မြန်မာပြည်မှာ လျှပ်စစ်မီးတွေ ပိုပျက်လာတဲ့ သတင်းတွေ ကြားလာရပြန်တယ်။ အာဏာသိမ်း စစ်ကောင်စီဟာ တနေ့တခြား ဆိုးရွားလာတဲ့ တိုင်းပြည်ရဲ့ လျှပ်စစ်ဓာတ်အား အခြေအနေကို ကုစားရန်ဆိုပြီး “လျှပ်စစ်နှင့် စွမ်းအင် ဖွံ့ဖြိုးရေးကော်မရှင်” ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဖွဲ့စည်းခဲ့ပါတယ်။
အဲဒီအဖွဲ့မှာ ဗိုလ်ချုပ်ကြီးတဦးက ဥက္ကဋ္ဌအဖြစ်နဲ့ ပါဝင်ပြီး လူ ၁၇ ဦး ပါဝင်တာ တွေ့ရပါတယ်။
အဲဒီကော်မရှင်မှာ ဥက္ကဋ္ဌအဖြစ် ဒု ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒု ဥက္ကဋ္ဌ ၁ အဖြစ် လျှပ်စစ်စွမ်းအားဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒု ဥက္ကဋ္ဌ ၂ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်နဲ့ ပြည်ထောင်စုဝန်ကြီး၊ ဒု ဝန်ကြီးတို့ပါတဲ့ အဖွဲ့ဝင် ၁၇ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။
ပါဝင်သူတွေကို လေ့လာကြည့်တော့ လျှပ်စစ်နည်းပညာအကြောင်း၊ လျှပ်စစ်စီးပွားရေး လုပ်ငန်းအကြောင်း နားလည်သူ တယောက်မှ မပါတာကို တွေ့ရပါတယ်။ သူတို့ထဲမှာ လျှပ်စစ်နဲ့ အနီးစပ်ဆုံးဖြစ်တဲ့ လျှပ်စစ်ဝန်ကြီးက စစ်အင်ဂျင်နီယာ ဗိုလ်ချုပ်တဦးဖြစ်ပြီး အာဏာသိမ်းစစ်တပ်က တတိယမြောက် ခန့်အပ်ခဲ့တဲ့ ဝန်ကြီးဖြစ်ပါတယ်။
ဒု ဝန်ကြီးကလည်း လျှပ်စစ်ဝန်ကြီးဌာနကို မိုးကျရွှေကိုယ် အရာရှိကြီးအနေနဲ့ ပြောင်းလာခဲ့တဲ့ ဗိုလ်မှူးတဦးသာ ဖြစ်ပါတယ်။ ရှုပ်ထွေးခက်ခဲလှတဲ့ လျှပ်စစ်လုပ်ငန်းရဲ့ အခြေခံတွေကို သိသူမဟုတ်ပါ။
ဒု ဝန်ကြီးကလည်း လျှပ်စစ်ဝန်ကြီးဌာနကို မိုးကျရွှေကိုယ် အရာရှိကြီးအနေနဲ့ ပြောင်းလာခဲ့တဲ့ ဗိုလ်မှူးတဦးသာ ဖြစ်ပါတယ်။ ရှုပ်ထွေးခက်ခဲလှတဲ့ လျှပ်စစ်လုပ်ငန်းရဲ့ အခြေခံတွေကို သိသူမဟုတ်ပါ။
တိုင်းပြည်ရဲ့ လျှပ်စစ်ဓာတ်အားပေးရေး လုပ်ငန်းဆိုတာ နည်းပညာ၊ ငွေကြေးရင်းနှီးမြှုပ်နှံမှုနဲ့ အရှုံးအမြတ်၊ ပြည်တွင်း ပြည်ပ နိုင်ငံရေးနဲ့ စီးပွားရေးအခြေအနေ၊ ဒေသန္တရပထဝီနဲ့ လူနေမှု၊ သဘာဝပတ်ဝန်းကျင် အခြေအနေ စသဖြင့် အကုန်ထည့်သွင်း တွက်ချက်စဉ်းစားရတဲ့ အတော်ခက်ခဲပြီး တိုင်းပြည်အတွက် အင်မတန် အရေးကြီးတဲ့ လုပ်ငန်းကြီး ဖြစ်ပါတယ်။

ဒီလောက်ခက်ခဲတဲ့ လုပ်ငန်းကြီးကို ဘာမှ နားမလည်သော လူ ၁၇ ယောက်နဲ့ ဖွံ့ဖြိုးအောင် ဆောင်ရွက်မယ်ဆိုသည်မှာ မျက်မမြင်ပုဏ္ဏားတွေကို စေလွှတ်ခိုင်းစေသည်နှင့်ပင် တူပါသည်။
တကယ်တော့ လက်ရှိ အာဏာသိမ်းထားသည့် အခြေအနေနှင့် မြန်မာပြည်၏ လျှပ်စစ်ကို ဖွံ့ဖြိုးအောင်လုပ်ဖို့ သိကြားမင်းတောင် တတ်နိုင်ဖို့ မမြင်ပါ။
ယနေ့ တိုင်းပြည်ရဲ့ လျှပ်စစ် ထုတ်လုပ်နိုင်မှုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က အမြင့်ဆုံး ထုတ်လုပ်နိုင်မှုပမာဏ ၃,၆၀၀ မဂ္ဂါဝပ်ကျော်ကျော်ရဲ့ ထက်ဝက်ခန့်သာ ရှိပါတယ်။
လက်ရှိမှာ စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်ကလွဲပြီး ကျန် တိုင်းနဲ့ပြည်နယ်များမှာ လျှပ်စစ်မီး မမှန်သလို ရန်ကုန်မြို့ကဲ့သို့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်နေတဲ့ စက်မှုဇုန်များကိုတောင် တရက်လျှင် လျှပ်စစ်မီး လေးနာရီ ပြည့်အောင် မပေးနိုင်။
လျှပ်စစ် ထုတ်လုပ်ဖို့ဆိုတာ အစိုးရကိုယ်တိုင်က ဒေါ်လာ သန်း ရာဂဏန်း၊ ထောင်ဂဏန်း ရင်းနှီးမြှုပ်နှံဖို့ ရှိရမယ်၊ မရှိရင် ချေးငှားမယ့်သူ ရှိရမယ်၊ မဟုတ်ရင် ပြင်ပက ရင်းနှီးမြှုပ်နှံသူတွေ ဝင်လာရမယ်။
ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့ အစိုးရတွေတောင် ကိုယ်တိုင်ရင်းဖို့ ငွေမရှိလို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ် လုပ်ကိုင်ခဲ့ရတာဖြစ်တဲ့အတွက် အခုလို အာဏာသိမ်းထားပြီး စစ်စရိတ်တွေကြောင့် နိုင်ငံခြားငွေ အကြီးအကျယ် လိုအပ်နေတဲ့ အခြေအနေနဲ့ဆိုရင်တော့ ဆိုဖွယ်ရာပင် မရှိတော့ပေ။
ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့ အစိုးရတွေတောင် ကိုယ်တိုင်ရင်းဖို့ ငွေမရှိလို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ် လုပ်ကိုင်ခဲ့ရတာဖြစ်တဲ့အတွက် အခုလို အာဏာသိမ်းထားပြီး စစ်စရိတ်တွေကြောင့် နိုင်ငံခြားငွေ အကြီးအကျယ် လိုအပ်နေတဲ့ အခြေအနေနဲ့ဆိုရင်တော့ ဆိုဖွယ်ရာပင် မရှိတော့ပေ။
ထို့အတူ ချေးငှားမည့်သူလည်း မရှိ။ ဖြစ်ပျက်နေတဲ့ တိုင်းပြည်ရဲ့ အခြေအနေနဲ့လည်း ဘယ်သူမှ ဒေါ်လာ သန်း ရာထောင်ချီ ရင်းရမည့်အလုပ်တွေ လာမလုပ်ရဲ။ လုပ်ကိုင်နေဆဲ လုပ်ငန်းလည်းဖြစ်၊ စစ်တပ်ကိုလည်း အပြည့်အဝ ထောက်ခံတဲ့ တရုတ်အစိုးရပိုင် (တရုတ်အစိုးရ + ဟောင်ကောင်ပုဂ္ဂလိက) V Power ရဲ့ LNG သင်္ဘောကြီးတောင် ထွက်ခွာသွားတာ ကြာပြီဖြစ်သလို သူတို့ ရင်းနှီးမြှုပ်နှံထားတဲ့ မီးစက်ကြီးတွေကို မိုးထဲရေထဲ ဒီအတိုင်း ပစ်ထားတာ ကြည့်ခြင်းအားဖြင့် အခြေအနေ ဘယ်လောက်ဆိုးနေတယ်ဆိုတာကို တွက်ဆလို့ ရပါတယ်။
တကယ်ဆို နိုင်ငံရေးအားဖြင့်လည်း စစ်တပ်ကို အားပေးတဲ့တိုင်းပြည်၊ လုပ်ငန်းကလည်း လက်ရှိ လည်ပတ်နေတဲ့လုပ်ငန်း၊ ရင်းထားတာလည်း သန်းရာဂဏန်း၊ နည်းပညာအားဖြင့်လည်း ခက်ခက်ခဲခဲ အချိန်ယူ လုပ်ထားရတဲ့ စီမံကိန်း၊ ဒီလိုအဖွဲ့တောင် ပြန်မလာနိုင်သေးတာ လျှပ်စစ်ထုတ်လုပ်ရေးအတွက် ဘယ်ကဲ့သို့သော ရင်းနှီးမြှုပ်နှံမှုအသစ်ကို မျှော်လင့်နိုင်ပါအံ့နည်း။
ဤသို့သော အခြေအနေမှာ ပုဏ္ဏားကြီးတွေ တောပြောတောင်ပြော မိုးပြောဂျိုးပြောနဲ့ အချိန်ကုန်အောင် ဟိုလုပ်ဒီလုပ်ပြနေရုံသာ တတ်နိုင်မှာ ဖြစ်ပါတယ်။ လျှပ်စစ်ကတော့ မျှော်လင့်ချက် မဲ့ခဲ့ပြီဖြစ်ပါတယ်။
တခုတော့ရှိတယ်၊ လျှပ်စစ်ကတော့ ဆင်ကြီးလို ဟိုနားကိုင်လိုက် ဒီနားကိုင်လိုက် လုပ်လို့ မရဘူးပေါ့။ ကိုင်ရင်တော့ ကိုယ့်စရိတ်နဲ့ကိုယ်ပဲ။
(စာရေးသူသည် ဩစတြေးလျနိုင်ငံတွင် ယာယီနေထိုင်နေသူ စွမ်းအင်ဆိုင်ရာ ကျွမ်းကျင်သူတဦး ဖြစ်သည်။)
You may also like these stories:
စစ်ကောင်စီက လျှပ်စစ်မီးမှန်ဖို့ ကော်မရှင်ဖွဲ့
ရန်ကုန်မြို့ခံတွေရဲ့ လျှပ်စစ်မီးဒုက္ခ (ရုပ်/သံ)
ဝမရှိဘဲ ဝိလုပ်နေသည့် စစ်ကောင်စီ၏ လျှပ်စစ်
နျူကလီးယား စွမ်းအင်နှင့် လမ်းပျောက်နေသော စစ်ကောင်စီ














