စစ်ကောင်စီက ကျင်းပရန် စီစဉ်ထားသော မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အကယ်ဒမီဆန်ခါတင်စာရင်းတွင် အာဏာ သိမ်းမှုကို ဆန့်ကျင်မှုကြောင့် ပုဒ်မ ၅၀၅-က ထုတ်ခံထားရသော၊ ထောင်ဒဏ်ကျခံနေရသော သရုပ်ဆောင်၊ ဒါရိုက် တာများ၏ ဇာတ်ကားများကိုပါ ထည့်သွင်းထားကြောင်း သိရသည်။
သို့သော်လည်း အာဏာသိမ်းမှုနှင့် ပြည်သူလူထုကို သတ်ဖြတ်နေသည့် အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်နေသည့် အနုပညာရှင်များက စိတ်မဝင်စားကြောင်း ပြောကြသည်။
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၁၉ ခုနှစ်မှ စတင်ကာ ရပ်နားထားခဲ့ပြီးနောက် ယခုနှစ် ဧပြီလအတွင်း နေပြည်တော်၌ ပြုလုပ်ကျင်းပရန် စစ်ကောင်စီက စီစဉ်နေခြင်းလည်း ဖြစ်သည်။
ပုဒ်မ ၅၀၅-က ထုတ်ခံထားရသော ဒါရိုက်တာ ဏကြီးက “သုသုတို့၊ ဒေါင်းတို့၊ ကိုပေါက်တို့ နာမည်တွေ ပါထားတယ် ဆိုတာ ဒါက သက်သက်ကို လုပ်ထားတာ။ သူတို့ပေးမှာ မဟုတ်ဘူး။ ၅၀၅ သမားတွေ၊ တော်လှန်ရေးမှာ အားကြိုးမာန် တက် ပါနေတဲ့လူတွေဆိုတော့ ပေးမှာ မဟုတ်ဘူး။ နာမည်တွေကို သက်သက်ထည့်ထားတာ။ ငါတို့ မင်းတို့ကို ထည့် စဉ်းစားထားပေးတယ်။ မင်းတို့ အသုံးမကျလို့ မင်းတို့မရတာ။ သက်သက်မဲ့ နှိမ်ချင်လို့ကို လုပ်တာပါ” ဟု မှတ်ချက်ပြု သည်။
ဆန်ခါတင်ရုပ်ရှင်ဇာတ်ကား ၂၉ ကားတွင် အကယ်ဒမီကျော်သူ ပါဝင်သရုပ်ဆောင်ထားသည့် ကျောမှာဂဠုန် ရင်မှာ နဂါး၊ ၁၀၁၄၊ အကယ်ဒမီ မင်းမော်ကွန်း ပါဝင်သည့် နိုင်ငံကြီးသား၊ ထာဝရထက်နှစ်ဆ၊ သရုပ်ဆောင် ဒေါင်း ပါဝင် သည့် ၁၀၁၄၊ လိပ်ပြာစံအိမ်၊ ဒဏ္ဍာရီမိုး၊ ဒါရိုက်တာ ကိုပေါက် ရိုက်ကူးထားသည့် ရိုးမပေါ်ကျတဲ့မျက်ရည်၊ သရုပ်ဆောင် ဇဏ်ခီ၊ အကယ်ဒမီ ပိုင်ဖြိုးသုတို့ ပါဝင်သရုပ်ဆောင်ထားသည့် ထာဝရနှောင်ကြိုး၊ သရုပ်ဆောင် ဖွေးဖွေး ပါဝင်သည့် သူစိမ်းအိမ်၊ လျှပ်၍လွင့်သော၊ ကြာတော့သည်လည်းမောင့်စကား ဇာတ်ကားများ ပါဝင်နေသည်။
ထို့ပြင် ပုဒ်မ ၅၀၅-က၊ မူးယစ်ပုဒ်မ ၁၆ (ဂ)/၂၃ တို့ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၃ နှစ် ကျခံနေရသော သရုပ် ဆောင် ရဲတိုက် ပါဝင်သည့် ဒဏ္ဍာရီမိုး ရုပ်ရှင်ဇာတ်ကားသည်လည်း အကယ်ဒမီဆန်ခါတင် ၂၉ ကားစာရင်းထဲ ပါဝင် သည်။
အကယ်ဒမီ ပိုင်ဖြိုးသုက “အကယ်ဒမီကတော့ သူတို့ လုပ်စရာရှိလို့ လုပ်ကြတယ်ပေါ့။ အထူးအထွေ မခံစားနေတော့ ပါဘူး။ အကယ်ဒမီ မပြောနဲ့ သုသုတို့ ရိုက်ခဲ့တဲ့ ကြော်ငြာတွေ ဆိုရင်တောင် ဖြတ်လိုက်တယ်။ အစတုန်းကဆို သုသု ကြော်ငြာကို မျက်နှာဝါးထားပြီး ပြတယ်။ အခုကျတော့ သုသုပါတဲ့အကြောင်းကို လုံးဝ ဖြတ်ထုတ်ပြီး ပြတာဆိုတော့ ကျန်တာတော့ ဘာမှ မျှော်လင့်လို့ မရဘူး” ဟု ပြောသည်။
ပိုင်ဖြိုးသုသည် ၂၀၁၇ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် သရဲမ၊ ဘီလူးမနှင့် မိန်းမပျို ဇာတ်ကားဖြင့် အကောင်း ဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိထားသူ ဖြစ်ပြီး ၂၀၂၁ စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ခြင်းကြောင့် စစ်ကောင်စီက ၎င်းအား ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထားသည်။
ဆက်လက်၍ အကယ်ဒမီ ပိုင်ဖြိုးသုက “လူဆိုတာတော့ ဘယ်သူမဆို လွယ်တာကို ကြိုက်တာပေါ့။ ခက်ခက်ခဲခဲ နေရ တယ်။ အရင်အခြေအနေနဲ့ ကွာဟသွားတဲ့အချိန်မှာ စိတ်ဆင်းရဲရတာတွေ၊ စိတ်ဓာတ်ကျရတာတွေတော့ ရှိတာပေါ့။ ဒါပေမဲ့ အဲဒါတွေ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် ပြန်မေးတာက လက်မှတ် (ခံဝန်) ထိုးပြီးတော့ ဟိုဘက်ကို ပြန် သွားမလားဆိုရင်တော့ နိုးပဲ။ အဲဒီလို တွေးကြည့်လိုက်တာနဲ့ ကိုယ့်ကိုယ်ကိုယ်မုန်းပြီး ရွံသွားမိတယ်” ဟု ဆိုသည်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ တာဝန်ရှိသူ ဒါရိုက်တာ ပန်းချီစိုးမိုးကမူ နိုင်ငံရေးကို နိုင်ငံရေးသမားများက လုပ်မည် ဖြစ်ပြီး ၎င်းတို့သည် အနုပညာသမား ဖြစ်သည့်အတွက် အနုပညာအလုပ်ကိုသာ လုပ်မည်ဖြစ်ကြောင်း၊ အကယ်ဒမီပေး ပွဲမှာ ဖြစ်သင့်ဖြစ်ထိုက်၍ လုပ်ရခြင်း ဖြစ်ကြောင်း ပြောဆိုထားသည်။
အဆိုပါ ရုပ်ရှင်ထူးချွန်ဆုများအား ၂၀၁၉ မှ ၂၀၂၂ ခုနှစ်အတွင်း ရိုက်ကူးထားသည့် ရုပ်ရှင်ဇာတ်ကားများကို စိစစ်ရွေး ချယ်သွားမည် ဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်က ရွေးချယ်ထားသည့် ၂၀၁၉ ခုနှစ်က ဆန်ခါတင်ဇာတ်ကားများကိုမူ အိတ်ပိတ်ထားဆဲ ဖြစ်ကြောင်း ရုပ်ရှင်အစည်းအရုံးထံမှ သိရသည်။
တော်လှန်အနုပညာရှင်တဦး ဖြစ်သူ ဒါရိုက်တာ သည်ခေတ်နေက “အကယ်ဒမီပွဲတက် ဝတ်စုံလေးတစုံရဲ့ တန်ဖိုး၊ အကယ်ဒမီပွဲတက် ဖိနပ်လေးတရံရဲ့ တန်ဖိုးဟာ အညာမှာ အဝတ်တထည်ကိုယ်တခုနဲ့ စီးစရာမပါဘဲ ပြေးနေရတဲ့သူ တွေအတွက် အားနာစရာကောင်းသလို ရှက်စရာ အလွန်ကောင်းပါတယ်။ သူတို့တွေမှာ ဦးနှောက်နဲ့ နှလုံးသား ရှက်ကြော ပါရင်ပေါ့လေ” ဟု ဆိုသည်။
အာဏာသိမ်းမှု အစောပိုင်းတွင် ပြည်သူများ သပိတ်မှောက်မှုကြောင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမီး ပိုင်ဆိုင်သည့် 7 Sense Film Production သည် လူမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သော်လည်း ယခုအခါ တခြားသော ထုတ်လုပ်ရေးနာမည်ခွဲများဖြင့် ငွေကြေးအကုန်အကျခံပြီး ဖျော်ဖြေရေးအစီအစဉ်များ ပြုလုပ်ကာ ပုံမှန် အတိုင်း ပြန်ဖြစ်နေသယောင် ဝါဒဖြန့်နေသည်ကိုလည်း ဒါရိုက်တာ ဏကြီးက ထောက်ပြသည်။
၎င်းက “သိတဲ့သူလည်း သိမယ်။ မသိတဲ့သူလည်း မသိဘူး။ မင်းအောင်လှိုင် သမီးပိုင်တဲ့ 7 Sense ဆို လုံးဝ လူမြင် ကွင်းကနေ ဖျောက်လိုက်တယ်။ ဒါပေမဲ့ သူတို့ရဲ့ ကုမ္ပဏီခွဲတွေ ရှိတယ်။ ဒီလူတွေပဲ လုပ်နေတာပဲ။ သူတို့သည် ပိုက်ဆံ ကို သိန်းထောင်နဲ့သောင်းချီပြီးတော့ သုံးတယ်။
ပိုက်ဆံပြန်ရလားဆို လုံးဝ ပြန်မရဘူး။ လူငယ်သရုပ်ဆောင်တွေကို ဇာတ်လမ်းတွဲတွေ ခေါ်ရိုက်တယ်။ အဲဒီကနေကတဆင့် အားလုံးက ပုံမှန်ဖြစ်နေပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ သူတို့ ပရိသတ်နဲ့ ဆက်ဆံနေပြီး အရင်လို ပုံမှန်လည်ပတ်နေတယ် ဆိုတာကို သိန်းထောင်နဲ့သောင်းနဲ့ချီ အကုန်ခံထားတာ။ ဒီထုတ်လုပ်ရေးက ဘယ်ကပိုက်ဆံနဲ့ လည်ပတ်နေတာလဲဆိုရင် မင်းအောင်လှိုင် သမီးပိုင် စစ်ကောင်စီ ပိုက်ဆံပဲပေါ့” ဟု ပြောသည်။
စစ်တပ် အာဏာသိမ်းလိုက်သည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်းတွင် အာဏာသိမ်းမှုကို လက်မခံသည့် အနုပညာရှင်တချို့က ပြည်သူနှင့်အတူ ယနေ့ထိတိုင် ရပ်တည်နေပြီး စစ်ကောင်စီ၏ အန္တရာယ်မှ ကင်းလွတ်သည့် နေရာများသို့ တိမ်းရှောင်နေရသလို အနုပညာအလုပ်များကိုလည်း စွန့်လွှတ်ထားကြသည်။
သို့သော် တချို့သော အနုပညာရှင်များမှာမူ စစ်ကောင်စီထံတွင် နိုင်ငံရေးနှင့် မပတ်သက်ရန် ခံဝန်ကတိလက်မှတ်များ ထိုးထားကြသလို တချို့ကလည်း စစ်ကောင်စီဝါဒဖြန့် ဇာတ်ကားများတွင် ပါဝင်ရိုက်ကူးပေးလျက် ရှိသည်။
You may also like these stories:
စစ်အာဏာသိမ်းမှုအောက်က တော်လှန်အနုပညာရှင်များ
မြန်မာ့တော်လှန်ရေးကို နယူးယောက်ဖက်ရှင်ပွဲသို့ ရောက်စေသူ ဒီဇိုင်နာ အင်ကြင်းစံ
မြန်မာအလှမယ် ဟန်လေး ဘာကြောင့် ထိုင်းလေဆိပ်မှာ ထိန်းသိမ်းခံနေရသလဲ