ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်ရှိ မိဘမဲ့ကလေးငယ်များ စောင့်ရှောက်ရေးကျောင်းတခု၌ ၅ နှစ်အရွယ် မိန်းကလေး ငယ်တဦးအား ကျောင်းဝေယျာဝစ္စဆောင်ရွက်သူက အဓမ္မပြုကျင့်ခဲ့သည့်အပြင် ဆေးထည့်ပေးသည့် သံဃာကပါ လိင်ပိုင်း ဆိုင်ရာကျူးလွန်မှုရှိခဲ့ကြောင်း ကလေးငယ်အရေးလိုက်ပါ ဆောင်ရွက်ပေးနေသူထံမှ သိရသည်။
အဝါရောင်မျိုးဆက်သစ် လူငယ်ပရဟိတအသင်း (YGW) က ဖွင့်လှစ်ထားသော အဆိုပါ ကျောင်း၌ နေထိုင်သည့် ၅ နှစ်အရွယ် ကလေးငယ်အား ဆေးစစ်ရာတွင် အဓမ္မပြုကျင့်ခံထားရသည့် လက္ခဏာများတွေ့ရသဖြင့် သံသယ တရားခံ ကို မုဒိမ်းမှုဖြင့် တရားစွဲထားကြောင်း တရားလိုအဖြစ် တိုင်တန်းထားသည့် မစံယွန်းနဒီက ဧရာဝတီသို့ ပြောသည်။
မစံယွန်းနဒီမှာ YGW- သာပေါင်းကျောင်းတွင် လွန်ခဲ့သည့် ၄ နှစ်ခန့်ကတည်းက အလှူအတန်းများ ပြုလုပ်နေ သည့် အလှူရှင်တဦးဖြစ်ပြီး ယခု အဓမ္မပြုကျင့်ခံရသည်ဟု ထွက်ဆိုထားသည့် ကလေးငယ်နှင့်လည်း ရင်းနှီးကာ လွန်ခဲ့သည့် ၂ နှစ်အရွယ်ကတည်းကပင် အိမ်သို့ ခေါ်ယူစောင့်ရှောက်လေ့ ရှိကြောင်း သိရသည်။
၅ နှစ်အရွယ်ကလေးငယ်နှင့် ၎င်း၏ အစ်မဖြစ်သူတို့ ပြောပြချက်အရ ယခုနှစ်ဆန်းပိုင်းအချိန်တွင် ကျောင်းဝေယျာဝစ္စ ပြုလုပ်သူ ကိုအလုံးဆိုသူက အဓမ္မပြုကျင့်ခဲ့ပြီးနောက် ကျောင်းနေဦးပဉ္ဇင်းတပါး ဖြစ်သည့် ဦးစန္ဒာသီရိကို တိုင်ကြားရာ အဆိုပါဦးပဉ္ဇင်းကပါ ကလေးငယ်ကို ကျောင်းခန်းအတွင်း ဆေးထည့်ပေးရင်းနှင့် လိင်စိတ်ဖြေခဲ့သည်ဟု ဝန်ခံခဲ့ ကြောင်း သိရသည်။
မစံယွန်းနဒီက “မှုခင်းဆရာဝန်နဲ့ စစ်လိုက်တဲ့အခါမှာ ဆေးစစ်ချက်အဖြေမှာ ကလေးက အမြှေးပါး မရှိတော့ဘူး။ အင်္ဂါမှာ ထိုးသွင်းဒဏ်ရာ ရှိတယ်။ ဘုန်းကြီးတပါးကို အပေါ့သွားရင်နာတယ်လို့ ပြောတဲ့အချိန်မှာ အဲဒီဘုန်းကြီးက ဆေးထည့်ပေးမယ်ဆိုပြီး ဆေးခန်းထဲကို ခေါ်ပြီးတော့ သူ့ကို လုပ်တယ်ဆိုပြီး ပြောတယ်။ ကလေးကကျတော့ သူ့ကို ဘာလုပ်တယ်ဆိုတာကို သေချာမသိဘူး။ အဲဒီနောက် ဘုန်းကြီးက ဝန်ခံသွားတာ။ အာသာပဲ ဖြေတာဆိုပြီး” ဟု ပြောသည်။
သံသယတရားခံ ကိုအလုံးဆိုသူသည် ညဘက်အချိန်များတွင် လာခေါ်ထုတ်ကာ အိမ်သာ၊ ဂိုဒေါင်နှင့်ကျောင်းအနီးရှိ တော စသည့်နေရာများသို့ ခေါ်ကာ မျက်လုံးနှင့်ပါးစပ်များကို အဝတ်များဖြင့်ပိတ်၍ အဓမ္မပြုကျင့်လေ့ရှိကြောင်း ကလေးငယ်၏ ပြန်လည်ပြောပြချက်အရ သိရသည်။
“သမီးကို ကိုကြီးလုံးက ခေါ်သွားတယ်တဲ့ သူ့ရဲ့ မျက်လုံးကို ပုဆိုးနဲ့အုပ်ပြီး ပါးစပ်ကို အင်္ကျီနဲ့ပိတ်ထားပြီးတော့ သမီးကို လုပ်တယ်လို့ ပြောတယ်။ ဒီကလေးကျတော့ ကျမတို့နဲ့ရင်းနှီးလို့ သိရတာပေါ့။ တခြားကလေးတွေ ဘာဖြစ်မလဲဆိုတာ ကို စိတ်ပူတယ်” ဟု မစံယွန်းနဒီက ဆိုသည်။
ထိုသို့ ကလေးငယ်ပြောပြချက်များ သိသည်နှင့်တပြိုက်နက် ကျောင်းတာဝန်ရှိသူများကို ဆက်သွယ်ရာတွင် သံသယ တရားခံကို ကျောင်းမှ မောင်းထုတ်ခဲ့သည်ဟုသာ အကြောင်းကြားခဲ့ပြီးသည့်နောက် အမှုဖွင့်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် သံသယတရားခံ ကိုအလုံးကို သာပေါင်းရဲစခန်း၌ ဖမ်းဆီးထားပြီး ပုသိမ်ခရိုင်တရားရုံး၌ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် တရားရင်ဆိုင်နေရကာ၊ ထိုဖြစ်စဉ်ကို ၎င်းက ငြင်းဆန်ထားပြီး ဦးစန္ဒာသီရိကိုမူ ယခုအချိန်ထိ ဖမ်းဆီး ထားခြင်းမျိုး မရှိသေးပေ။
ထို့ပြင် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ထားသည့် ဦးပဉ္ဇင်းကိုလည်း အမျိုးသမီးတဦးအား ကာယိန္ဒြေပျက်စီးစေရန် လက်ရောက်မှုကျူးလွန်လျှင် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၅၄ ဖြင့် တရားစွဲဆိုနိုင်ကြောင်း ဝါရင့်ရှေ့နေတဦးက သုံး သပ်သည်။
“ဒါက လက်ရောက်မှုလို့ ခေါ်တယ်။ ဥပဒေထဲမှာ မိန်းမတယောက်ဆိုတာ မွေးကင်းစဖြစ်ဖြစ်၊ ၅ နှစ်ဖြစ်ဖြစ် ဒီလိုမျိုး အနှောင့်အယှက်ပေးတယ်ဆိုရင် မုဒိမ်းမှုကျူးလွန်မှ မဟုတ်ဘူး။ အသံနဲ့ နှိပ်စက်တာမျိုးသို့မဟုတ် အကြည့်နဲ့ နှိပ် စက်တာဖြစ်ဖြစ် သို့မဟုတ် လိင်ဆက်ဆံဖို့ ကြံစည် ကြိုးစားတာမျိုး သို့မဟုတ် ကာယိန္ဒြေ ထိခိုက်လောက်အောင် အသားရေကို ထိခိုက်စေတာမျိုးဆိုရင် ရာဇသတ်ကြီးပုဒ်မ ၃၅၄ အရ စွဲဆိုလို့ရပါတယ်” ဟု ၎င်းက ပြောသည်။
ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၅၄ တွင် အမျိုးသမီး ၁ ဦး၏ ကာယိန္ဒြေကိုပျက်စီးစေရန် အကြံဖြင့်သော်လည်းကောင်း သိလျက်နှင့်သော်လည်းကောင်း လက်ရောက်မှုကျူးလွန်လျှင် သို့မဟုတ် ရာဇဝတ်မကင်းသော အနိုင်အထက်ပြုမှုကို ပြုလျှင် ထောင်ဒဏ် ၂ နှစ်ထိ ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ အရ အသက် ၁၂ နှစ်အောက်နှင့် မသန်စွမ်းအမျိုးသမီးများအပေါ် မုဒိမ်းမှုကျူးလွန်သူ များကို အနည်းဆုံး ထောင်ဒဏ်အနှစ်၂၀ မှ ထောင်ဒဏ်တသက် ပြစ်ဒဏ် ကျခံရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။
ထို့ပြင် အလှူရှင်များ၏ အကြည်ညိုပျက်မည်ကို စိုးရိမ်သည်ဟု အကြောင်းပြကာ တရားလိုဖြစ်သူ မစံယွန်းနဒီကို YGW- သာပေါင်းမှ ကျောင်းတာဝန်ခံ ဘုန်းကြီးက တရားစွဲဆိုခြင်းမပြုရန် ပြောဆိုသည့်အပြင် မှုခင်းဖြစ်ရာနေရာသို့ အာဏာပိုင်အဖွဲ့နှင့်သွားရောက်ချိန်တွင်လည်း YGW- သာပေါင်းကျောင်းရှိ ဦးပဉ္ဇင်း ၁ ပါးက ယခုအမှုရှုံးပါက အသရေ ဖျက်မှုဖြင့် တရား ပြန်လည်စွဲဆိုမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။
သို့သော် ထိုကဲ့သို့ ခြိမ်းခြောက်မှုများ ကျောင်းဘက်မှ လုပ်ဆောင်ခဲ့ခြင်း မရှိဟု အဝါရောင်မျိုးဆက်သစ် လူငယ်ပရဟိ တအသင်း (YGW) ဧရာဝတီတိုင်း၊ နာယက ဆရာတော်တပါးက ငြင်းဆိုသည်။
“ခြိမ်းခြောက်တာ မရှိဘူး။ ဒီကလေးက ငါတို့ကလေး ဖြစ်တယ်။ ငါတို့ရဲ့ သားသမီးလည်း ဖြစ်တဲ့အတွက် နစ်နာသူက ငါတို့ ဖြစ်လို့ တရားစွဲမယ်။ နင်က သက်သေခံအဖြစ်နဲ့ ပူးပေါင်းပြီးတော့ လုပ်ကြမယ်လို့ ပြောတော့ သူကတရားစွဲပြီး သားဖြစ်လို့ သူ့ဘာသာဆက်လုပ်မယ် ပြောတယ်” ဟု ၎င်းက ပြောသည်။
အဓမ္မပြုကျင့်ခံရသည့် ကလေးငယ်၏ကျန်းမာရေးသည် ကောင်းမွန်လျက်ရှိသော်လည်း စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုနှင့် စိတ်ဒဏ်ရာခံစားနေရကြောင်း၊ ၎င်းကို လူမှုဝန်ထမ်းဦးစီးဌာနက အမှုဖြစ်ပွားနေစဉ်ကာလတွင် စောင့်ရှောက်မှု ပေးထားမည်ဖြစ်ကြောင်း သိရသည်။
မစံယွန်းနဒီက “လူမှုဝန်ထမ်းမှာ ရှိနေတာတောင်မှ ကျောင်းကို မပြန်ဖို့ ရန်ကုန်ကိုပဲ ပြန်ပို့ပါတဲ့ YGW ကို မသွား ချင်တော့ဘူးပေါ့။ ကျမကို မေမေပဲ ခေါ်တယ်လေ။ မေမေ သမီးကို ကျောင်းပြန်ရောက်ရင် သမီးကိုထပ်လုပ်ရင် ဘယ်လိုလုပ်မလဲဆိုပြီး ပြောတယ်” ပြောသည်။
အဆိုပါ ကျောင်းတွင် ကလေးငယ်ဦးရေမှာ ၁၀၀ ကျော်ရှိကြောင်း သိရပြီး၊ အဝါရောင်မျိုးဆက်သစ် လူငယ်ပရဟိတ အသင်း (YGW) ကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်၌ စတင်တည်ထောင်ခဲ့ပြီး ရင်ခွင်မဲ့ကလေးငယ်၊ ဆင်းရဲနွမ်းပါး ကလေး များကို ပြုစုစောင့်ရှောက်ထားခြင်းဖြစ်ကာ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ နေပြည်တော် စသည့် တိုင်းနှင့်ပြည်နယ်တို့တွင် စုစုပေါင်းဌာန ၁၇ ခုရှိကြောင်း YGW ဗဟိုက ထုတ်ပြန်ထားသည်။
လက်ရှိတွင် YGW – သာပေါင်းကျောင်းမှ မိန်းကလေးများကို YGW- လပ္ပတ္တာ၊ YGW- ပိတောက်ချောင်းကုန်း၊ YGW- ရွာသစ်ကုန်း အစရှိသည့် ကျောင်းခွဲများသို့ ပို့ဆောင်ထားကြောင်း သိရသည်။
You may also like these stories:
အာဏာသိမ်း စစ်တပ်က မုဒိမ်းကျင့် လူသတ်နေသည်
ဒီမိုကရေစီရေးလှုပ်ရှားသူ မလေးရှား MMRC ဥက္ကဋ္ဌ မိသားစု ပြန်ပေးဆွဲခံရ
ထောင်ပြောင်းဟုဆိုကာ အကျဉ်းသားများကို စစ်ကောင်စီ သတ်ဖြတ်