စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြောညာထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မူဆယ်မြို့နယ်နဲ့ နမ့်ခမ်းမြို့တို့ကို ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး၊ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) က နိုဝင်ဘာလ ၁၄ ရက်နေ့မှာ အရေးပေါ်ကာလ အမိန့်ထုတ် ပြန်လာပါတယ်။
မူဆယ်မြို့ဟာ တရုတ်-မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးဂိတ်ရှိရာမြို့
စစ်ကောင်စီက နမ့်ခမ်းနဲ့ မူဆယ်မြို့ကို နိုဝင်ဘာ ၁၂ ရက်နေ့မှာ လုံခြုံရေးအကြောင်းပြချက်နဲ့ စစ်အုပ်ချုပ်ရေး အမိန့်ကြောညာခဲ့ပြီး TNLA ကတော့ ဒေသခံတွေရဲ့ ပစ္စည်းဥစ္စာတွေကို ကာကွယ်သွားဖို့ အမိန့်စာထုတ်ပြန်ခဲ့တာ ဖြစ်တယ်လို့ TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး တားအိုက်ကျော် က ပြောပါတယ်။
ဒုဗိုလ်မှူးကြီး တားအိုက်ကျော် က “ပြည်သူလူထုတွေရဲ့ ပစ္စည်းဥစ္စာတွေကို ကာကွယ်သွားနိုင်ဖို့ ဖြစ်ပါတယ်။ မြို့ပေါ်က နေအိမ်တွေမှာ မသမာသူတွေရဲ့ ခိုးယူဖောက်သွင်းမှုတွေ များလာနေတာကြောင့်ဖြစ်တယ်” လို့ ဧရာဝတီကို ပြောပါတယ်။
PSLF/TNLA ရဲ့ နိုဝင်ဘာ ၁၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်ထဲမှာ အချက် ၆ ချက်ပါဝင်ပြီး အဲဒီအထဲမှာ နမ့်ခမ်းနဲ့ မူဆယ်မြို့ခံတွေအနေနဲ့ ည ၈ နာရီကနေ မနက် ၆ နာရီ အတွင်း အိမ်ခြံဝန်းအပြင်ဘက်ကို လှုပ်ရှားသွားလာခြင်း မပြုဖို့၊ အရေးပေါ်သွားလာဖို့ လိုအပ်ရင် သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ခွင့်ပြုချက်တောင်းယူဖို့ လိုအပ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြို့ခံတွေအနေနဲ့ ဒုစရိုက်မှုနဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ရောင်းဝယ်၊ ဖောက်ကား သယ်ဆောင်ခြင်း၊ စားသောက်ကုန်တွေ အဆမတန်စျေးတင်ရောင်းခြင်း မပြုလုပ်ရကြောင်း တားမြစ်ထားပြီး ဒီတားမြစ်ချက်တွေကို ဖောက်ဖျက်ကျူးလွန်ရင် PSLF/TNLA ရဲ့ တရားဥပဒေ စိုးမိုးရေးအဖွဲ့က အရေးယူသွားမှာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
အမိန့်စာထုတ်ပြန်ချက်ဟာ ထုတ်ပြန်ချက် အသစ်တစ်စုံတစ်ရာ မရှိမခြင်း တရားဝင်အသက်ဝင်နေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
နမ့်ခမ်းမြို့ကို TNLA က စီးနင်းတိုက်ခိုက်ခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့ကတည်းက နမ့်ခမ်းမြို့မစျေး ပိတ်ထားခဲ့သလို မြို့ခံတွေဟာ တရုတ်ပြည်ထဲ ဖြတ်ကျော်တိမ်းရှောင်ခဲ့ကြရပြီး စစ်ရှောင်တွေရဲ့ နေအိမ်တွေထဲကို နေ့စဉ်ဖောက်ထွင်း ခိုးယူမူတွေရှိနေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။
နမ့်ခမ်းမြို့ခံ အမျိုးသားတဦးက “မြို့မှာက ခိုးခံရတဲ့ နေအိမ်တွေများလာပြီး။ TNLA ကလည်း ညမထွက်ရ ထုတ်ပြန်လာတော့ ခိုးမှုတွေ လျော့လာနိုင်ပါတယ်။ မြို့မစျေးကိုလည်း ပိတ်ထားတယ်။ စျေးထဲမှာတော့ ခိုးခံရတယ်လို့ မကြားမိရသေးဘူး” လို့ ပြောပါတယ်။
နမ့်ခမ်းမြို့ကိုတော့ TNLA က နိုဝင်ဘာလ ၇ ရက်နေ့မှာ ထိန်းချုပ်နိုင်ခဲ့ပြီး မြို့ပြင်ရှိ စစ်ကောင်စီ (စခန်းသစ်) တပ်စခန်းတခုသာ ကျန်ရှိနေကာ အဲဒီ စခန်းကို TNLA တပ်တွေက ဝိုင်းဝန်းပိတ်ဆို့ထားပါတယ်။ စစ်ကောင်စီတပ်ကတော့ နမ့်ခမ်းမြို့ထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေရှိနေတဲ့ အတွက် မြို့ခံတွေဟာ ဘေးလွတ်ရာနေရာတွေနဲ့ တရုတ်ပြည်ဘက် ထွက်ပြေး ခိုလှုံနေကြရတယ်လို့ မြို့ခံတွေကပြောပါတယ်။
မူဆယ်မြို့ပေါ်မှာတော့ စစ်ကောင်စီနဲ့ TNLA တို့ တိုက်ပွဲဖြစ်ပွားတာ မရှိသေးဘဲ မူဆယ်မြို့နဲ့ မိုင်အနည်းငယ်အကွာက ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီးက စစ်ကောင်စီတပ်ရဲ့ လွယ်ကောင်မူးတောင် တပ်စခန်းကို TNLA က နိုဝင်ဘာ ၁၅ ရက်နေ့ မနက်အစောပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မြေပြင်တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်
စစ်အုပ်ချုပ်ရေးအမိန့်ကြောင့် မူဆယ်မြို့ခံတွေ ညမထွက်ရဲကြဘဲ ညစျေးတန်း ဆိုင်ခန်းတွေ ဖွင့်လှစ်တာတွေ မရှိကြတော့ဘူးလို့ မြို့ခံတွေက ပြောပါတယ်။
TNLA ကတော့ စစ်ကောင်စီရဲ့ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာထားတဲ့ ရှမ်းမြောက်က မြို့နယ် (၈) ခုမှာ ညီနောင်မဟာမိတ်တွေ ဘက်က ထိန်းချုပ်နယ်မြေတွေရှိနေကြပြီး စစ်အုပ်ချုပ်ရေးဟာ သက်ရောက်မှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။














