အီလွန်မတ်စ် (Elon Musk) ရဲ့ EV ကားကုမ္ပဏီ တက်စ်လာ (Tesla) က ၂၀၂၄ အတွင်း တရုတ်မှာ ကားအစီးရေ ၆ သိန်း ၅ သောင်း ၇ ထောင် (၆၅၇,၀၀၀) ကျော် ရောင်းချ နိုင်ခဲ့ပြီး ရောင်းအား စံချိန်တင် မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ ရောင်းအားဟာ ၈ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။
တနှစ်တာ အတွင်း ကမ္ဘာလုံးဆိုင်ရာ တင်ပို့ ရောင်းချမှု ပထမဆုံးအကြိမ် ကျဆင်းခဲ့သော်လည်း ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ဈေးကွက်တခု အတွင်း အားကောင်းတဲ့ စွမ်းဆောင်နိုင်မှု ဖြစ်ကြောင်း ပြီးခဲ့တဲ့ သောကြာနေ့က ထုတ်ပြန် ပြောဆို ခဲ့ပါတယ်။
ကမ္ဘာ့ အကြီးဆုံး ကားဈေးကွက် တခုအတွင်း တက်စ်လာ ရဲ့ရောင်းအားဟာ ပြီးခဲ့တဲ့ လထက် ဒီဇင်ဘာလ အတွင်း ၁၂ ဒသမ ၈ ရာခိုင်နှုန်း တိုးလာခဲ့ပြီး စံချိန်တင် ကားအစီးရေ ၈၃,၀၀၀ ရောင်းချနိုင်ခဲ့ကြောင်း Tesla China ရဲ့ အဆိုအရ သိရပါတယ်။
၂၀၂၄ မှာ တက်စ်လာ ဟာ ထုတ်လုပ်တဲ့ ကားတွေရဲ့ ၃၆ ဒသမ ၇ ရာခိုင်နှုန်းကို ၎င်းတို့ရဲ့ ဒုတိယ အကြီးဆုံး ဈေးကွက် ဖြစ်တဲ့ တရုတ်က ဝယ်သူတွေထံ တင်ပို့ ရောင်းချနိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။
ဒါပေမယ့် တကမ္ဘာလုံး တင်ပို့မှုမှာတော့ ၁ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းသွားတာကြောင့် CEO ဖြစ်သူ အီလွန်မတ်စ် ရဲ့ အနည်းငယ် တိုးတက်လာမယ် ဆိုတဲ့ ခန့်မှန်းချက်ကတော့ မမှန်ကန်နိုင်တော့ဘူးလို့ ဆိုရမှာပါ။

ဥရောပ အထောက်အပံ့ လျှော့ချလိုက်တာ၊ ဈေးနှုန်း ပိုသက်သာတဲ့ ဟိုက်ဘရစ် ကားတွေဘက်ကို အမေရိကန်ရဲ့ အလေးပေးမှု ပြောင်းလဲသွားတာ နဲ့ တရုတ်ရဲ့ BYD လို ကုမ္ပဏီတွေကြောင့် ကမ္ဘာ့ဈေးကွက်က ပိုမိုပြင်းထန် လာတာ တွေက ရောင်းအား ကျစေတဲ့ အချက်တွေလို့ သိရပါတယ်။
တက်စ်လာ ဟာ တနှစ်တာလုံး ရောင်းအား ၁ ဒသမ ၇၉ မီလီယံ ရှိခဲ့ပါတယ်။
အဲဒါဟာ ရောင်းအား ၁ ဒဿမ ၇၆ မီလီယံ ရှိခဲ့ကာ ၁၂ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်လာခဲ့တဲ့ BYD ထက် အနည်းငယ်ပဲ အသာရခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
အမေရိကန် EV ကုမ္ပဏီကြီး တက်စ်လာ ဟာ ဝယ်လိုအား လျော့နည်းလာမှုနဲ့ တရုတ် EV ကုမ္ပဏီတွေရဲ့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုကြောင့် မနှစ်က တကမ္ဘာလုံး အလုပ်သမား အင်အားကို လျှော့ချခဲ့ရပြီး တရုတ်ဘက် အရောင်း အဖွဲ့ ကိုလည်း လျှော့ချခဲ့ရတယ်လို့ သိရပါတယ်။
တရုတ်ရဲ့ EV ဈေးနှုန်းပြိုင်ပွဲဟာ သုံးနှစ်ထဲ ဝင်ရောက်လာတာနဲ့အမျှ တက်စ်လာ ဟာ သူတို့ရဲ့ အရောင်းရဆုံး Model Y အတွက် အတိုးမဲ့ ချေးငွေများ အပေါ် ယွမ် ၁၀၀၀၀ (အမေရိကန် ဒေါ်လာ ၁၃၆၉ ဒသမ ၉၉) လျှော့ချပေးခဲ့ကာ Model 3 နဲ့ Model Y ကားတချို့ကို ၅ နှစ် အတိုးမဲ့နဲ့ ဝယ်ယူနိုင်ခွင့်အား ဒီလကုန်ထိ တိုးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။
Dynasty နဲ့ Ocean စီးရီးတို့လို EV နဲ့ Plug-in Hybrids တွေနဲ့ ဈေးနှုန်းလျှော့ချမှုပြိုင်ပွဲကို ဦးဆောင်ခဲ့တဲ့ BYD ဟာ ကားအစီးရေ ၄ ဒသမ ၂၅ မီလီယံကျော်ရောင်းချနိုင်ခဲ့ပြီး ရည်မှန်း ရောင်းအားကို ၄၁ ရာခိုင်နှုန်း ကျော်လွန်ခဲ့တယ်လို့ ဆိုပါတယ်။
တရုတ် EV လောကမှာ ချန်ပီယံဖြစ်တဲ့ BYD ရဲ့ ပြည်ပ တင်ပို့မှုဟာ အစီးရေ ၄၁၇,၂၀၄ စီးရှိခဲ့ပြီး ၇၁ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ တကမ္ဘာလုံး ရောင်းအားရဲ့ ၉ ဒသမ ၈ ရာခိုင်နှုန်း ရှိခဲ့တယ် လို့လည်း သိရပါတယ်။
အစီးရေ ၄၅၀,၀၀၀ တင်ပို့ဖို့ BYD ရဲ့ ရည်မှန်းချက်ဟာ မပြည့်ဝခဲ့ဘဲ ဒါဟာ EU ရဲ့ တရုတ်က တင်ပို့တဲ့ EV တွေ အပေါ် အခွန်တိုးမြှင့် ကောက်ခံမှုကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
BYD ဟာ ၁၇ ရာခိုင်နှုန်း အခွန်တိုးမြှင့် ကောက်ခံခြင်း ခံရပြီး တရုတ် ကုမ္ပဏီတွေထဲမှာ အနည်းဆုံး ဖြစ်တယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံ ပြင်ပမှာရောင်းချတဲ့ BYD ရဲ့ ကား ၅ စီးမှာ တစီးနှုန်း နီးပါးဟာ ဘရာဇီးကို ရောင်းချခဲ့ရတာဖြစ်ပြီး BYD နဲ့ သူတို့ရဲ့ ကန်ထရိုက်တာ Jinjiang Group တို့ဟာ ဒေသတွင်း BYD စက်ရုံ ဆောက်လုပ်ရေး လုပ်ငန်းခွင်ရှိ တရုတ် အလုပ်သမားတွေ ရဲ့အခြေအနေနဲ့ ပတ်သက်ပြီး ဘရာဇီး အာဏာပိုင်တွေရဲ့ စုံစမ်းစစ်ဆေးခြင်း ခံနေရတယ် လို့လည်း ဆိုပါတယ်။
Ref : Bangkok Post














