အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ပြုလုပ်ခဲ့သည့် New York Fashion Week 2022 ပြပွဲတွင် မြန်မာ ပြည်ဖွား ဖက်ရှင်ဒီဇိုင်နာတဦးဖြစ်သူ ဒီဇိုင်နာအင်ကြင်းစံက စစ်အာဏာရှင်စနစ်လက်အောက်က မြန်မာပြည် အခြေ အနေများကို ရိုးရာချိတ်ဒီဇိုင်းများဖြင့် ထုတ်ဖော်ပြသခဲ့သည်။
အဆိုပါ ဖက်ရှင်ရှိုးပွဲတွင် ချိတ်ဒီဇိုင်းများဖြင့် ဖန်တီးထားသည့်ဝတ်စုံ ဝတ်ဆင်ထားသော မော်ဒယ်များက “End Genocide in Burma”၊ “Fashion is Inherently Political”၊ “Justice For Burma”၊ “Responsibility to Protect R2P for Burma” ၊ “Hold Myanmar Junta Accountable” ၊ “Stand with Burma Fight Tyranny” စသည့် စာသားပါ ပိတ်စများ ကိုင်ဆောင်ပြီး ပြသခဲ့ကြခြင်း ဖြစ်သည်။
ထိုသို့ မြန်မာပြည်သူလူထု၏ သတင်းစကားများကို နိုင်ငံတကာက သိစေရန် ဖြန့်ဝေပေးခဲ့မှုအပေါ် ရှိုးပွဲအတွင်း ပရိ သတ်များ၏ စိတ်ဝင်စားမှုနှင့် အားပေးမှု ရခဲ့သလို လူမှုကွန်ရက်စာမျက်နှာတွင်လည်း အတော်လေး ပျံ့နှံ့သွားပြီး ပြန် လည်မျှဝေမှုများ ပြုလုပ်ခဲ့ကြသည်။
ကမ္ဘာ့အကြီးဆုံး Fashion Week များထဲတွင် ပါဝင်သည့် နယူးယောက်ဖက်ရှင်ပြပွဲမှာ ၁ နှစ်လျှင်၂ ကြိမ် ကျင်းပလေ့ ရှိပြီး ယခုနှစ်တွင် စက်တင်ဘာ ၉ ရက်မှ ၁၄ ရက်ထိ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ မြန်မာပြည် အခြေအနေများအား ရိုးရာချိတ်ဒီဇိုင်းများဖြင့် ထုတ်ဖော်ပြသခဲ့သူ အမေရိကန်ရောက် မြန်မာဒီဇိုင်နာ အင်ကြင်းစံကို ဧရာဝတီက ဆက်သွယ် မေးမြန်းထားပါသည်။ မအင်ကြင်းစံသည် အမေရိကားသို့ ရောက်ရှိနေသည်မှာ ဆယ်စုနှစ်တခုကျော် ရှိပြီဖြစ်ပြီး လက်ရှိတွင် ဖက်ရှင်ဒီဇိုင်နာတယောက်အဖြစ် ရပ်တည်လျက် ရှိသည်။
မေး ။ ။ New York Fashion Week မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ Genocide ရပ်တန့်ရေးအတွက် လက်သုံး ချောင်းထောင်ပြီး မော်ဒယ်တွေနဲ့အတူ လှုပ်ရှားမှု လုပ်ခဲ့တယ်ပေါ့နော်။ အခုလို လုပ်ဖြစ်တာနဲ့ ပတ်သက်ပြီး ပြောပြပေး ပါဦးရှင့်။
ဖြေ ။ ။ မြန်မာပြည်သူပြည်သားတွေကို အားပေးချင်တယ်။ ပြီးတော့ နိုင်ငံတကာကိုလည်း သိစေချင်တယ်။ လတ်တလော မြန်မာပြည်တွင်းမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေရယ်၊ နောက်ပြီး ဒီတော်လှန်ရေးကြီးဟာ ပြည် တွင်းမှာ ၁ နှစ်ကျော် ကြာလာတဲ့အထိတောင် ပြည်တွင်းထဲကလူတွေက မရရတဲ့နည်းနဲ့ တွန်းလှန်ဆန့်ကျင်နေဆဲ ဖြစ်တယ်။ ပြီးတော့ ကျမတို့လို ပြည်ပရောက် မြန်မာပြည်ဖွားတွေ အနေနဲ့ကလည်း သွေးအေးသွားတာမျိုး မရှိဘူး။ မရှိတဲ့အပြင်ကိုမှ ကိုယ်တတ်နိုင်တဲ့ဘက်၊ ကျရာနေရာကနေ Speak Out လုပ်နေဆဲပဲ ဆိုတာကို ပေးချင်တာပေါ့။ ဒါကြောင့် အခုလို Fashion Run Way မှာ မော်ဒယ်တွေ အနေနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြတဲ့ ဆိုင်းဘုတ် လေးတွေအစား ပိတ်စလေးတွေအပေါ်မှာ ပေးချင်တဲ့ မက်ဆေ့လေးတွေကို လုပ်ဖြစ်ခဲ့တာပါ။
မေး ။ ။ ဒီအတွက် ဘာတွေ ပြင်ဆင်ခဲ့ရလဲ။ ဒီလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး မော်ဒယ်တွေကိုရော ဘယ်လို စည်းရုံးခဲ့ရလဲ။
ဖြေ ။ ။ အမှန်အတိုင်းပြောရရင် Run way Presentation လေးလုပ်ဖို့ ကိုယ်က စီစဉ်ထားတယ် ဆိုကတည်းက ပွဲစီစဉ်သူတွေကို ဒါမျိုးလုပ်ဖို့ ရှိတယ်ဆိုပြီး ပြောပြထားရတာ ရှိတယ်။ မော်ဒယ်တွေကိုလည်း ပွဲမတိုင်ခင် Fitting လုပ် တဲ့နေ့မှာ သူတို့ကို ကျမကတော့ ဒါမျိုးလေးတွေလုပ်ဖို့ အစီအစဉ် ရှိတယ်။ ရပ်ပြီး ပို့စ်ပေးတဲ့အချိန်ကျရင် ဘယ်လိုမျိုး လုပ်ဆိုပြီး ပြောပြထားရတယ်။ ထွေထွေထူးထူးကြီး အတင်းညှိနှိုင်းလိုက်ရတာမျိုးတော့ မရှိပါဘူး။ ဒီဘက်နိုင်ငံတွေမှာ ကျတော့ ဒါမျိုးလှုပ်ရှားမှုတွေကို အားပေးတယ်။

မေး ။ ။ ဒီလို မော်ဒယ်တွေရဲ့ ထုတ်ဖော်ပြသမှုနဲ့ ပတ်သက်လို့ ပရိသတ်ဘက်ကရော ဘယ်လို တုံ့ပြန်မှုတွေ ရှိခဲ့ပါသလဲ။ တုံ့ပြန်မှုတွေအပေါ်မှာရော ဘယ်လို ခံစားရပါသလဲ။
ဖြေ ။ ။ ဖက်ရှင်အသိုင်းအဝိုင်းဆိုတာ ပြောရမယ်ဆိုရင် အနုအရွ အလှအပ အနုပညာတွေပဲ စိတ်ဝင်စားလေ့ ရှိတယ်။ ဒီလိုမျိုး အသိုင်းအဝိုင်းထဲမှာတောင် ဖက်ရှင် Run way ပေါ်ကနေ ဒါမျိုးကို မြန်မာပြည်ဖွားတွေ အနေနဲ့ ဆက်လက်ပြီး Speak out လုပ်နေတယ်ဆိုတာကို ထုတ်ပေးလိုက်တာပေါ့။ အဲဒီလို လုပ်လိုက်တော့ သူတို့အနေနဲ့ အမှန်အတိုင်းပြောရရင် ဖက်ရှင် Run way အနေအထားအရ မော်ဒယ်လေးတွေက မြန်မာချိတ်အဆင်လေးတွေ ဝတ်ပြီး ထွက်လာတယ်။ သူတို့လက်မှာ ပုဝါစလေးတွေ ပါလာတယ်ဆိုတာ သူတို့ သိတယ်။ ဒီအစလေးတွေကလည်း ဆင်တူလေးတွေပေါ့။ ကြည့်တဲ့သူတွေအနေနဲ့ ဒါဟာ ဖက်ရှင်တခုအနေနဲ့ပဲ ရှိတာလားလို့ တွေးခဲ့မယ်။ နောက်ဆုံးကျ မော်ဒယ်တွေက ပို့စ်ပေးတဲ့နေရာ မီးရောင်အောက်မှာ ရပ်လိုက်ပြီးတဲ့အခါမှာမှ ဒီပုဝါစလေးတွေ ဖြန့်ပြလိုက်တော့ စာ တန်းတွေ ထွက်လာတဲ့အခါကျမှ သူတို့စိတ်ထဲမှာ “Wow” ပေါ့။ လုံးဝ အံ့ဩသွားကြတယ်။ ဒါမျိုးကိုမထင်ခဲ့ကြဘူးပေါ့။
ရှိုးပွဲ ပြီးသွားတဲ့အခါမှာလည်း တခြားဒီဇိုင်နာတွေ၊ ပရိသတ်တွေထဲကနေ လာနှုတ်ဆက်တယ်။ အားပေးစကားတွေ ပြောကြတာမှာ ဘာကြားရလဲဆိုတော့ ဖက်ရှင် Run Way ပေါ်ထိ ရောက်လာတဲ့ တော်လှန်ရေးအဖြစ် ခံစားလိုက်ရ တယ်ပေါ့။ ဒါမျိုးလေးတွေ နိုင်ငံတကာက မိတ်ဆွေတွေဆီက ပြန်ကြားရတယ်။ မြန်မာပြည်က ပြည်သူပြည်သားတွေ အနေနဲ့လည်း အရမ်းအားတက်ရတယ်။ သူတို့အနေနဲ့ကျတော့ မြန်မာပြည်တွင်းမှာက လွတ်လွတ်လပ်လပ် ထုတ်ဖော် ပြောဆိုခွင့်တွေက လုံးဝ ပျောက်ဆုံးနေတာဆိုတော့ ကျမအနေနဲ့ New York Fashion Week ကြီးမှာ ကိုယ့်ရဲ့ Collection ကို ပြသနေတဲ့အချိန်မှာ မြန်မာပြည်ကြီးအတွက် ထုတ်ဖော်ပြောဆိုပေးတော့ အရမ်းအားတက်ရတယ် ဆိုပြီး လာပြောကြပါတယ်။
မေး ။ ။ New York Fashion Week မှာ ပါဝင်ခဲ့တာရော ဘယ်လောက် ကြာပြီလဲ။
ဖြေ ။ ။ ကိုယ်ပိုင် Brand ကို လုပ်ဖြစ်ခဲ့တာတော့ ၂၀၁၇ ကတည်းကပါ။ အဲဒီကတည်းက ကိုယ့်ရဲ့ နောက်ဆုံးထွက် တဲ့ Collection တွေကို New York Fashion Week တွေမှာ ပြသခဲ့တယ်။ ကိုဗစ်ဖြစ်တော့ Run Way တွေပေါ်မှာ ပြသ ခွင့် မပေးတော့ New York Fashion Week တွေကို မတက်ရဘူး။ ကိုဗစ်အတွင်းမှာ မလုပ်ဖြစ်ခဲ့ကြဘူး။ ဒီနှစ်မှာတော့ International Fashion Week တွေ ပြန်လာတော့ အခုလိုမျိုး မြန်မာပြည်တွင်းမှာ ဖြစ်ပျက်နေတာတွေလည်း ရှိတာနဲ့ မြန်မာပြည်အတွက် ရည်ရွယ်ပြီး သေချာလေးစီစဉ်ပြီး လုပ်ဖြစ်ခဲ့ပါတယ်။ Collection လေးမှာ ချိတ်အဆင်ကို အဓိက သုံးဖြစ်တယ် ဆိုတာလည်း မြန်မာပြည်အတွက် အဓိကရည်စူးပြီး လုပ်တာဖြစ်တဲ့အတွက် မြန်မာပြည်ရဲ့ အထင်ကရ ချိတ်အဆင်လေးတွေကို ထည့်သုံး ဖြစ်ခဲ့ပါတယ်။

မေး ။ ။ ဖက်ရှင်ဒီဇိုင်နာတယောက်၊ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ကိုင် နေထိုင်ရပ်တည်နေသူတယောက် ဖြစ်တဲ့ မအင်ကြင်းစံရဲ့ နိုင်ငံရေး ခံယူချက်ကိုလည်း သိချင်ပါတယ်။
ဖြေ ။ ။ ကျမအနေနဲ့ မြန်မာပြည်တွင်းမှာ မွေးဖွားလာတဲ့သူတယောက် ဖြစ်တယ်။ ကျမတို့ မွေးဖွားလာတဲ့ အချိန်မှာ လည်း စစ်အာဏာရှင်လက်အောက်မှာ မွေးဖွားလာတာ ဖြစ်တယ်။ အဲဒီတော့ အခုလက်ရှိ အမေရိကားမှာ အခြေစိုက် နေထိုင်ပြီး ဘဝရပ်တည်နေတဲ့သူတယောက် အနေနဲ့ ကိုယ့်ရဲ့ နိုင်ငံရေး အခြေအနေတွေကို လေ့လာ ဖြစ်တယ်၊ သုံး သပ် ဖြစ်တယ်။ ပြီးတော့ ကိုယ့်ရဲ့ ကိုယ်ပိုင်စဉ်းစားချင့်ချိန်နိုင်စွမ်းနဲ့ မဲပေးတာတွေဘာတွေဆိုလည်း ကိုယ့်ရဲ့မဲတပြားကို မလွတ်တမ်း ပေးဖြစ်တယ်။ မြန်မာပြည်အတွက်ကို မြန်မာပြည်ဖွားတယောက်အနေနဲ့ ဘယ်အရပ်၊ ဘယ်ဒေသပဲ ရောက်ရောက် ကိုယ့်ရဲ့ မွေးဖွားရာဇာတိမြေကို စစ်အာဏာရှင်စနစ်ဆိုး လက်အောက်ကနေ လွတ်မြောက်ဖို့အတွက် တတ်နိုင်သမျှ တထောင့်တနေရာစာ အားပေးနေဦးမှာ ဖြစ်တယ်။ အာဏာသိမ်းပြီးကတည်းက စစ်အာဏာရှင်ဆန့် ကျင်ရေးတွေကို ကိုယ်တတ်နိုင်သမျှ လုပ်ခဲ့တယ်။ လုပ်လည်းလုပ်နေဆဲပဲ။ အုတ်တချပ်သဲတပွင့်စာ ဘာပဲ လုပ်ပေးရ လုပ်ပေးရ ထောက်ခံအားပေး လုပ်နေဦးမှာပဲ။
မေး ။ ။ စစ်ကောင်စီက သူတို့ကို ဆန့်ကျင်သူမှန်သမျှကို နိုင်ငံတွင်းမှာ ရှိတဲ့သူတွေအပြင် နိုင်ငံရပ်ခြားမှာ ရောက် နေတဲ့သူတွေကိုပါ အငြိုးတကြီးနဲ့ ပိတ်ပင်တားဆီးတာတွေ၊ အရေးယူမှုတွေ လုပ်နေတော့ ဒီအပေါ်မှာရော စိုးရိမ်ပူပန် တာမျိုး ရှိပါသလား။
ဖြေ ။ ။ ကျမအနေနဲ့ သူတို့ဘက်က ဘာပဲလုပ်နေလုပ်နေ စိုးရိမ်ပူပန်တာ မရှိဘူး။ ကိုယ့်ရဲ့ မြန်မာပြည်ထဲက ပြည်သူ ပြည်သားတွေတောင် အသက်တွေ၊ ဘဝတွေ စတေးပြီးတော့ တောက်လျှောက် သူတို့ လုပ်နိုင်သမျှကို လုပ်နေကြ တယ်။ ကျမတို့အနေနဲ့က လုံခြုံတဲ့နေရာ ရောက်နေတယ်။ လူ့အခွင့်အရေး အပြည့်အဝ ရထားတဲ့နေရာ ရောက်နေတာ ဖြစ်တဲ့အတွက် ကိုယ်တွေက ပြည်တွင်းထဲက အခွင့်အရေး အပြည့်အဝ မရတဲ့သူတွေကိုယ်စား အသံတွေကို ပိုပြီးမြှင့် ပြီး လုပ်ဆောင်ပေးနေရမှာ ဖြစ်တော့ ကိုယ်လုပ်နိုင်တာ မှန်သမျှကို လုပ်သွားမယ်။ ဒီကြားထဲက ဘာပဲဖြစ်လာဖြစ်လာ ရင်ဆိုင်ကြုံတွေ့ရုံပဲ ရှိတာပေါ့။ စိုးရိမ်တာမျိုး မရှိပါဘူး။
မေး ။ ။ လက်ရှိ မြန်မာပြည် အခြေအနေနဲ့ ပတ်သက်ပြီး ဘာများ ဖြည့်စွက်ပြောချင်ပါသေးလဲ။
ဖြေ ။ ။ မြန်မာပြည်တွင်းက ပြည်သူတွေကို အားတင်းထားကြဖို့၊ ပြီးတော့ ကိုယ်တတ်နိုင်သမျှ ရသမျှထဲကနေ တော်လှန်ရေးကြီး အောင်မြင်ဖို့အတွက် ထောက်ပံ့ပေးကြဖို့၊ တတ်နိုင်တဲ့ တထောင့်တနေရာကနေ တော်လှန်ရေး အတွက် ပါဝင်ကြဖို့ တောင်းဆိုချင်ပါတယ်။ ကျမတို့ နိုင်ငံတကာရောက် မြန်မာပြည်ဖွားတွေကလည်း ငွေရေးကြေးရေး အင်အားပဲဖြစ်ဖြစ်၊ လူအင်အားပြသတာပဲ ဖြစ်ဖြစ်လည်း ပါဝင်ပေးနေပါတယ်လို့။ တော်လှန်ရေးကြီးကလည်း အောင် ကို အောင်မြင်မှာ ဖြစ်တယ်အဲဒီအတွက်ကို တတ်နိုင်တဲ့ဘက်ကနေ ဆက်လက် ပါဝင်ခြင်းအားဖြင့် စွန့်လွှတ်စွန့်စား တဲ့ လူငယ်လေးတွေအတွက်ရော၊ အသက်ကြီးငယ်မရွေးအတွက်ကို လိပ်ပြာလုံကြရမှာ ဖြစ်တယ်။ အဓိကကတော့ အားတင်းထားကြဖို့နဲ့ တော်လှန်ရေးကြီးအောင်မြင်ဖို့ တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ဖို့ တိုက်တွန်းနှိုးဆော်လိုပါတယ်။