ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက်ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် နမ့်ခမ်းမြို့တောင်ဘက် ရွှေလီမြစ်အနောက်ဘက်ကမ်းရှိ နောင်တောင်း နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ဧပြီ ၂၉ ရက်တွင် TNLA ၏ အကောက်ခွန်ဌာနက ပြန်လည်ဖွင့်လှစ်ပေးလိုက်ကြောင်း ကုန်သည်များထံမှ သိရသည်။
အဆိုပါ နောင်တောင်း နယ်စပ်ဂိတ်နှင့်နီးစပ်သည့် အသက် ၂၆ နှစ်အရွယ် ကုန်သည်အမျိုးသားတဦးက “ဂိတ်ပိတ်တုန်းက သတ္တုတွေ တောင်လိုပုံထားတာ။ အခုတော့ မရပ်မနားပဲ သတ္တုတွေကို တရုတ်ထဲ ပြန်သွင်းနေကြပြီ။ မီးသွေးကားတွေလည်း သူ့ဒေသနဲ့သူ နေ့တိုင်းကို တရုတ်ထဲ ဝင်နေတာပဲ“ ဟု ဧရာဝတီကို ပြောသည်။
ယင်းနယ်စပ်ဂိတ်ပေါက် ဖွင့်လိုက်ခြင်းသည် ဒေသတွင်း အဓိကလုပ်ကိုင်ကြသည့် မီးသွေးများ တင်ပို့လာနိုင်မှုနှင့် မီးသွေးလုပ်ငန်း လည်ပတ်နိုင်မှုအတွက် များစွာအကျိုးဖြစ်စေကြောင်းလည်း ၎င်းက ဆိုသည်။
ထို့ပြင် ကမ္ဘာကျော် နမ္မတူ ဘော်တွင်းသတ္တုတွင်းမှ သတ္တုရိုင်းအချောထည်ကို တင်ပို့နေသလို နမ့်ခမ်းမြို့နယ်အတွင်း ထွက်ရှိသည့် တန်ဖိုးကြီး ဆီလီကွန်ကျောက် အမျိုးအစားများကိုလည်း တင်ပို့နေကြောင်း သိရသည်။
လက်ရှိတွင် ဘိလပ်မြေ၊ မြေအုတ် စသည့် အိမ်ဆောက်ပစ္စည်းအမျိူးမျိုးကို တရုတ်ပြည်ဘက်ခြမ်းမှ မြန်မာဘက်သို့ တင်သွင်းလာနေသလို မြန်မာပြည်ရှိ ဝယ်လက်များပေါ်မူတည်ကာ ကုန်စည်အမျိုးမျိုးကို တင်သွင်း၍ရကြောင်း ကုန်သည်များက ဆိုသည်။
နမ့်ခမ်းမြို့အနီး TNLA အပါအဝင် ညီနောင်မဟာမိတ်များဖြစ်သည့် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့် အာရက္ခတပ်တော် (AA) တို့ ပူးပေါင်းထိန်းချုပ်ထားသည့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ကျင်စန်းကျော့ ဂိတ်ကို မတ်လဆန်းပိုင်း၌ ဖွင့်လှစ်ခဲ့သော်လည်း ယင်းလမ်းကြောင်းပေါ်ရှိ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာကျေးရွာအနီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က စစ်ဆေးရေးဂိတ်ချပြီး အခွန်ကောက်ခံနေခြင်းကြောင့် အခွန်ရှောင်သည့် ကုန်သည်များအတွက် နောင်တောင်းနယ်စပ်ဂိတ်ကို အားထားနေရကြောင်းလည်း ၎င်းတို့က ပြောသည်။
ဇန်နဝါရီလဆန်းပိုင်းမှစပြီး စစ်ကောင်စီတပ် ထိန်းချုပ်ထားသည့် မြန်မာပြည်အလယ်ပိုင်းနှင့် ရှမ်းမြောက်မြို့အချို့မှ ကုန်ပစ္စည်းများသည် TNLA သိမ်းယူထားသည့် နမ့်ဆန်၊ နမ္မတူ၊ မန်တုံမြို့တို့ကို ဖြတ်ကျော်ကာ နမ့်ခမ်းမြို့ နောင်တောင်း နယ်စပ်ဂိတ်မှတဆင့် ကုန်သွယ်မှု ပြုလုပ်လာကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းက နောင်တောင်းနယ်စပ်ဂိတ်အနီးသို့ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) က အင်အား ၁၀၀ ကျော်ဖြင့် ဝင်ရောက်လာကာ အခွန်ကောက်ခံမှုနှင့်ပတ်သက်၍ ဆက်ဆံရေးတင်းမာလာခဲ့ ရာ TNLA က ယင်းဂိတ်အား ဧပြီ ၅ ရက်တွင် ပိတ်ပစ်ခဲ့ပြီးနောက် ယခုအခါ ပြန်လည်ဖွင့်လှစ်ပေးခြင်းလည်း ဖြစ်သည်။
လက်ရှိတွင် နောင်တောင်းနယ်စပ်ဂိတ်၌ TNLA အပြင် SSPP/SSA တပ်ဖွဲ့ဝင်များကို တွေ့ရှိခဲ့ရပြီး အခွန်ကောက်ခံခွဲဝေမှုနှင့် ပတ်သက်၍မူ ဧရာ၀တီအနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပါ။
နောင်တောင်း နယ်စပ်ကုန်သွယ်ရေးဂိတ် ဖွင့်လှစ်မှုနှင့်ပတ်သတ်ပြီး TNLA နှင့် တရုတ်အာဏာပိုင်များကြား တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း TNLA ၏ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက TNLA ထိန်းချုပ်နယ်မြေများတွင် ကုန်သွယ်ရေးများ လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်ပြုထားကြောင်း ဧပြီလထဲ၌ ပြောဆိုထားဖူးသည်။
You may also like these stories:
ကွတ်ခိုင်ရှိ KIA နှင့် TNLA တပ်များအကြား တင်းမာမှု ညှိနှိုင်းအဖြေရှာမည် ဟုဆို
ကွတ်ခိုင်မြို့ကို TNLA အပြီးသတ်သိမ်းပိုက်
စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မူဆယ်နဲ့ နမ့်ခမ်းကို TNLA က အရေးပေါ်အမိန့်ထုတ်