့် သူတို့ဟာ တိုက်ခိုက်ရေး အတွေ့အကြုံရှိတဲ့ EAOs တွေဖြစ်တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့နဲ့အတူ ယှဉ်တွဲတိုက်ခိုက်နေတာ တွေ့ရမှာပါ။ ဒါကတော့ သူတို့တွေရဲ့ တခုတည်းသော ဘုံရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် ဖြုတ်ချရေးအတွက် အားလုံးနဲ့လက်တွဲ တိုက်ပွဲဝင်နေတာပါပဲ။
ဒါဟာ လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံ ခေတ်သစ်သမိုင်းရဲ့ ပထမဆုံး တော်လှန်ရေးဖြစ်ပါတယ်။
မကြုံဖူးတဲ့ ပူးပေါင်းဆောင်ရွက်မှု
အခု ၂၀၂၁ အာဏာသိမ်းနောက်ပိုင်းမှာ EAOs တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အများစုဟာ ပြည်တွင်းက စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုနဲ့ အတူရပ်တည်ပြီး ပံ့ပိုးကူညီခဲ့ကြတယ်။ ဒါဟာ ၁၉၈၈ ကာလနဲ့ အရေးကြီးတဲ့ ကွဲပြားချက်တခုပါ။ EAOs တွေဟာ လက်နက်ကိုင် တော်လှန်ရေးဆင်နွှဲဖို့ ရောက်လာတဲ့လူငယ်တွေကို လေ့ကျင့်၊ လက်နက်တပ်ဆင်ပေးကြပြီး စစ်ကောင်စီတပ်တွေကို အတူ တိုက်ခိုက်ကြတယ်။ သဘောထားကွဲလွဲမှုတွေရှိပေမဲ့ လူငယ်နဲ့လူကြီး၊ လက်နက်ကိုင်တော်လှန်သူ အဟောင်းနဲ့အသစ်၊ PDF အသစ်တွေနဲ့ EAO အဟောင်းတွေ အခုလောက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုမျိုးကို အရင်က မြန်မာ့လက်နက်ကိုင် တော်လှန်ရေးသမိုင်းမှာ မတွေ့ခဲ့ပါဘူး။
အခုချိန်မှာ အရေးကြီးတဲ့အချက် တချက်ကတော့ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပေါ်မှာ EAO အများစုဟာ လူငယ် တော်လှန်ရေးသမားတွေနဲ့ ပြည်သူတွေနဲ့ ရင်ခုန်သံ တူခဲ့တယ်။ (စစ်ကောင်စီနဲ့ ဆက်လက် ပူးပေါင်းနေသေးတဲ့ EAOs တချို့လည်း ရှိပါသေးတယ်)။ စစ်တပ်ဟာ ပြည်သူလူထုကို အမြဲတမ်း ဖိနှိပ်အနိုင်ကျင့်ပြီး သစ္စာမဲ့ခဲ့တာ မှန်ပေမယ့် ဒီတကြိမ်မှာတော့ ကမ်းကုန်သွားတယ်။
စစ်ကောင်စီကို ဆန့်ကျင်ရာမှာ ပါဝင်ခဲ့တဲ့ EAOs တွေအတွက် စစ်တပ်ကို ယုံကြည်လို့မရဘူး အထူးသဖြင့် သူတို့ ပါဝင်ဆောင်ရွက်နေတဲ့ စစ်တပ်နဲ့ ငြိမ်းချမ်းရေး (သို့) အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်မှာ ပိုယုံကြည်လို့ မရဘူးဆိုတာ အခုနောက်ဆုံး အာဏာသိမ်းမှုက နောက်ထပ် သက်သေတခုပါပဲ။ ရလဒ်ကတော့ အာဏာသိမ်းပြီး နောက်ပိုင်းမှာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ သူတို့ ဆက်မပါဝင်နိုင်တော့ဘူးလို့ တရားဝင် ထုတ်ဖော်ပြောလာတာ ဖြစ်ပါတယ်။
တော်လှန်ရေးအတွက် နိုင်ငံတကာက လေနဲ့ပဲ အကူအညီပေးပြီး လက်တွေ့မှာ ဘာမှ မထောက်ပံ့ခဲ့ပါဘူး။ အဲဒီလို ပြင်ပအကူအညီ ဘာမှမရတာတောင် အခုတော်လှန်ရေးကို သုံးနှစ်ကျော် ရှေ့ဆက်စေခဲ့တာဟာ မြန်မာပြည်သူတွေရဲ့ ထောက်ခံမှုပဲ ဖြစ်တယ်။ ပြည်သူအများစုရဲ့ ထောက်ခံမှု မရှိရင် တော်လှန်ရေးရပ်တည်ဖို့ မဖြစ်နိုင်ပါဘူး။
စစ်ကောင်စီကို ဖြုတ်ချပြီး စစ်အာဏာရှင် အမြစ်ဖြတ်ရေးအတွက် PDF နဲ့ EAO တွေရဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ထိုးစစ်တွေဟာ မြန်မာပြည်သူတွေကို အားတက်စေပြီး ပြည်တွင်းပြည်ပမှာ နေထိုင်နေတဲ့ ပြည်သူတွေဟာ တော်လှန်ရေးအတွက် ဒေါ်လာသန်းပေါင်းများစွာ ထောက်ပံ့ခဲ့ကြတယ်။ တော်လှန်ရေးအတွက် နိုင်ငံတကာက လေနဲ့ပဲ အကူအညီပေးပြီး လက်တွေ့မှာ ဘာမှ မထောက်ပံ့ခဲ့ပါဘူး။ အဲဒီလို ပြင်ပအကူအညီ ဘာမှမရတာတောင် အခုတော်လှန်ရေးကို သုံးနှစ်ကျော် ရှေ့ဆက်စေခဲ့တာဟာ မြန်မာပြည်သူတွေရဲ့ ထောက်ခံမှုပဲ ဖြစ်တယ်။ ပြည်သူအများစုရဲ့ ထောက်ခံမှု မရှိရင် တော်လှန်ရေးရပ်တည်ဖို့ မဖြစ်နိုင်ပါဘူး။
တော်လှန်ရေးအတွက် ပြည်သူတွေရဲ့ ငွေကြေးထောက်ပံ့မှုဟာ အင်မတန် အရေးကြီးသလို အိုင်တီ (IT) ဆိုတဲ့ မိုဘိုင်းဖုန်း၊ ဝိုင်ဖိုင် အင်တာနက် ဆက်သွယ်ရေးနည်းပညာသစ်တွေဟာ နွေဦးတော်လှန်ရေးကို အတိတ်က အရေးတော်ပုံတွေနဲ့ မတူအောင် အများကြီး ပံ့ပိုးပေးခဲ့ပါတယ်။
၁၉၈၈ နဲ့ ကွာခြားတာက ၂၀၂၁ ခုနှစ်မှာ သတင်းအချက်အလက် နည်းပညာဟာ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ပြည်သူတွေရဲ့ ဖုန်းတွေမှာ မှတ်တမ်းတင်နိုင်ပြီး ကမ္ဘာကိုလည်း ချက်ချင်း ချပြနိုင်ခဲ့သလို တော်လှန် ပြည်သူတွေအနေနဲ့ ဖုန်း app တွေသုံးပြီး တော်လှန်ရေးကို အလွယ်တကူ ပံ့ပိုးနိုင်ခဲ့တယ်။
ရှေ့တန်း စစ်မျက်နှာတွေမှာ PDF လူငယ်တွေဟာ ဗုံးတွေကို ဒရုန်းတွေမှာ တပ်ဆင်ပြီး တိုက်ခိုက်တာဟာ စစ်ကောင်စီတပ်တွေကို အထိနာစေပြီး အကျအရှုံး များစေပါတယ်။ ဒါလည်း အတိတ်က EAO တွေရဲ့ ထိုးစစ်တွေမှာ မတွေ့ရဘဲ အခုခေတ် တော်လှန်ရေး လူငယ်တွေရဲ့ အိုင်တီ (IT) နဲ့ ခေတ်ပေါ် နည်းပညာတွေကို ထိထိရောက်ရောက် အသုံးချနိုင်မှုကြောင့် ဖြစ်လာတဲ့တိုးတက်မှုပါ။
စစ်ကောင်စီရဲ့ ရက်စက်မှုတွေက တော်လှန်ရေးစိတ်ဓာတ်ကို ပိုပြင်းထန်စေ
လူငယ်တွေ လက်နက်စွဲကိုင်တော်လှန်တဲ့ နောက်ပိုင်းမှာ စစ်ခေါင်းဆောင်နဲ့ သူတို့ရဲ့ စစ်တပ်ကတော့ ပိုပြီး ရက်စက်ကြမ်းကြုတ်လာကြတယ်။ စစ်တပ်ဟာ တော်လှန်ရေးသမားတွေကိုသာမက တော်လှန်ရေးကို ထောက်ခံတဲ့ အရပ်သားပြည်သူတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်ကြတယ်။ နည်းလမ်းပေါင်းစုံ လက်နက်ပေါင်းစုံသုံးပြီး တိုက်ခိုက်ကြတယ်။ ရုရှား နိုင်ငံထုတ် Su-30 ဂျက်တိုက်လေယာဉ်တွေကနေ MI-17 နဲ့ MI-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေသုံးပြီး ဝေဟင်က ဗုံးကြဲတာအပြင် အမြောက်နဲ့ လက်နက်ကြီးတွေ မျိုးစုံသုံးပြီး တိုက်ခိုက်ကြတယ်။
စစ်ကောင်စီရဲ့ ဂျက်တိုက်လေယာဉ်တွေဟာ စာသင်ကျောင်းတွေ၊ ဆေးရုံတွေကို ဗုံးကြဲတယ်။ သူတို့ရဲ့တပ်တွေက ခရစ်ယာန် ဘုရားကျောင်းတွေ၊ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေပါမချန် ရွာတွေ၊ မြို့တွေကို မီးရှို့တယ်။ အပြစ်မဲ့ ရွာသားတွေကို ပြန်ပေးဆွဲတယ်၊ ညှဉ်းပန်းနှိပ်စက်တယ်၊ ခေါင်းဖြတ်တယ်။ သူတို့ဟာ ပြည်သူတွေ ကြောက်လန့်အောင် အဲဒီနည်းဗျူဟာတွေကို ကျင့်သုံးခဲ့တယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ပြီးခဲ့တဲ့ သုံးနှစ်ကျော်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပေါင်း ၅,၈၀၀ ပြုလုပ်ခဲ့တယ်လို့ ကုလသမဂ္ဂနဲ့ လေ့လာစောင့်ကြည့်နေတဲ့ အဖွဲ့တွေအရ သိရတယ်။ လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် အခြား ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီး ၁,၀၀၀ ကျော်၊ ကလေးငယ် ၆၂၇ ဦးနဲ့ လူပေါင်း ၅,၇၀၀ ခန့် သေဆုံးခဲ့ရတယ်။ သူတို့ကို ဆန့်ကျင်သူပေါင်း ၂၇,၄၀၀ ကျော်ကိုလည်း ဖမ်းဆီးခဲ့တယ်။ ဒီတိုက်ခိုက်မှုတွေကြောင့် သုံးနှစ်အတွင်း လူပေါင်း ၃ သန်းကျော် နေအိမ်တွေကို စွန့်ခွာထွက်ပြေးခဲ့ရတယ်။
စစ်ကောင်စီရဲ့ အဲဒီလို ကြောက်လန့်စရာ တိုက်ခိုက်မှုတွေဟာ တော်လှန်ရေးကို အင်အား မလျော့သွားတဲ့အပြင် တော်လှန်ရေးစိတ်ဓာတ်ကို ပိုမိုပြင်းထန်လာစေတယ်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှာ PDF နဲ့ EAO တွေ စတင်ခဲ့တဲ့ ‘၁၀၂၇ စစ်ဆင်ရေး’ ဟာ အတိတ်နဲ့မတူတဲ့ စစ်ရေးထိုးစစ်တွေကို ဆင်နွှဲခဲ့ပြီး တိုင်းနဲ့ ပြည်နယ်တွေမှာ စစ်ကောင်စီရဲ့ စစ်စခန်းတွေ၊ ကင်းစခန်းတွေနဲ့ မြို့တွေကိုပါ သိမ်းပိုက်နိုင်ခဲ့ကြတယ်။ အဲဒီ စစ်ဆင်ရေးကြောင့် စစ်ကောင်စီတပ်သား ထောင်ပေါင်းများစွာ လက်နက်ချခဲ့ကြတယ်။
ဒါပေမယ့် စစ်ကောင်စီရဲ့ အဲဒီလို ကြောက်လန့်စရာ တိုက်ခိုက်မှုတွေဟာ တော်လှန်ရေးကို အင်အား မလျော့သွားတဲ့အပြင် တော်လှန်ရေးစိတ်ဓာတ်ကို ပိုမိုပြင်းထန်လာစေတယ်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှာ PDF နဲ့ EAO တွေ စတင်ခဲ့တဲ့ ‘၁၀၂၇ စစ်ဆင်ရေး’ ဟာ အတိတ်နဲ့မတူတဲ့ စစ်ရေးထိုးစစ်တွေကို ဆင်နွှဲခဲ့ပြီး တိုင်းနဲ့ ပြည်နယ်တွေမှာ စစ်ကောင်စီရဲ့ စစ်စခန်းတွေ၊ ကင်းစခန်းတွေနဲ့ မြို့တွေကိုပါ သိမ်းပိုက်နိုင်ခဲ့ကြတယ်။ အဲဒီ စစ်ဆင်ရေးကြောင့် စစ်ကောင်စီတပ်သား ထောင်ပေါင်းများစွာ လက်နက်ချခဲ့ကြတယ်။
အနယ်နယ်အရပ်ရပ်က လူငယ်တွေ စတင်ခဲ့တဲ့ ဒီတော်လှန်ရေးကို စစ်တပ်က ရက်စက်ကြမ်းကြုတ်တဲ့ နည်းဗျူဟာတွေနဲ့ ချေမှုန်းနိုင်မယ်လို့ ပညာရှင်တွေ၊ လေ့လာသုံးသပ်သူတွေ အများအပြားက အစကနဦးမှာ ယူဆခဲ့ကြတယ်။ အခုချိန်ပြန်ကြည့်ရင် သူတို့အားလုံး မှားခဲ့ကြတယ်။
အကြောင်းကတော့ ဖြစ်ပေါ်ပြောင်းလဲလာတဲ့ မြန်မာပြည်သူတွေရဲ့ တော်လှန်ရေး စိတ်ဓာတ်ကို သူတို့ နားမလည်နိုင်ခဲ့ဘူး။ စစ်တပ်ရဲ့ အကြိမ်ကြိမ် အာဏာသိမ်းမှု၊ နှစ်ပေါင်း ၆၀ ကျော် တလျှောက်လုံး စစ်အစိုးရ အဆက်ဆက်ရဲ့အောက်မှာ ခံစားခဲ့ရတဲ့ ခါးသီးတဲ့သင်ခန်းစာတွေ၊ ပြီးတော့ ခေတ်အဆက်ဆက် စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေရဲ့ အောင်မြင်မှု၊ ဆုံးရှုံးမှု သင်ခန်းစာတွေကို အခြေခံပြီး ဒီနေ့မှာ တော်လှန်ရေးအဆင့်အထိ ရောက်သွားတယ် ဆိုတာတွေကို ခြုံငုံ မသုံးသပ်နိုင်တာကြောင့် ဖြစ်ပါတယ်။ တနည်းအားဖြင့် လက်ရှိ တော်လှန်ရေးရဲ့ အဓိက အခြေခံတရားတွေကို နားမလည်လို့ပါ။
ရာဇဝတ်သား ဗိုလ်ချုပ်တွေနဲ့ အပေးအယူ မလုပ်တော့
နောက်ဆုံး အာဏာသိမ်းမှုအပြီးမှာ စစ်တပ်ဟာ ပြည်သူတွေရဲ့ရန်သူ ထပ်မံဖြစ်လာတယ်။ ဒီတခါမှာတော့ စစ်တပ်ကို ဘယ်အခြေအနေမှာမှ အပေးအယူလုပ်လို့မရတဲ့ ရန်သူအဖြစ် မြင်လာကြတယ်။ အရင်က နိုင်ငံရေးပါတီတွေကနေ ၈၈ မျိုးဆက်ကျောင်းသားအုပ်စုတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအထိ နိုင်ငံရေးအင်အားစု အများစုဟာ စစ်တပ်နဲ့ စေ့စပ်ညှိနှိုင်းဖို့ လမ်းဖွင့်ထားခဲ့ကြတယ်။
ဒါဟာ ၂၀၂၁ ခုနှစ် အာဏာမသိမ်း ခင်အချိန်အထိ လူများစု လက်ခံထားတဲ့နိုင်ငံရေး သဘောထားလို့ ဆိုရပါမယ်။ သူတို့ အားလုံးဟာ အလျှော့ပေးပြီး စစ်တပ်နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးရဖို့ကြိုးစားခဲ့ကြတယ်။ စစ်တပ်ရဲ့ နှစ်ပေါင်းများစွာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အာဏာ မက်မောမှု တွေရှိပေမယ့် ထိပ်တိုက်တွေ့မှုနဲ့ သွေးချောင်းစီးမှုတွေကို ရှောင်ရှားနိုင်ဖို့ ပြန်လည်သင့်မြတ်ရေးဟာ အကောင်းဆုံး နည်းလမ်းဖြစ်တယ်လို့ နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေသာမက သာမန်ပြည်သူတွေကပါ လက်ခံခဲ့ကြတယ်။
ဒါဟာ မြန်မာစစ်တပ်ဟာ မပြိုကွဲနိုင်လောက်အောင် အင်အားကြီးမားတယ်ဆိုတဲ့ အစဉ်အလာ ယုံကြည်မှုအပေါ် အခြေခံတာကြောင့်လည်း ဖြစ်နိုင်တယ်။ နောက်ထပ် အတွေးတခုကတော့ အခြားနိုင်ငံတွေက ဗိုလ်ချုပ်တွေလို မြန်မာစစ်ခေါင်းဆောင်တွေလည်း အပြုသဘော ပြောင်းလဲလာမယ်လို့ ထင်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါဟာ ၂၀၁၁ ခုနှစ်နောက်ပိုင်း ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရနဲအတူ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို လက်တွဲဆောင်ရွက်ဖို့ NLD ချမှတ်ခဲ့တဲ့ မူဝါဒလည်း ဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီ ပူးပေါင်းဆောက်ရွက်မှုလည်း အလုပ်မဖြစ်ခဲ့ဘူး။ အဲဒီ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ ၂၀၁၁ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အတွင်း မြန်မာပြည်သူတွေဟာ ဗိုလ်ချုပ်ဟောင်းတွေရဲ့ အစိုးရဆီက နောက်ထပ် သင်ခန်းစာဆိုးတွေ ရခဲ့ပြန်တယ်။
-ဒီမိုကရေစီအသွင်ကူးပြောင်းရေး အလုပ်မဖြစ်ဘူး။
-အမျိုးသားပြန်လည်သင့်မြတ်ရေး အလုပ်မဖြစ်ဘူး။
-အပစ်အခတ်ရပ်စဲရေး သို့မဟုတ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အလုပ်မဖြစ်ဘူး။
ဒါကြောင့် ‘အမျိုးသား ပြန်လည်သင့်မြတ်ရေး’ ခေတ် ကုန်ဆုံးသွားပြီး ‘ငြိမ်းချမ်းရေး အစီအစဉ်’ လည်း ပျက်စီးခဲ့တယ်။ အလားတူစွာပဲ ၂၀၂၁ အာဏာသိမ်းပြီး နောက်ပိုင်းလုပ်မယ့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကိုလည်း ပြည်သူတွေက ဆန့်ကျင်ခဲ့တယ်။ ဒီစစ်တပ်ရှိနေသရွေ့ ပြည်သူလူထုက ဒီသဘောထားတွေ ပြောင်းမယ့် သဘောမရှိပါဘူး။
‘အမျိုးသား ပြန်လည်သင့်မြတ်ရေး’ ခေတ် ကုန်ဆုံးသွားပြီး ‘ငြိမ်းချမ်းရေး အစီအစဉ်’ လည်း ပျက်စီးခဲ့တယ်။ အလားတူစွာပဲ ၂၀၂၁ အာဏာသိမ်းပြီး နောက်ပိုင်းလုပ်မယ့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကိုလည်း ပြည်သူတွေက ဆန့်ကျင်ခဲ့တယ်။ ဒီစစ်တပ်ရှိနေသရွေ့ ပြည်သူလူထုက ဒီသဘောထားတွေ ပြောင်းမယ့် သဘောမရှိပါဘူး။
ဒါဟာ ဘာကြောင့်လဲဆိုတော့ စစ်ခေါင်းဆောင်တွေဟာ ပြည်သူလုထုရဲ့ ယုံကြည်မှုနဲ့ မျှော်လင့်ချက်ကို အကြိမ်ကြိမ် ဖျက်ဆီးခဲ့လို့၊ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ဒီမိုကရေစီနိုင်ငံကို တည်ဆောက်ရေးမှာ အခြားနိုင်ငံရေး အင်အားစုတွေ အပါအဝင် ပြည်သူတွေကပေးခဲ့တဲ့ အခွင့်အလမ်းတွေကို ငြင်းပယ်ပြီး သူတို့လုပ်ချင်တာသာ လုပ်ခဲ့လို့ဖြစ်တယ်။ မရိုးသားတဲ့ စစ်ဗိုလ်ချုပ်တွေအပေါ် အားလုံးရဲ့ သည်းခံနိုင်မှု လုံးဝကုန်ခမ်းသွားခဲ့တယ်။
ရာဇဝတ်မှုတွေ အထပ်ထပ် ကျူးလွန်ခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ သူတို့ရဲ့ ကြံရာပါတွေအတွက် အမျိုးသား ပြန်လည်သင့်မြတ်ရေးအစား ခုံရုံးတင် တရားစီရင်မှုကသာ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတော့မယ်။ ရာဇဝတ်သား ဗိုလ်ချုပ်တွေကို တရားစီရင်မှုကသာလျှင် မြန်မာပြည်သူတွေရဲ့ ဒဏ်ရာကို ကုစားပေးနိုင်မယ်။ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တဲ့ စစ်ခေါင်းဆောင်တွေကို တရားစီရင်မှသာ သူတို့ဖျက်ဆီးခဲ့တဲ့ အနာဂတ်ကို ဆောင်ယူပေးနိုင်မှာပါ။ ဒီတကြိမ်မှာ မြန်မာပြည်သူတွေ လိုချင်တာ တရားစီရင်မှုပါ။ စစ်ခေါင်းဆောင်တွေဖြစ်တဲ့ နေဝင်း မလိုဘူး၊ သန်းရွှေ မလိုဘူး၊ မင်းအောင်လှိုင် မလိုဘူး။ စစ်ကောင်စီ မလိုသလို စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ဖွဲတဲ့ အရပ်သားအစိုးရအတုလည်း မလိုပါဘူး။
မြန်မာပြည်သူ အများစုအတွက်ကတော့ သူတို့ရဲ့ အသွေးအသားနဲ့ ကျန်ရှိသမျှ ပိုင်ဆိုင်မှုတွေ အားလုံးနဲ့ ဒီတိုက်ပွဲကို တိုက်နေကြတယ်လို့ ဆိုရမှာပါ။ ဒါကြောင့် ဒီတိုက်ပွဲဟာ နောက်ဆုံးတိုက်ပွဲ၊ အရှုံးမခံနိုင်တဲ့တိုက်ပွဲ၊ သူတို့အသက်တွေ၊ ဘဝတွေပေးပြီး အလောင်းအစား လုပ်ထားရတဲ့တိုက်ပွဲ၊ ဒါကြောင့် ‘တိုက်မလား၊ သေမလား’ ဆိုတဲ့ တိုက်ပွဲဖြစ်တယ်။
မြန်မာ့တော်လှန်ရေးရဲ့ ဒီဆင့်ကဲဖြစ်ပေါ်တိုးတက်မှုကို နားလည်ပြီဆိုရင် အရင်လို စစ်တပ်ကို ဗဟိုပြုစဉ်းစားတဲ့ ဘယ်နိုင်ငံရေးဖြေရှင်းမှုပုံစံ (သို့) ဘယ်သံတမန်ရေးရာ ချဉ်းကပ်မှုကမှ အလုပ်မဖြစ်ဘူးဆိုတာ ကောင်းကောင်း သဘောပေါက်ပါလိမ့်မယ်။ အရင်လို စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ထောက်ခံဖို့၊ စစ်ဗိုလ်ချုပ်တွေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ဖို့ နည်းဟောင်းတွေဟာ အနှစ်သာရကင်းမဲ့ပြီး မရိုးသားတဲ့ နိုင်ငံရေး နည်းလမ်းတွေဆိုတာ အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာအသိုက်အဝန်းဟာ နားလည်သင့်တယ်။ နောက် ဒါဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့လည်း ဆန့်ကျင်နေတယ်ဆိုတာ သိဖို့လိုပါတယ်။
တရုတ်၊ ရုရှား၊ အိန္ဒိယ အပါအဝင် တချို့နိုင်ငံတွေရဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေကို ထောက်ခံနေတာဟာ မြန်မာပြည်သူတွေကို စစ်ကောင်စီနဲ့အတူ ရာဇဝတ်မှုတွေ ဝိုင်းပြီးကျူးလွန် နေတာပါပဲ။
ဒီတကြိမ် မြန်မာပြည်သူတွေရဲ့ ဆန့်ကျင်တော်လှန်မှုဟာ ‘စစ်အာဏာရှင် တော်လှန်ရေး’ ပါ။ စစ်အာဏာရှင် စနစ်တခုလုံးနဲ့အတူ လိမ်လည်လှည့်ဖျားမှု၊ ကျင့်ဝတ်ပျက်မှု၊ ကြမ်းတမ်းရက်စက်မှု၊ အဂတိလိုက်စားမှု အစရှိတဲ့ ‘ယဉ်ကျေးမှု’ တခုအဖြစ် အမြစ်တွယ်နေတဲ့ စစ်တပ်ရဲ့ ဆိုးဆိုးဝါးဝါး အကျင့်ဆိုးတွေ အားလုံးကို နိဂုံးချုပ်ဖို့ တော်လှန်ရေးပါ။
ဒီတော်လှန်ရေး အောင်မြင်မှသာ မြန်မာနိုင်ငံမှာ စစ်တပ်ကြောင့် အကြိမ်ကြိမ်အဖန်ဖန် ဖြစ်နေတဲ့ မကောင်းမှုသံသရာတွေ အဆုံးသတ်ပြီး တည်ငြိမ်အေးချမ်းတဲ့ နိုင်ငံသစ်တခု တည်ဆောက်နိုင်မှာဖြစ်သလို ကာလကြာရှည် ဒုက္ခခံစားနေရတဲ့ ပြည်သူအားလုံးလည်း ဂုဏ်သိက္ခာရှိရှိ လွတ်လပ်ပျော်ရွင်စွာ နေနိုင်မှာပါ။
(ပြီးပါပြီ)
(ကျော်စွာမိုးသည် ဧရာဝတီ အင်္ဂလိပ်ပိုင်းဌာန အမှုဆောင်အယ်ဒီတာ ဖြစ်ပြီး သူ၏ Evolution of the Myanmar Revolution (Part 3): The Factors That Sparked the Current Revolution ကို ဘာသာပြန်သည်။)
You may also like these stories:
မြန်မာ့တော်လှန်ရေးရဲ့ ဆင့်ကဲပြောင်းလဲမှု (Podcast)
အာဏာသိမ်းလိုက်တာ မိုးပြိုကျသလို ကမ္ဘာပျက်တာပဲ (Podcast)
အရှိန်အဟုန် ကြီးလာနေသော မြန်မာ့တော်လှန်ရေး ဒီလှိုင်း