ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး၏ အဓိက အကြီးဆုံးကုန်သွယ်ရေးလမ်းကြောင်း ဖြစ်သည့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကုန်သွယ်ရေးဇုန်အနီးတဝိုက်တွင် ယနေ့ နံနက်အစောပိုင်းမှစပြီး ဖြစ်ပွားနေသည့်တိုက်ပွဲကြောင့် လမ်းများပိတ်နေ သလို ကုန်သွယ်မှုလည်း ရပ်တန့်သွားပြီ ဖြစ်ကြောင်း နယ်စပ်ကုန်သည်များထံမှ သိရသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU)၏ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် အတူ ပူးပေါင်း တပ်များဖြစ်သည့် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်များနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သည်။
တိုက်ပွဲသည် မြဝတီမြို့တွင် ဖြစ်ပွားနေသည့် တချိန်းတည်းမှာဘဲ သင်္ဃန်းညီနောင်၊ ကော့ကရိတ်၊ ကြာအင်းဆိတ်ကြီးနှင့် ကျုံဒိုးမြို့အထိ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရပြီး အာဏာသိမ်း စစ်တပ်က ဝေဟင်က တိုက်လေယာဉ်များကိုပါ အသုံးပြုပြီး စစ်ကူနေရကြောင်း တိုက်ပွဲဖြစ်ပွားနေရာ ရှေ့တန်းသတင်းရင်းမြစ်များက ဧရာဝတီကို ပြောသည်။
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်မှ မဝတီမြို့နယ်အတွင်း စစ်ရေး လုံခြုံရေး အခြေအနေများ ရှုပ်ထွေးနေ၍ ပြည်သူလူထုအနေဖြင့် ကျုံဒိုးမှမြဝတီမြို့နယ်ထိ မည်သည့်နည်းနှင့်မျှ ဖတ်သန်းသွားလာခြင်း မပြုလုပ်ကြရန်လည်း ကျားဖြူစစ်ကြောင်း၊ စစ်ကြောင်းမှူး ဗိုလ်ချုပ် စောကျော်သက်က မတ္တာရပ်ခံထားသည်။
ထိုထုတ်ပြန်ကြေညာချက်ထဲတွင် “စစ်ရေး၊ လုံခြုံရေးအခြေအနေများ ရှုပ်ထွေးနေပါသဖြင့် ပြည်သူလူထုအနေဖြင့် အဆိုပါ ကျုံဒိုးမြို့နယ်မှ မြဝတီ မြို့နယ် အထိ မည်သည့်နည်းနှင့်မျှ ဖြတ်သန်းသွားလာခြင်း လုံးဝ (လုံးဝ) မပြုလုပ်ကြပါရန် အထူးမေတ္တာရပ်ခံ အပ်ပါသည်” ဟု ဖော်ပြထားသည်။
လက်ရှိတွင် ကုန်သွယ်ရေးဇုန်အတွင်းရှိ ဌာနဆိုင်ရာရုံးတချို့လည်း မီးလောင်ထားပြီး ဒေါနတောင်တန်းပေါ်တွင် ကားသမားများထံမှ စစ်ကောင်စီတပ်နှင့် ကရင်နယ်ခြားစောင့်တပ် (BGF) များက အတင်းအကျပ် ငွေကောက်ခံနေသည့် စခန်းတခုဖြစ်သော တောနော်စခန်း တိုက်ခိုက်ခံရကြောင်း သိရသည်။

မြဝတီနယ်စပ်မှ ကုန်သည်တဦးက “ဇုန်ထဲက ဝန်ထမ်းတွေကတော့ ညထဲက ကြိုရွှေ့တယ်ပြောတယ်။ လုံခြုံရေးနဲ့ သက်ဆိုင်တဲ့သူတွေပဲ ရှိတယ်။ ကျနော်တို့သိရတာတော့ မနက် ၆ နာရီလောက်က သိရတယ်။ ဘယ်အချိန်စဖြစ်လဲ တော့ မသိရဘူး။ အသံတော့ ကြားနေရတယ်။ ဇုန်ထဲမှာ တချို့နေရာတွေလည်း မီးရှို့ခံရတယ်ကြားတယ်။ ဖားချောင်း တံတားကနေ စပိတ်ပြီးတော့ အောက်ဘက်ကလည်း ကိုးတိုင်ဘက်က စပိတ်တယ်။ ဘားအံဆိုရင် သာမညဘက်က စပိတ်တယ်။ ရုံးခန်းတွေ မီးရှို့ခံရတယ်လည်း ကြားတယ်။ ကုန်သွယ်ရေးကတော့ ရပ်သွားတာပေါ့။ ဘယ်လောက်ကြာ မလဲတော့ မသိသေးဘူး” ဟု ဧရာဝတီကို ပြောသည်။
လက်ရှိတွင် လမ်းများလည်း ပိတ်နေသောကြောင့် ရန်ကုန်၊ မန္တလေး စသည်တို့မှ ထိုင်းဘက်တင်ပို့ရန်အတွက် တက် လာသောကုန်ကားများ ရောက်ရှိနေသည့် လမ်းကြောင်းပေါ်၌ ရပ်တန့်ထားရပြီး ကုန်သွယ်ရေးဇုန်အတွင်း၌လည်း ကုန်သွယ်မှုရပ်ထားသောကြောင့် တချို့ပုပ်သိုးလွယ်သည့် ကုန်ပစ္စည်းများ အချိန်ကြာမြင့်ပါက ပျက်စီးနိုင်ကြောင်း ၎င်းက ဆိုသည်။
၎င်းက ဆက်၍ “အခုလို ကြန့်ကြာမှုမျိုး ကြုံရင်တော့လည်း ပျက်စီးဆုံးရှုံးမှုက ရှိနိုင်တယ်။ ခဏတော့ စောင့်နေ ရတာပေါ့။ လျှပ်စစ်မီးကမရတော့ ပုပ်သိုးလွယ်တဲ့ ကုန်စည်တွေ ဘာတွေလည်း ထိခိုက်နိုင်တယ်။ ဒါကတော့ ရပ်တာ အချိန် တရက်လောက်ပဲ ထင်တယ်။ ဘာလို့လဲဆိုရင် ဒီလိုမျိုး အဆောက်အအုံကြီးတဲ့နေရာ၊ ကျယ်တဲ့နေရာမှာ တပ်စွဲထားလို့လည်း မရတော့လေ” ဟု ပြောသည်။
ယနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးပေါ်ရှိ လမ်းပိုင်းတချို့တွင် ပစ်ခတ်ပေါက်ကွဲမှုများကြောင့် ပျက်စီးမှုများတွေ့ရသလို မြဝတီမြို့အတွင်းရှိ စစ်ကောင်စီ၏ ရုံးများနှင့် ရုံးအဝင်လမ်းများ ပိတ်ထားသည့်အပြင် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၁)နှင့် အမှတ်(၂) တို့ကိုလည်း ယာယီပိတ်ထား ကြောင်း ဒေသခံများထံ သိရသည်။

ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့နေသော ကုန်သည်တဦးက “လောလောဆယ်တော့ ကားတွေက ရပ်ထားရတယ်။ အဆင် ပြေတဲ့နေရာ သွားရပ်ပြီးတော့ စောင့်ရတာတို့ဘာတို့တော့ ရှိတယ်။ မနေ့ညထဲကတော့ ညမထွက်ရအမိန့်တို့ဘာတို့ ပြောသံကြားတယ်” ဟု ပြောသည်။
မြဝတီကုန်သွယ်ရေးဇုန်အတွင်း တိုက်ပွဲများဖြစ်ပါက ကုန်ကားများသည် ရောက်သည့်နေရာ၌ ခေတ္တစောင့်ဆိုင်းပြီး တိုက်ပွဲများ ငြိမ်သက်ပါက ပြန်လည်ထွက်ခွာကာ ကုန်သွယ်မှု ပြုလုပ်လေ့ရှိကြောင်း၊ ယခုတကြိမ်တွင် အချိန်မည်မျှ ကြာ ရပ်တန့်နေမည်ကို မသိရှိနိုင်သေးကြောင်း ဒေသခံကုန်သည်များက ဆိုသည်။
မြဝတီမြို့မှ ရန်ကုန်သို့ ပြန်အဆင်းလမ်းတွင် ပိတ်မိနေသူ ခရီးသည်တဦးကလည်း “ရဲကင်းဝင်စီးတာ။ မြဝတီလမ်း ကြောင်းတလျှောက်ပဲ အခု (မနက်) ၁၀ နာရီခွဲကျော်ထိ လုံခြုံရေးအစောင့်တွေနဲ့ ပစ်ခတ်နေတုန်း။ BGF တပ်ဖွဲ့တွေ ကားတွေနဲ့ ဆင်းသွားတာလည်းတွေ့တော့ တိုက်ပွဲက ပိုဖြစ်လာနိုင်တယ်။ စကစဘက်က လေယာဉ်နဲ့ ဒီမနက် ၉ နာရီ ကျော်လောက်မှာ လာပစ်တာ မိနစ် ၂၀ လောက် ကြာတယ်” ဟု ၎င်းကြုံတွေ့ရသည်များအား ပြောပြသည်။
ထိုင်း-မြန်မာ မြဝတီနယ်စပ်ကုန်သွယ်ရေး အနေဖြင့် မြန်မာဘက်မှ ဆန်၊ ဆန်ကွဲ၊ ဆန်မှုန့် အများဆုံး တင်ပို့သလို ငရုတ်သီး၊ ငရုတ်သီးစိမ်း၊ ရော်ဘာ စသည့် ရာသီထွက်ကုန်များတင်ပို့ပြီး ထိုင်းဘက်မှ စားသောက်ကုန်၊ လူသုံးကုန် ပစ္စည်းများ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ စက်ရုံသုံးကုန်ကြမ်းပစ္စည်း၊ ယာဉ်ယန္တရားများ စသဖြင့် တင်သွင်း လျက်ရှိကာ ယခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇန်နဝါရီလထိ မြဝတီနယ်စပ်ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ သန်း ပေါင်း ၁၇၃၇ ဒသမ ၆၉၅ သန်း ကုန်သွယ်မှု ပြုလုပ်ထားကြောင်း စစ်ကောင်စီ၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့်စာရင်းအရ သိရသည်။
You may also like these stories:
ထိုင်း-မြန်မာကုန်သွယ်ရေး ဆက်တိုက် ကျဆင်း
တိုက်ပွဲကြောင့် ထိုင်း-မြန်မာ နယ်စပ် ထီးခီးကုန်သွယ်ရေးဂိတ် ယာယီပိတ်လိုက်ရ
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ထိုးကျနေ