• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

ဘူးသီးတောင်တိုက်ပွဲနှင့် ရခိုင် လူမျိုးရေးပဋိပက္ခ စစ်တမ်း

by ဗညားအောင်
21 May 2024
in သူ့အတွေး သူ့အမြင်
A A
ဘူးသီးတောင်တိုက်ပွဲနှင့် ရခိုင် လူမျိုးရေးပဋိပက္ခ စစ်တမ်း
3.4k
VIEWS
Share on FacebookShare on Twitter

စစ်တပ်သည် မြန်မာပြည်ရှိ ဒေသအလိုက် ကွဲပြားသော လူမျိုးများကြား၊ ကိုးကွယ်မှုများကြား ပဋိပက္ခဖန်တီးပြီး သွေးခွဲ၍ အုပ်ချုပ်လာသည်မှာ နှစ်ပေါင်း ကြာမြင့်ခဲ့ပြီ ဖြစ်၏။ အင်္ဂလိပ်နယ်ချဲ့သမားက မြန်မာပြည်အား သွေးခွဲ၍ အုပ်ချုပ်ခဲ့သည်ဟု ကျောင်းသင်ခန်းစာများတွင် သင်ကြားနေသော်လည်း လက်တွေ့ကြုံနေရသည်မှာ စစ်အစိုးရ၏ လူမျိုးများကြား သွေးခွဲအုပ်ချုပ်မှု ဖြစ်သည်။

ရခိုင် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခ

စစ်တပ်သည် ရခိုင်တွင်လည်း တလျှောက်လုံး ရခိုင်နှင့် မွတ်စလင်များကြား သွေးခွဲ ရန်တိုက်၍ ရခိုင်ကို အုပ်ချုပ်ခဲ့သကဲ့သို့ စစ်အုပ်စုကို ဆန့်ကျင်သည့် ရခိုင်နိုင်ငံရေး လှုပ်ရှားမှုများကို နှိပ်ကွပ်ရန်အတွက် လူမျိုးရေးပဋိပက္ခကို ဖန်တီးရန် ကြိုးစားခဲ့သည်။ ကျန်သည့် ဒေသများထက်ဆိုလျှင် ရခိုင်ပြည်နယ်တွင် ရခိုင်နှင့် မွတ်စလင်များကြား ပဋိပက္ခက ရှည်ကြာပြင်းထန်ခဲ့၏။ ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၂ ခုနှစ်က ဖြစ်ပွားခဲ့သော ရခိုင်နှင့် မွတ်စလင်ကြား လူမျိုးရေး အဓိကရုဏ်းသည် သွေးထွက်သံယို များပြားခဲ့ပြီး ယနေ့တိုင် ရခိုင်နှင့် မွတ်စလင်များကြား ကြီးမားသည့် မကျက်နိုင်သော အနာဟောင်းတခုဖြစ်၏။ ဤအချက်ကို ကောင်းစွာသိသည့် စစ်တပ်က အသုံးချနေခြင်းဖြစ်၏။

သို့ဖြစ်ရာ စစ်တပ်သည် အနာပေးလိုက်၊ ဆေးပေးလိုက်ဖြင့် ထိုလူမျိုး အသိုင်းအဝန်း နှစ်ခုကြား ပြဿနာဖန်တီးပြီး ရခိုင်တွင် အုပ်ချုပ်ရေးကို ခိုင်မာစေခဲ့၏။ ၂၀၁၂ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို တိုက်ခိုက်ရန် အမျိုး၊ ဘာသာ၊ သာသနာ အလံလွှင့်၍ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းကို ဖန်တီးရာ ရခိုင်နှင့် ပြည်မ မိတ္ထီလာတွင် ကြီးမားသည့် ပဋိပက္ခများ ဖြစ်ပွားခဲ့၏။

၂၀၂၄ နှစ်ဆန်းမှစ၍ စစ်တပ်သည် မွတ်စလင်များကို တပ်သားသစ် အတင်းစုဆောင်းသည်ဟူသည့် သတင်းများ ထွက်ပေါ်လာသည်။ စစ်ကောင်စီ ပြောရေးဆိုခွင့် ရှိသူက ထုံးစံအတိုင်း မဟုတ်ပါဟု ဗြောင်လိမ်သည်။ ဓာတ်ပုံ၊ ဗီဒီယို သက်သေ အထောက်အထားများ ပေါ်ပေါက်လာသည့်အခါ နှုတ်ဆိတ်နေသည်။

ဤသို့ ဖြစ်ပွားခဲ့သည့် အကျိုးဆက်ကြောင့် ရခိုင်တွင် မွတ်စလင်များနှင့် ရခိုင်တို့ကြားသာ ပဋိပက္ခ ဖြစ်ပွားသည် မဟုတ်ဘဲ White Card ခေါ် ယာယီသက်သေခံလက်မှတ် ပေး၍ မဲပေးခွင့်ပါပေးပြီး သိန်းနှင့်ချီ၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) အတွင်း သိမ်းသွင်းထားသော မွတ်စလင်များနှင့် စစ်တပ်ပါ ပဋိပက္ခဖြစ်ခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲ ကာလတွင် ရခိုင်ရှိ မွတ်စလင်များတွင် ကတ်ဖြူလည်း မရှိတော့၊ မဲပေးခွင့်လည်း မရှိတော့။ ထို့ပြင် ဒုက္ခသည်စခန်းရှိ မွတ်စလင် ပြဿနာများအားလည်း ဖြေရှင်းပေးခြင်း မရှိပေ။ သို့ဖြစ်ရာ ၂၀၁၇ တွင် ပြဿနာကြီး ပေါ်ပေါက်ခဲ့ပြီး စစ်တပ်သည်လည်း လူမျိုးတုံးသတ်ဖြတ်မှု တရားခံအဖြစ် သတ်မှတ်ခံခဲ့ရသည်။

ဤအကျိုးဆက်ကြောင့် ၂၀၁၉၊ ၂၀၂၀ ရခိုင်စစ်ပွဲများ စတင်သည်မှစ၍ စစ်တပ်သည် ရခိုင်လူထု၏ ထောက်ခံမှုလည်း မရ၊ မွတ်စလင်တို့ကလည်း စစ်တပ်နှင့် ခပ်ကင်းကင်း နေသည်ဖြစ်ရာ စစ်တပ်သည် ရခိုင်တွင် ဒေသခံတို့၏ ထောက်ခံမှုမရဘဲ အထီးတည်း စစ်တိုက်နေရပြီး ဆုံးရှုံးမှု များပြားခဲ့သည်။

ဘူးသီးတောင်မြို့ကို AA က သိမ်းယူအပြီး

မွတ်စလင်များကို အသုံးချခြင်း

၂၀၂၄ နှစ်ဆန်းမှစ၍ စစ်တပ်သည် မွတ်စလင်များကို တပ်သားသစ် အတင်းစုဆောင်းသည်ဟူသည့် သတင်းများ ထွက်ပေါ်လာသည်။ စစ်ကောင်စီ ပြောရေးဆိုခွင့် ရှိသူက ထုံးစံအတိုင်း မဟုတ်ပါဟု ဗြောင်လိမ်သည်။ ဓာတ်ပုံ၊ ဗီဒီယို သက်သေ အထောက်အထားများ ပေါ်ပေါက်လာသည့်အခါ နှုတ်ဆိတ်နေသည်။ သံတွဲ၊ ကျောက်ဖြူ၊ စစ်တွေနှင့် ဘူးသီးတောင်၊ မောင်တောဒေသတို့မှ မွတ်စလင်များကို တပ်သားသစ်များအဖြစ် အတင်းအကျပ် စုဆောင်းခံရသည် ဟုသိရသည်။

ထို့ပြင် ဘူးသီးတောင်နှင့် စစ်တွေတွင် အာရက္ခတပ်တော် (AA) ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို စစ်တပ်၏ ကြိုးကိုင်မှုဖြင့် စီစဉ်ဆောင်ရွက်လာခြင်း ဖြစ်သည်ဟု သိရ၏။ ဘူးသီးတောင်တွင် ရခိုင်နှင့် ဟိန္ဒူအများအပြားကို မွတ်စလင် အကြမ်းဖက်သမားများက ဖမ်းဆီးထားသည်ဟု သတင်းများပေါ် ထွက်လာသကဲ့သို့ ဘူးသီးတောင်တွင် မွတ်စလင်နှင့် ဟိန္ဒူတို့ နေအိမ်များ လုယက်မီးရှို့ ဖျက်ဆီးခံရသည်မှာ အိမ်ခြေ ၅,၀၀၀ ခန့်ရှိလာသည်ဟု သိရ၏။

ထို့နောက် ၂၀၂၄ ခုနှစ်၊ မေလ ၉ ရက်နေ့က စစ်တပ်နှင့်ရဲ အခြေစိုက်ထားသည့် မောင်တောအနီး ရွှေရင်အေး ရခိုင်ရွာနှင့် ဝေသာလီ ရခိုင်ရွာအား မွတ်စလင် လက်နက်ကိုင်များက ဝင်ရောက် မီးရှို့ဖျက်ဆီးနေသည့် ဗီဒီယိုဖိုင်များ မေလ ၁၃ ရက်နေ့က ထွက်ပေါ်လာသည်ကို တွေ့ရ၏။

တကယ်တွင် တိုက်ပွဲဖြစ်၍ မြို့ရွာများမှ တိမ်း‌ရှောင်ရခြင်း၊ မြို့ရွာများ ပျက်စီးခြင်း၊ မီးလောင်ခြင်း၊ အရပ်သားများ ထိခိုက်နေခြင်းတို့သည် ဘူးသီးတောင်တွင်သာဖြစ်နေခြင်း မဟုတ်သကဲ့သို့ မွတ်စလင်များသာ ဖြစ်နေခြင်း မဟုတ်ပေ။ ရခိုင်တွင်ဆိုလျှင် တပြိုင်တည်း၌ အမ်းနှင့် သံတွဲခရိုင်တွင် တိုက်ပွဲများ ဖြစ်ပွားနေသည်။

တဖက်ကလည်း ပြည်ပရောက် မွတ်စလင် တက်ကြွလှုပ်ရှားသူအချို့က စစ်တပ်သာမက AA လည်း မွတ်စလင်များအား သတ်ဖြတ်မှုရှိသည်၊ AA ၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် မွတ်စလင်များ ထိခိုက်သေဆုံးမှု ရှိသည်၊ AA က ဘူးသီးတောင်ဒေသတွင် မွတ်စလင်များကို တပ်သားသစ် စုဆောင်းမှုရှိသည်ဟု စွပ်စွဲပြောဆိုခြင်းများ ရှိသည်ကို တွေ့ရ၏။

လူမျိုးရေး၊ ဘာသာရေး၊ ပဋိပက္ခ ဖြစ်မည်လော

ဤသို့သော အဖြစ်အပျက်များ တွေ့လာရသည့်အချိန်၊ စစ်တပ်က မွတ်စလင်များကို အသုံးချ၍ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများကို မိုက်မဲစွာ ဗြောင်အတိအလင်း သွေးထိုးလှုံ့ဆော်နေချိန်တွင် ကုလသမဂ္ဂနှင့် နိုင်ငံတကာက လူမျိုးရေး အဓိကရုဏ်းများ ဖြစ်မည်ကို စိုးရိမ်သည်ဟု ဖော်ထုတ် ပြောဆိုလာသည်ကို တွေ့ရ၏။

၂၀၂၄ ခုနှစ် မတ်လ ၁၉ ရက် ဘူးသီးတောင်တွင် ဆန့်ကျင်ရေး မွတ်ဆလင်များ ဆန္ဒပြခဲ့စဉ်

အမှန်တကယ်က ရခိုင်တွင် လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများဖြစ်မည်ဟု စိုးရိမ်ခြင်းသည် ပြောင်းလဲနေသော ရခိုင်မြေပြင်အခြေအနေနှင့် AA ၏ အခြေအနေကို မှန်ကန်စွာ မသိဘဲ ၂၀၁၂ နှင့် ၂၀၁၇ အခြေအနေကဲ့သို့ ယူဆပြောဆိုနေကြခြင်း ဖြစ်၏။ ဆိုရလျှင် ပြောင်းလဲနေသည့် ရခိုင်ပြည်၏ တကယ့် လက်တွေ့နှင့် ကင်းကွာပြီး ပြောဆိုနေကြ ခြင်းဖြစ်၏။

ယနေ့ ကာလ ရခိုင်တွင် AA သည် ပလက်ဝအပါအဝင် မြို့နယ်ကိုးခုကို အပြည့်အဝ ချုပ်ကိုင်ထားနိုင်သကဲ့သို့ ကျန်မြို့နယ်များကို ဩဇာအာဏာ သက်ရောက်သည်။ AA က အပြည့်အဝ ချုပ်ကိုင်ထားသော မြို့နယ်များသာမက ပြောက်ကျား ချုပ်ကိုင်ထားသော မြို့နယ်များကိုပါ ပြည်သူ့အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့ ဖွဲ့စည်းပြီး အုပ်ချုပ်ရေး၊ တရားစီရင်ရေး လုပ်ငန်းများကို ၎င်းအုပ်ချုပ်ရေး နယ်မြေရှိ ရခိုင်ရော မွတ်စလင်များကိုပါ အုပ်ချုပ်နေသည်။ AA သည် မွတ်စလင်နှင့် ရခိုင်များကြား သင့်မြတ်စွာ နေထိုင်ရေး၊ သဟဇာတဖြစ်ရေး မူဝါဒကို ကိုင်စွဲထားပြီး AA ထိန်းချုပ်ရာနယ်မြေများတွင် ရခိုင်နှင့် မွတ်စလင်များ သင့်မြတ်စွာ နေထိုင်ကြသည်ကို တွေ့နိုင်၏။

ဘူးသီးတောင်၌ တိုက်ခိုက်နေစဉ် ကာလတွင် AA ထိန်းချုပ်ထားသည့် မြို့နယ် ကိုးမြို့နယ်ရှိသည်။ ပလက်ဝမှအပ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းစသည် ရှစ်မြို့နယ်တွင် မွတ်စလင်ရွာများရှိပြီး ရခိုင်များနှင့် သင့်မြတ်စွာ နေထိုင်သည်ကို တွေ့နိုင်သည်။ ထို့ပြင် ထို ရှစ်မြို့နယ်ရှိ မွတ်စလင်များသည် ရပ်ရွာအုပ်ချုပ်ရေးနှင့် ရဲလုပ်ငန်းများတွင် ပါဝင်ကြသော်လည်း မည်သည့် မွတ်စလင်ရွာကိုမှ တပ်သားသစ် စုဆောင်းခြင်း မရှိသည်ကို တွေ့နိုင်သည်။

AA သည် မွတ်စလင် မဆိုထားနှင့် ရခိုင်လူမျိုးများကို အတင်းအကျပ် တပ်သားသစ် စုဆောင်းခြင်း မရှိပေ။ AA က တည်ငြိမ်စွာ ထိန်းချုပ်ထားနိုင်သည့် မြို့နယ်များတွင်ရှိသည့် မွတ်စလင်များကိုပင် တပ်သားသစ် စုဆောင်းခြင်း မရှိရာ တိုက်ပွဲဖြစ်ပွား၍ ရှုပ်ထွေးနေသည့် ဘူးသီးတောင်တွင် မွတ်စလင်များအား တပ်သားသစ် စုဆောင်းသည်ဟု စွပ်စွဲနေခြင်းမှာ အဓိပ္ပာယ်မရှိပေ။

ထို့အတူ AA ထိန်းချုပ်ရာ မြို့နယ်များရှိ မွတ်စလင်များကို ဖိနှိပ်မှု၊ တိုက်ခိုက်မှု၊ အိမ်များ မီးရှို့မှု မရှိသည့်အခြေအနေ၊ လုံခြုံစိတ်ချစွာ နေထိုင်ရသည့် အခြေအနေကို မျက်ကွယ်ပြုပြီး ဘူးသီးတောင်တွင် မွတ်စလင်များကို သတ်ဖြတ်နေသည်၊ မွတ်စလင်အိမ်များကို မီးရှို့ဖျက်ဆီးနေသည်ဟု စွပ်စွဲနေခြင်းမှာလည်း ခိုင်မာမှု မရှိပေ။

စစ်တပ်နှင့် ပူးပေါင်းနေသည့် မွတ်စလင် အကြမ်းဖက်များက ရခိုင်၊ ဟိန္ဒူနှင့် မွတ်စလင် မဟုတ်သည့် အိမ်များကို မီးရှို့ကာ ဗီဒီယိုဖိုင်များ ထုတ်လွှင့်သည့် ရည်ရွယ်ချက်မှာ ရခိုင်များ မခံမရပ်နိုင် ဖြစ်ပြီး ပြန်လည် တုံ့ပြန်စေရန် ရည်ရွယ်သည်။ ရခိုင်များက ပေါက်ကွဲ၍ မွတ်စလင် အိမ်များကို ပြန်လည် မီးရှို့ပြီး လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းဖြစ်ရန် ရည်ရွယ်ကြသည်။ သို့သော်လည်း မည်သည့် ရခိုင်ကမှ ထိုသို့ တုံံ့ပြန်ခြင်း မပြုလုပ်ကြပေ။

ရခိုင်အခြေအနေသည် ၂၀၁၂ ခုနှစ်နှင့် များစွာ ကွာခြားသွားပြီ ဖြစ်သည်။ ယနေ့ ရခိုင်ပြည်ရှိ AA ထိန်းချုပ်နယ်မြေရော စစ်တပ်က ထိန်းချုပ်နိုင်သေးသည့် နယ်မြေတွင်ပါ နေထိုင်ကြသည့် ရခိုင်လူမျိုး အများစုအပေါ် AA ၏ ဩဇာသက်ရောက်မှု ကြီးသည့်အပြင် စနစ်တကျလည်း စည်းရုံး အုပ်ချုပ်နိုင်သည်ဖြစ်ရာ AA ၏ လူ့အဖွဲ့အစည်း သဟဇာတ ဖြစ်ရေးမူဝါဒကို ကျော်လွန်၍ အကြမ်းဖက် တုံ့ပြန်မှုမျိုးကို မည်သည့် ရခိုင်မှ ပြုလုပ်မည် မဟုတ်သကဲ့သို့ ပြုလုပ်သူရှိပါကလည်း AA က လက်ခံလိမ့်မည် မဟုတ်ပေ။ နိုင်နင်းစွာလည်း တားဆီးနိုင်သည့် အခြေအနေရှိ၏။

AA သည် မွတ်စလင် မဆိုထားနှင့် ရခိုင်လူမျိုးများကို အတင်းအကျပ် တပ်သားသစ် စုဆောင်းခြင်း မရှိပေ။ AA က တည်ငြိမ်စွာ ထိန်းချုပ်ထားနိုင်သည့် မြို့နယ်များတွင်ရှိသည့် မွတ်စလင်များကိုပင် တပ်သားသစ် စုဆောင်းခြင်း မရှိရာ တိုက်ပွဲဖြစ်ပွား၍ ရှုပ်ထွေးနေသည့် ဘူးသီးတောင်တွင် မွတ်စလင်များအား တပ်သားသစ် စုဆောင်းသည်ဟု စွပ်စွဲနေခြင်းမှာ အဓိပ္ပာယ်မရှိပေ။

ထို့ကြောင့် ၂၀၁၂ ခုနှစ်နှင့် လုံးဝ မတူတော့ဘဲ ရခိုင်လူမျိုး အများစုအား AA ၏ ဩဇာနှင့် စည်းရုံးအုပ်ချုပ်မှု သက်ရောက်နေသည်ဖြစ်၍ ဘူးသီးတောင်၊ မောင်တောဒေသနှင့် ရခိုင်အခြားမြို့နယ်များတွင် လူမျိုးရေး အဓိကရုဏ်း ဖြစ်နိုင်စရာ အကြောင်း မရှိပေ။ စစ်တပ်နှင့် စစ်တပ်နောက်လိုက်များ၏ ရမ်းကားမှု၊ လှုံ့ဆော်မှုများသာ ရှိပေလိမ့်မည်။

ဘူးသီးတောင်တိုက်ပွဲ

ဤသို့ လူမျိုးရေးပဋိပက္ခ ဖြစ်ပွားမည်ဟု စိုးရိမ်မှု ဖြစ်ပွားနေစဉ်မှာပင် ဘူးသီးတောင်မြို့ကို ၂၀၂၄ ခုနှစ်၊ မေလ ၁၈ ရက်နေ့တွင် AA က သိမ်းပိုက်ခဲ့သည်။

၂၀၂၄ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့က ဘူးသီးတောင် အခြေစိုက်တပ်ရင်း တခုဖြစ်သည့် ခမရ ၅၅၂ ကို စတင်သိမ်းပိုက်ခဲ့ပြီး နှစ်လ မပြည့်မီ ဘူးသီးတောင်ရှိ စကခ ၁၅ ဌာနချုပ်နှင့် လက်အောက်ခံ တပ်ရင်းဌာနချုပ် ရှစ်ခု၊ နပခ လက်‌အောက်ခံ ဘူးသီးတောင်ဗျူဟာနှင့် လက်အောက်ခံ တပ်ရင်းဌာနချုပ် သုံးခု၊ အ‌မြောက်တပ်ရင်း တရင်း၊ ထောက်ပို့တပ်၊ ဆောက်လုပ်ရေးတပ်၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ နှစ်ခု ဖြစ်သည့် နခခ ၃၊ နခခ ၈ တို့အပြင် စစ်တပ်နှင့် ပူးပေါင်းနေသည့် ARSA, RSO, ARA တို့ကိုပါ ရွတ်ရွတ်ချွံချွံ တိုက်ခိုက်ပြီး သိမ်းပိုက်နိုင်ခဲ့သည်။

RelatedPosts

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
102
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
1.8k
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
650

ဘူးသီးတောင် တိုက်ပွဲသည် လက်ရှိ နွေဦးတော်လှန်ရေး ကာလတွင်တွေ့ရသည့် အကြီးမားဆုံး စစ်ရေးအောင်ပွဲ ဖြစ်သည်။ စစ်ကောင်စီအား စစ်ရေးအရ ကြီးကြီးမားမား အထိနာစေသည့် တိုက်ပွဲဖြစ်၏။

နွေဦးတော်လှန်ရေး အင်အားစုများအတွက် ခွန်အားဖြစ်စေသည့် အောင်ပွဲဖြစ်၏။ ဘူးသီးတောင် တိုက်ပွဲသည် စစ်ကောင်စီနှင့် သူ၏ နောက်လိုက်များ၊ စစ်ကောင်စီနှင့် ပူးပေါင်းနေသူများအတွက် စိတ်ပျက်စရာ တိုက်ပွဲ၊ အရှက်ရစေသည့် တိုက်ပွဲဖြစ်၏။ ဘူးသီးတောင် တိုက်ပွဲအတွင်း မွတ်စလင်ဒုက္ခသည် ၅ သောင်းခန့်ကိုလည်း AA ထိန်းချုပ်နယ်မြေအတွင်း စောင့်ရှောက်ထားသည်ကို တွေ့ရ၏။ AA သည် လူမျိုးမရွေး၊ ဘာသာမရွေး ကူညီစောင့်ရှောက်သွားမည်ဟု ကြေညာထား၏။

ဘူးသီးတောင် တိုက်ပွဲအောင်မြင်မှုသည် လူမျိုးရေး ပဋိပက္ခဖန်တီးရန် ကြိုးစားနေသည့် စစ်တပ်၏ ကျဆုံးမှုအစ ဖြစ်၏။ မောင်တောနှင့် စစ်တွေမြို့များကိုပါ AA သိမ်းပိုက်ပြီးပါက စစ်တပ်၏ ရခိုင်တွင် လူမျိုးရေး သွေးထိုးလှုံ့ဆော်မှု အဆုံးသတ်သွားပေလိမ့်မည်။

အံ့ဩစရာကောင်းသည်မှာ ပြည်ပအခြေစိုက် မွတ်စလင်အရေး တက်ကြွလှုပ်ရှားသူ အချို့နှင့် လူ့အခွင့်အရေး လှုပ်ရှားသူအချို့သည် တိုက်ပွဲဖြစ်ပွား၍ ဘူးသီးတောင်မြို့တွင်းမှ မွတ်စလင်များ တိမ်းရှောင်ခိုင်းခြင်း၊ တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရခြင်းနှင့် ပတ်သက်၍ AA အား အပြစ်တင်ရန် ကြိုးစားနေသည်ကို တွေ့ရ၏။

တကယ်တွင် တိုက်ပွဲဖြစ်၍ မြို့ရွာများမှ တိမ်း‌ရှောင်ရခြင်း၊ မြို့ရွာများ ပျက်စီးခြင်း၊ မီးလောင်ခြင်း၊ အရပ်သားများ ထိခိုက်နေခြင်းတို့သည် ဘူးသီးတောင်တွင်သာဖြစ်နေခြင်း မဟုတ်သကဲ့သို့ မွတ်စလင်များသာ ဖြစ်နေခြင်း မဟုတ်ပေ။ ရခိုင်တွင်ဆိုလျှင် တပြိုင်တည်း၌ အမ်းနှင့် သံတွဲခရိုင်တွင် တိုက်ပွဲများ ဖြစ်ပွားနေသည်။

သံတွဲမြို့နှင့် မိုင်၂၀ ဝန်းကျင်အကွာ ရွှေလှေတိုက်နယ်ရှိ လင်းသီ၊ ကျောင်းကုန်း၊ နတ်တောင်မော်နှင့် အုန်းမော်ကျေးရွာများ တဝိုက်တွင် AA နှင့် စစ်တပ် တိုက်ပွဲများ ဖြစ်ပွားနေ၏။ အဆိုပါ တိုက်ပွဲများကြောင့် သံတွဲမြို့နယ်ရှိ ရခိုင်နှင့် ကမန် ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံပြည်သူ ၁ သောင်းခွဲကျော်မှာ ဘေးလွတ်ရာသို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်။

မေလ ၁၄ ရက်နေ့က တိုက်ပွဲဖြစ်ပွားခြင်း မရှိခဲ့သည့် လင်းသီကျေးရွာကို သံတွဲမြို့ရှိ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် အရပ်သား ၁၀ ဦးသေဆုံးခဲ့ပြီး သုံးဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ သံတွဲမြို့နယ်၊ နတ်တောင်မော်ကျေးရွာတွင် မေ ၁၈ ရက် မွန်းလွဲပိုင်း၌ စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့် ဒေသခံရွာသား ခုနစ်ဦး သေဆုံးသွားခဲ့၏။ ကျေးရွာနေအိမ်များ မီးလောင်ပျက်စီးမှုများ ရှိခဲ့သည်။

ထို့ပြင် စစ်ပွဲသည် ကရင်၊ ကရင်နီ၊ ရှမ်း၊ ကချင်၊ ချင်း၊ အညာဒေသ၊ တနင်္သာရီစသည့် တပြည်လုံးတွင် ဖြစ်ပွားနေသည်။ တိုက်ပွဲဖြစ်၍ ထိခိုက်မည် စိုးရိမ်၍ မြို့တွင်းမှ အရပ်သားများကို ဖယ်ခိုင်းခြင်း၊ အရပ်သားများ ထွက်ပြေးရခြင်း၊ မြို့များ ရွာများ မီးလောင်ပျက်စီးခြင်းသည် ဘူးသီးတောင်တမြို့ထဲ ဖြစ်နေခြင်း မဟုတ်သကဲ့သို့ မွတ်စလင်များသာ ဒုက္ခခံစားနေရခြင်းလည်း မဟုတ်ပေ။ တပြည်လုံးအနှံ့တွင် ဖြစ်ပွားနေခြင်း ဖြစ်သည်။ အထူးသဖြင့် မြန်မာပြည် လူ့အဖွဲ့အစည်း၏ လူ့အခွင့်အရေးအတွက်ဟု ခံယူထားသူများသည် အားလုံးခြုံငုံ ကြည့်ရန်လို၏။

သို့ဖြစ်ရာ စစ်ပွဲကြောင့် ထိခိုက်မှု မရှိရန် မြို့လူထုအား ဘူးသီးတောင်မှ ထွက်ခွာခိုင်းခြင်းအား ဘူးသီးတောင်မှ မွတ်စလင်များအား မောင်းထုတ်နေခြင်းမျိုး ပုံဖော်နေခြင်းသည် မှားယွင်း၏။ အထက်တွင်ဆိုသကဲ့သို့ ‌ဘူးသီးတောင်တိုက်ပွဲသည် နွေဦးတော်လှန်ရေးအတွင်း အကြီးမားဆုံး စစ်ရေးအောင်ပွဲ ဖြစ်သည်။ စစ်တပ်အား လူမျိုးတုံးသတ်ဖြတ်သည်ဟု သတ်မှတ်ထားသူများအနေနှင့် ယင်းသို့လုပ်သည့် စစ်တပ်ကို ပြတ်ပြတ်သားသား ချေမှုန်းခြင်းအား မုဒိတာပွားသင့်သည်။ လူမျိုးတုံးသတ်ဖြတ်သည့် စစ်တပ်နှင့် ပူးပေါင်းနေသည့် မွတ်စလင် အကြမ်းဖက်များအား ပြတ်ပြတ်သားသား ရှုတ်ချရန် လို၏။

စစ်တပ်ကို ကြီးမားသည့် အောင်မြင်မှုရရှိသည့် ဘူးသီးတောင်တိုက်ပွဲကို မျက်ကွယ်ပြုသည့်အပြင် AA က ဘူးသီးတောင်မှ မွတ်စလင် ဒုက္ခသည်များကို ကူညီနေသည့် အခိုင်အမာ ဗီဒီယိုဖိုင်များနှင့် တွေ့မြင်နေရချိန်တွင် အထောက်အထား ခိုင်လုံခြင်းမရှိသေးဘဲ AA က မွတ်စလင်အိမ်များကို မီးရှို့ပါသည်ဟု ဇွတ်အတင်း စွပ်စွဲနေသည်မှာလည်း မမှန်ကန်ပေ။ ဤသို့မီးရှို့သည်ဟု သံသယရှိပါက ခိုင်လုံသည့် အထောက်အထားရရှိအောင် အရင်ကြိုးစားပြီးမှသာ အချက်အလက် အခိုင်အမာဖြင့် ပြောဆိုသင့်သည်။ ထိုသို့ အထောက်အထား ခိုင်လုံအောင် ပြုလုပ်ခြင်း မရှိဘဲပြောဆို စွပ်စွဲခြင်းသည် လူမျိုးရေး အဓိကရုဏ်းဖြစ်အောင် လှုံ့ဆော်ရာရောက်သည်ကို သတိပြုရန်လို၏။

နွေဦးတော်လှန်ရေး၏ အဓိကရန်သူဖြစ်သည့် စစ်တပ်ကို ပြတ်ပြတ်သားသား တိုက်ခိုက်ရေး အဓိကထားပြီး ကျန်ပြဿနာများအား ညှိနှိုင်းဆွေးနွေးရန် လိုသည်။ အဓိကရန်သူနှင့် အဓိကလုပ်ရမည့် အလုပ်ကို ဆုပ်ကိုင်ထားရန်လို၏။

သဟဇာတဖြစ်ရေး

ဘူးသီးတောင် တိုက်ပွဲအောင်မြင်မှုသည် လူမျိုးရေး ပဋိပက္ခဖန်တီးရန် ကြိုးစားနေသည့် စစ်တပ်၏ ကျဆုံးမှုအစ ဖြစ်၏။ မောင်တောနှင့် စစ်တွေမြို့များကိုပါ AA သိမ်းပိုက်ပြီးပါက စစ်တပ်၏ ရခိုင်တွင် လူမျိုးရေး သွေးထိုးလှုံ့ဆော်မှု အဆုံးသတ်သွားပေလိမ့်မည်။

ရသေ့တောင်မြို့အခြေစိုက် စစ်ကောင်စီတပ်၏ ခမရ (၅၃၆)၊ (၅၃၇) နှင့် (၅၃၈) တပ်ရင်းတို့အား AA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အဆိုပါစခန်းများအတွင်း၌ တွေ့ရသော စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ရိုဟင်ဂျာ မွတ်စလင် အလောင်းအချို့ / AA Info Desk

ထို့အတူ AA ၏ မူဝါဒနှင့် ရခိုင်လူထုအား ထိန်းကျောင်းလမ်းညွှန်နိုင်မှုအရ စစ်တပ်က မည်သို့ သွေးထိုးလှုံ့ဆော်သည်ဖြစ်စေ ရခိုင်လူထုက ပြန်လည်တုန့်ပြန်မည် မဟုတ်သည့်အတွက် ရခိုင်တွင် လူမျိုးရေးအဓိကရုဏ်း မဖြစ်နိုင်ပေ။

ရခိုင်တွင် စစ်တပ်ရှုံးနိမ့်မှုနှင့်အတူ လူမျိုးရေး အဓိကရုဏ်းများ၊ သွေးထိုးလှုံ့ဆော်မှုများ တခန်းရပ်တန့်ရန် မဝေးတော့ပြီဖြစ်၏။ စစ်တပ်နှင့် ပူးပေါင်းနေသည့် မွတ်စလင် အကြမ်းဖက်များ၊ မွတ်စလင် ပြူစောထီးများအား တိုက်ခိုက်ချေမှုန်းခြင်းသည်လည်း လူမျိုးရေးအဓိက ရုဏ်းဖန်တီးရန် ကြိုးပမ်းမှုအား တခန်းရပ်စေသကဲ့သို့ ရခိုင်တွင် သဟဇာတဖြစ်သည့် လူ့အဖွဲ့အစည်းတရပ် ထူထောင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခြင်းသည် ရခိုင်လူမျိုးရေး ပဋိပက္ခများအား အဆုံးသတ်စေသည်သာမက တည်ငြိမ်ဖွံဖြိုးတိုးတက်သည့် လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်ပေလိမ့်မည်။

(ဗညားအောင်သည် နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာများဆိုင်ရာ သုတေသီတဦး ဖြစ်သည်။)

You may also like these stories:

စစ်ကောင်စီက ရခိုင်နှင့် ရိုဟင်ဂျာ နှစ်ဖက်လုံးကို လူမျိုးရေးနှင့် လှည့်တိုက်နေ

ဘူးသီးတောင်က စခန်းအားလုံး တိုက်ပြီး မြို့ကို AA သိမ်းပိုက် (ရုပ်/သံ)

ရခိုင် “ပုံမှန်အခြေအနေသစ်”

လူမျိုးတုံးသတ်သည့် စစ်တပ်က ရိုဟင်ဂျာများထံမှ အကူအညီလိုချင်

စစ်ကောင်စီ ရခိုင်မြောက်ပိုင်းမှာ မွတ်စလင် ပျူစောထီး မွေးနေသည်

ဘူးသီးတောင် ရိုဟင်ဂျာဆန္ဒပြပွဲ စစ်ကောင်စီကြိုးကိုင်ခဲ့ဟု NUG ဆို

ရိုဟင်ဂျာများကို စစ်ကောင်စီ စစ်သားစုဆောင်းနေ

Your Thoughts …
Tags: AASliderUSDPစစ်ကောင်စီစစ်သားစုဆောင်းရေးစစ်အာဏာသိမ်းမှုတိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံဒုက္ခသည်စခန်းဘူးသီးတောင်အာရက္ခတပ်တော်
ဗညားအောင်

ဗညားအောင်

ဗညားအောင်သည် နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာများဆိုင်ရာ သုတေသီတဦး ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
အာကာသဆီသို့

အာကာသဆီသို့

ရေစကြိုနယ်သို့ ဝင်သည့်စစ်ကြောင်း ရွာခံ ၆ ဦးကို သတ်၍ ၅ ဦး ဖမ်းထား

ရေစကြိုနယ်သို့ ဝင်သည့်စစ်ကြောင်း ရွာခံ ၆ ဦးကို သတ်၍ ၅ ဦး ဖမ်းထား

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
1.8k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved