အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေ -PoVoW Law တွင် ပါဝင်လာသည့် အဓမ္မပြုကျင့်ခံရမှုကြောင့် ရလာသည့် ကိုယ်ဝန်ကို ပုဒ်မ (၁၆)နှင့်အညီ တရားဝင် ဖျက်ချခွင့်ရှိသည် ဆိုသည့်အပေါ် လူ့အခွင့်အရေး လှုပ်ရှားသူများက ဝေဖန်ထောက်ပြမှုများ ရှိနေသည်။
ပုဒ်မ ၁၆ အရ လိင်အကြမ်းဖက်မှုကြောင့် ရလာသည့် ကိုယ်ဝန်ကို အမှန်တကယ် ဖျက်ချခွင့် ရနိုင်ပါမည်လောဟု Gender Equality Network တည်ထောင် သူ ဒါရိုက်တာ ဒေါ်မေစံပယ်ဖြူက မေးခွန်းထုတ်သည်။
အများပြည်လေ့လာနိုင်ရန် အစိုးရသတင်းစာများတွင် ဖော်ပြထားသည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီး ကာကွယ်ရေးဥပဒေမူကြမ်းပါ ပုဒ်မ (၁၆)တွင် အကြမ်းဖက်ခံရသူသည် အောက်ဖော်ပြပါ အခြေအနေ တရပ်တွင် အကျုံး ဝင်ပါက ကိုယ်ဝန်ဖျက်ချခြင်းကို မိမိဆန္ဒအလျောက် ဆေးစစ်ဆေးရေးအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
(က) ကိုယ်ဝန်ဆက်လက်ထားရှိပါက အမျိုးသမီးအတွက် အသက်အန္တရာယ်ရှိနိုင်ခြင်း သို့မဟုတ် စိတ်ပိုင်းဆိုင် ရာ ကျန်းမာ ရေး၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေနိုင်ခြင်းနှင့် (ခ) မုဒိမ်းမှုကျူးလွန် ခံရခြင်းကြောင့် ကိုယ်ဝန်ဆောင် နေရခြင်း ဖြစ်ပါက ဆေးစစ်ဆေးရေးအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ကိုယ်ဝန်ဖျက်ချ ခွင့်ရမည်ဟု ဆိုထားသည်။
ယင်းပြဋ္ဌာန်းချက်နှင့် ပတ်သက်၍ ဒေါ်မေစံပယ်ဖြူက ကိုယ်ဝန်ဆိုတာ လနုသည့်အချိန်သာ ဖျက်ချသင့်ကြောင်း၊ ဆေးစစ် ဘုတ် အဖွ့ဲ၏ ခွင့်ပြုချက်ကို ယူရမည်ဆိုက တရားဝင်ကိုယ်ဝန်ဖျက်ချခွင့်က ရနိုင်မည်မဟုတ်ကြောင်း ထောက်ပြခဲ့သည်။
အကြောင်းအရင်းမှာ ဆေးစစ်ဆေးရေးအဖွဲ့၏ ခွင့်ပြုချက် အကြောင်းပြန်ချိန်သည် လပေါင်းများစွာ ကြာမြင့်တတ်၍ အထက်ပါအတိုင်း ထောက်ပြ ဝေဖန်ရခြင်းဖြစ်ကြောင်း အဆိုပါဥပဒေကြမ်း စတင်ရေးဆွဲချိန်ကတည်းက တစိုက်မတ်မတ် ပါဝင်ခဲ့သည့် ဒေါ်မေစံပယ်ဖြူက ရှင်းပြသည်။
၎င်းက“မုဒိမ်းမှုမှာ ကိုယ်ဝန်ရလာရင်တောင်မှ သူ့ဆန္ဒနဲ့ သူ ဖျက်ချလို့မရဘူး။ ဆေးဘုတ်အဖွဲ့က ခွင့်ပြုမှ ဖျက်လို့ရမှာ။ တကယ့်လက်တွေ့မှာ ဆေးဘုတ်အဖွဲ့ရဲ့ ခွင့်ပြုချက်ဆိုတာ ၆ လကနေ ၁ နှစ်လောက်အထိ ကြာတတ်တယ်။ အဲဒီတော့ တကယ်တမ်းက ကိုယ်ဝန်ဖျက်ချခွင့်က မရဖို့ ပိုများတယ်။ ဒီစာသားထည့်ထား ပေမယ့်လည်း တကယ့်လက်တွေ့မှာ ကိုယ်ဝန်ဖျက်ချခွင့်ရမှာ မဟုတ်ဘူး”ဟု ပြောသည်။
ဆေးစစ်ဆေးရေးအဖွဲ့ ဆိုသည်မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တာဝန်ပေးသည့် အဖွဲ့ကို ဆိုလိုခြင်း ဖြစ်ကြောင်း ဥပဒေကြမ်းတွင် ဖော်ပြထားသည်။ ထိုဆေးစစ်ဆေးရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ယခု ဥပဒေကြမ်းပါ အခြေအနေတချို့ကို မေးမြန်းရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူအချို့ထံ ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖြေကြားခြင်း မရှိခဲ့ပါ။
လက်ရှိတွင် မြန်မာနိုင်ငံ၏ ဥပဒေများအရ တရားဝင် ကိုယ်ဝန်ဖျက်ချခွင့် မရှိသေးသည့်အတွက် လိင်အကြမ်းဖက် ခံရပြီး ရရှိလာသည့် ကိုယ်ဝန်ကို မွေးဖွားကာ စောင့်ရှောက်နေရသည့် အမျိုးသမီးများ ရှိနေပြီး ထိုအမျိုးသမီးများက အဆိုပါ ကလေးများကို မစောင့်ရှောက်နိုင်ပါက ကလေးသူငယ်များအား မွေးစား၊ ပြုစုစောင့်ရှောက်သည့် ဂေဟာများသို့ ပို့ဆောင်မှု များလည်း ရှိနေသည်။
Single mother များကို စောင့်ရှောက်ပေးနေသည့် “မြင့်မိုရ်မေတ္တာ ခိုနားရာ” တည်ထောင်သူ ဒေါက်တာ မြတ်စန္ဒာသန့်က ကျမကတော့ မုဒိမ်းမှုကြောင့် ရလာတဲ့ ကိုယ်ဝန်ကို ဖျက်ချတာ မကြိုက်ဘူး။ ဘာလို့လဲဆိုတော့ ကျမ မလုပ်နိုင်ဘူး။ အဲဒီလိုကိုယ်ဝန်ကို ဖျက်ပေးပါဆိုရင် ကျမငြင်းမှာ။ ကျမတို့ ဗုဒ္ဓဘာသာရှူထောင့်ကနေ ကျမ ငြင်းမှာ။ သူ့စိတ်ဒဏ်ရာလား။ ဒါကိုလုပ်ပေးလိုက်ရင်ရော သူစိတ်ဒဏ်ရာ မရဘူးတော့လား’’ဟု သူ၏ အမြင်ကို ပြောပြသည်။
ဆက်လက်ပြီး ၎င်းက “ကိုယ်ဝန်ဖျက်ချလို့ ကလေး၊ လူကြီးတွေမှာ စိတ်ဒဏ်ရာရတယ်လို့ ပြောကြတယ်။ ဖျက်ချရင် ကလေးသေတယ် ဆိုတာ သိလား။ ဒီကလေး သေသွားရင် ဖျက်ချပေးတဲ့ ဆရာဝန်ကို ဘယ်သူကမှ အပြစ်မပြောဘဲ နေမှာ လား။ မတော်လို့ ကလေးရော၊ လူကြီးပါ သေသွားရင် ဒီပြဿနာကို ဘယ်သူက ရှင်းမလဲ။ ဘယ်သူခေါင်းခံမလဲ။ ဒီအတွက် ဆရာဝန်ရော စိတ်ဒဏ်ရာမရနိုင်ဘူးလား”ဟု မေးခွန်းထုတ်သည်။
ကိုယ်ဝန်ဖျက်ချသည် ဟု ဆိုရာတွင် ဥပဒေ ကန့်သတ်ချက် များစွာရှိကြောင်း၊ ဖျက်ချခြင်း ဆိုသည့် အချက် တခုတည်း ကိုသာ စဉ်းစား၍ မရကြောင်း သူက ထောက်ပြသည်။
အချို့သော လူများကလည်း အစိုးရ၏ ဥပဒေကြမ်းပါ ကိုယ်ဝန်ဖျက်ချပိုင်ခွင့် ပုဒ်အပေါ် အမြင်ကွဲပြားမှုများရှိပါသည်။
အဓမ္မ ပြုကျင့်ခံရခြင်းကြောင့် မလိုချင်ပဲ ရလာသည့် ကိုယ်ဝန်ကို တရားဝင် ဖျက်ချခွင့် မရပါက ပြုကျင့်ခံရသည့် အမျိုး သမီးများ၏ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုက ဆိုးသထက် ဆိုးသွားနိုင်ပြီး မွေးလာသည့် ကလေးလည်း အမိမဲ့၊ အဖမဲ့ ဖြစ်ဖို့ အခွင့်အရေး ပိုများသည့်အတွက် ကိုယ်ဝန်ဖျက်ချခွင့်က ပေးသင့်သည့် ဥပဒေဖြစ်ကြောင်း ဥပဒေကြမ်းပါ ပုဒ်မ ၁၆ အပေါ် အမျိုးသား ၁ ဦး ဖြစ်သူ ကိုသူရကလည်း ၎င်းအမြင်ကို ပြောသည်။
အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)(WLB)မှ အထွေထွေအတွင်းရေးမှူး နော်ဆဲဆဲကလည်း “မုဒိမ်းမှုဆိုရင် ဘယ်သူက မှတော့ ကိုယ်ဝန်ရချင်မှာ မဟုတ်ဘူး။ ဥပမာ အဖေတယောက်က ကျူးလွန်လို့ ရထားတဲ့ ကိုယ်ဝန်ကို ဘယ်မိခင်မှလည်း မမွေးချင်ဘူး။ အဓိကက ကျမတို့ ထောက်ပြချင်တာက ကာယကံရှင် ရဲ့ သဘောဆန္ဒကို လိုက်နာရမှာဖြစ်တယ်။ တကယ် လို့ အာဏာပိုင်တွေက ကျူးလွန်တဲ့ မုဒိမ်းမှုတွေမှာ ဒီကလေးကို မွေးရမယ် ဆိုရင် ဒီကလေးလည်း အရှက်ခွဲခံရမယ်။ နောက်မွေးတဲ့မိခင်လည်း စိတ်ဒဏ်ရာရနိုင်တယ်”ဟု ထောက်ပြသည်။
သက်ငယ်မုဒိမ်းမှုများကို ကြည့်ပါက ကလေးက ကလေးကို ပြန်ထိန်းနေရသည့်အတွက် ၎င်းက မနိုင်ဝန်ထမ်း နေရသကဲ့သို့ ဖြစ်နေကြောင်း၊ ထို့ကြောင့် အကြမ်းဖက်မှုအပေါ်တွင် ထပ်ပြီး အကြမ်းဖက်ခံရသကဲ့သို့ ဖြစ်နေကြောင်း၊ ထို့အပြင် ကလေး အရွယ် မိခင်တဦးက ကလေးတဦးကို မွေးဖွားရန် ကျန်းမာရေးဗဟုသုတ မရှိနိုင် သည့်အတွက် မွေးလာသည့်ကလေးသည် ဖွံ့ဖြိုးမှုအားနည်းပြီး အာဟာရချို့တဲ့သည့် ကလေးများ မွေးလာနိုင် ကြောင်း ၎င်းက ရှင်းပြသည်။
နော်ဆဲဆဲက “တကယ်လို့ ဖျက်ချခွင့် မပေးဘူးဆိုရင် ဒီအမျိုးသမီးအနေနဲ့ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာရော အကြမ်းဖက်မှု ပိုခံရတဲ့ အနေအထားရှိတယ်”ဟု ထောက်ပြခဲ့သည်။
အဓမ္မပြုကျင့်ခံရခြင်းကြောင့် ရလာသည့် ကိုယ်ဝန်ကို ပုဒ်မ ၁၆ အရ တရားဝင် ဖျက်ချခွင့် ပေးထားပြီ ဖြစ်သော်လည်း အဓမ္မ ပြုကျင့်မှုကြောင့် မဟုတ်ဘဲ အခြားသော အကြောင်းအမျိုးမျိုးကြောင့် ရလာသည့် ကိုယ်ဝန်ကို ဖျက်ချပါက ထောင်ဒဏ် အနည်းဆုံး ၃ နှစ်မှ အများဆုံး ၁၀ နှစ်ထိ ပြစ်ဒဏ်ချမှတ်နိုင်သည်ဟု ဥပဒေတွင် ဖော်ပြထားသည်။
သို့ဖြစ်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေကြမ်းသည် အမျိုးသမီးများ အကြမ်းဖက်ခံ ရခြင်းမှ အကာအကွယ်ပေးရန် ဖြစ်သည့်အတွက် ကိုယ်ဝန်ဖျက်ချခွင့် ကိစ္စနှင့် ပတ်သက်၍လည်း သေချာစွာ ဆွေးနွေးမှု ပြုလုပ်ရန် လိုကြောင်းလည်း နော်ဆဲဆဲက အကြံပြုထားသည်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေမူကြမ်းပါ ပုဒ်မ ၄၃ တွင်လည်း အမျိုးသမီး ၁ ဦးကို ခြိမ်းခြောက်ခြင်း၊ အနိုင်အထက်ပြုခြင်း သို့မဟုတ် မလျော် သြဇာသုံးခြင်း၊ အကျိုးခံစားခွင့် တစုံတရာ ပေးမည်ဟု မက်လုံးပေး၍ ကိုယ်ဝန်ကို ဖျက်ချခြင်းမပြုရဟု ဆိုထားသည်။
ပုဒ်မ ၄၄ တွင်လည်း မည်သူမျှ ပုဒ်မ ၁၆ပါ ပြဋ္ဌာန်းချက်နှင့်မညီပဲ ကိုယ်ဝန်ဖျက်ချခြင်း မပြုရဆိုသည့် အချက်များလည်း ပါဝင်သည်။
၎င်းအမျိုးသမီးကို အကျိုးခံစားခွင့်များကို ရုတ်သိမ်းမည်။ ငြင်းပယ်မည် သို့မဟုတ် ဆောင်ရွက်ခြင်း မရှိလျှင် ပြစ်ဒဏ် တခုခုကျခံစေမည်ဟု ခြိမ်းခြောက်ခြင်းနှင့် လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေသည့် သို့မဟုတ် အရေးပေါ်အမိန့် ထုတ်ပြန်ထားသည့် ကာလတွင် အမိန့်အာဏာသုံး၍ သားကြောဖြတ်ခြင်း၊ ကိုယ်ဝန်ဖျက်ချခြင်း သို့မဟုတ် ကိုယ်ဝန်ဆောင်စေခြင်းများလည်း မပြုရဟု ဖော်ပြထားသည်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေ မူကြမ်းကို၂၀၁၃ ခုနှစ်ကတည်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ဦးဆောင်ကာ ဥပဒေ ကျွမ်းကျင်ပညာရှင်များနှင့် အရပ်ဖက် အမျိုးသမီးအဖွဲ့အစည်းများ ပူးပေါင်းရေးဆွဲထားခြင်း ဖြစ်သည်။
ကျင့်သုံးနေသည့် တည်ဆဲဥပဒေများ ရှိသော်လည်း ထိုဥပဒေများက ခေတ်နှင့်မလျော်ညီသလို အမျိုးသမီးများ ၏ နစ်နာမှုများအတွက် အပြည့်အဝ အကာအကွယ်မပေးနိုင်ခြင်းကြောင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေကို အထူးဥပဒေတရပ်အနေဖြင့် ပြဋ္ဌာန်းနိုင်ရန် ရေးဆွဲခဲ့ကြခြင်း ဖြစ်သည်။
ထိုဥပဒေကြမ်းကို အများပြည်သူလေ့လာနိုင်ရန်အတွက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီး ကာကွယ်ရေး ဥပဒေ မူကြမ်းကို ဇန်နဝါရီလ၂၅ ရက်နေ့မှ စတင်ကာ ၄ ရက်တိုင်တိုင် အစိုးရသတင်းစာတွင် ဖော်ပြခဲ့သည်။
You may also like these stories:
အရှေ့တောင်အာရှ အနာဂတ် အမျိုးသမီးများဆု ဆန်ခါတင်စာရင်း မြန်မာ ၄ ဦး ပါဝင်