လွန်ခဲ့သောလက စစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့်သေဆုံးသည့် အရပ်သား ၁၂၁ ဦးတွင် ၁၆ ဦးသည် ကလေးငယ်များဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း စုစုပေါင်းသတ်ဖြတ်ခံရသူ ၄,၉၅၇ ဦး ရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဧပြီလအထိ ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။
ထိုအရေအတွက်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း စစ်ကောင်စီနှင့် ၎င်း၏လက်ပါးစေများက သတ်ဖြတ်သည့် အရပ်သားများစာရင်းကို ကောက်ယူထားခြင်းဖြစ်ပြီး အတည်မပြုနိုင်သေးသူများ မပါဝင်ကြောင်း၊ နောက်ထပ် အရပ်သား ၁,၇၅၀ ဦး သေဆုံးသည်ကို မှတ်တမ်းတင်ထားသော်လည်း အတည်မပြုနိုင်သေးကြောင်း AAPP က ပြောသည်။
ဧပြီလအတွင်း အရပ်သားအမျိုးသမီး ၃၃ ဦး၊ အမျိုးသား ၈၈ ဦးကို စစ်ကောင်စီနှင့် ၎င်း၏ လက်ပါးစေများက သတ်ဖြတ်ကြောင်း AAPP က မေလ ၁ ရက်နေ့တွင်ပြောသည်။ ထိုအရေအတွက်တွင် အသက် ၁၈ နှစ်အောက်ကလေး ၁၆ ဦးနှင့် သက်ကြီးရွယ်အို ၁၅ ဦး ပါဝင်သည်။ ၄၂ ဦးသည် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခြင်းဖြစ်သည်။
ခုခံတော်လှန်ရေးအမာခံဒေသ စစ်ကိုင်းတိုင်းသည် အဆိုးရွားဆုံး ဆက်လက်ခံစားနေရပြီး အရပ်သား ၃၈ ဦး သတ်ဖြတ်ခံရသည်ဟု AAPP က ပြောသည်။
ဧပြီလ ၂၂ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှ ပျဉ်းတော်ဦးကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် တိုက်ခိုက်စဉ် ကလေး သုံးဦးနှင့် အသက်အရွယ်ကြီးရင့်သူတဦး သေဆုံးသည်။ သေဆုံးသူများ၏ ဈာပနမှ ပြန်လာသူများကို စစ်ကောင်စီတပ်များက လက်နက်ကြီးဖြင့် ပစ်သောကြောင့် နောက်တနေ့တွင် ဒေသခံ နှစ်ဦး ထပ်မံသေဆုံးသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့နှင့် ဧပြီလ ၂၅ ရက်နေ့အတွင်း ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်က အရပ်သား ၉၇ ဦးကို သတ်ဖြတ်ကြောင်း ကလေးမြို့နယ် သပိတ်ကော်မတီက ဖော်ပြသည်။
စစ်ကောင်စီ ဂျက်တိုက်လေယာဉ်များသည် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှ ဝမ္မသူးဆေးရုံကို လွန်ခဲ့သော ဧပြီလ ၂၅ ရက်နေ့ညတွင် ဗုံးကြဲသောကြောင့် လူနာ လေးဦးနှင့် ဆေးဝန်ထမ်းတဦး သေဆုံးကာ နောက်ထပ် လူ ၁၅ ဦး ဒဏ်ရာရသည်။
ထိုဒေသတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း တကမ္ဘာလုံးတွင် ပိတ်ပင်ထားသည့် ပစ်မှတ်ဖြစ်သော ဆေးရုံကို ပစ်မှတ်ထားခြင်းဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF – မင်းတပ်) က ဧရာဝတီ သတင်းဌာနသို့ ပြောသည်။ ဖေဖော်ဝါရီလနှောင်းပိုင်းနှင့် ဧပြီလနှောင်းပိုင်းအတွင်း စစ်ကောင်စီသည် ဆေးရုံဆေးခန်း ၃၅ ခုကို ဗုံးကြဲခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောသည်။
တနိုင်ငံလုံးမှ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် နေ့စဉ်တိုက်ပွဲများတွင် စစ်ကောင်စီစစ်တပ်သည် ကြီးမားသော ရှုံးနိမ့်မှုများ ရင်ဆိုင်နေရပြီး ကျယ်ပြန့်သော နယ်မြေများ ဆုံးရှုံးသည်။ စစ်ကောင်စီတပ်က အရပ်သားများကို ဗုံးကြဲပြီး လက်တုန့်ပြန်သည်။
စစ်ကောင်စီသည် ၎င်းတို့ကိုဆန့်ကျင်သည့် အရပ်သားများကိုလည်း ယခင်ထက် များပြားသည့်နှုန်းဖြင့် ဖမ်းဆီးနေသည်။ AAPP ၏ စာရင်းအရ ဧပြီလတွင် နောက်ထပ် လူ ၃၈ ဦး ဖမ်းဆီးခံရသည်။ ထိုဖမ်းဆီးခံရသူများတွင် အသက် ခြောက်နှစ်အရွယ် ကလေးတဦး ပါဝင်သည်။ ဧပြီလအတွင်း စစ်ကောင်စီတရားရုံးများသည် ဖမ်းဆီးထားသူ ၄၉ ဦးကို ထောင် ၁၀ နှစ်နှင့်အထက် ချသည်။
အာဏာသိမ်းပြီးနောက် ရွေးကောက်ခံအစိုးရ ခေါင်းဆောင်များအပါအဝင် လူ ၂၆,၅၈၈ ဦးကို ဖမ်းဆီးထားကြောင်း AAPP က ပြောသည်။ သို့သော် အတည်မပြုနိုင်သေးသည့် နိုင်ငံရေးအကျဉ်းသားများ အထက်ပါစာရင်းတွင် မပါသောကြောင့် အမှန်တကယ် အရေအတွက်သည် ထိုထက် ပိုမိုများနိုင်ကြောင်း AAPP က ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Civilian Death Toll From Myanmar Junta Killing Spree Set to Surpass 5,000 ကို ဘာသာပြန်သည်။)
You may also like these stories:
မင်းတပ်ဆေးရုံ လေကြောင်းတိုက်ခိုက်ခံရမှု ၄ ဦး သေဆုံး
မိုးမောက်မြို့တွင်း တိုက်ပွဲ အရပ်သားများ သေဆုံးဒဏ်ရာရ
စစ်ကောင်စီသတ်သည့် ရခိုင်အရပ်သား ၁၇၉ ဦးတွင် အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံရသူလည်း ပါဝင်
ကလေး၌ တလအတွင်း အရပ်သား ၃၀ ကျော် သတ်ဖြတ်ခံရ
မြောက်ဦးနှင့်မင်းပြားတို့တွင် သတင်းထောက် ၁ ဦးအပါ အရပ်သား ၉ ဦး စစ်တပ်သတ်ဖြတ်
ပဲခူးတိုင်း နတ်တလင်း၌ စစ်တပ်က အရပ်သား ၇ ဦးကို အစုလိုက် မီးရှို့သတ်