မြန်မာမှ မိုဘိုင်းဖုန်း ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများသည် စစ်တပ်၏ တင်းကျပ်သော ချုပ်ကိုင်မှုနှင့် ရင်းနှီးမြှုပ်နှံသူများ၏ လူ့အခွင့်အရေး စိုးရိမ်မှုကြား ညပ်နေပြီး နိုင်ငံတွင် အရေးပါသော ဝန်ဆောင်မှု ဆက်လက်ပေးနိုင်မည့် ၎င်းတို့၏စွမ်းရည်ကို မေးခွန်းထုတ်စရာ ဖြစ်လာသည်။
အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများကို စစ်တပ်အတွက် စစ်သားစုဆောင်းမည် ဆိုသည့် စမတ်ဖုန်းစာတို (message) များ လွန်ခဲ့သောလက မိုဘိုင်းဖုန်းသုံးစွဲသူများ ရရှိခဲ့ကြသည်။ စစ်ကောင်စီသည် စစ်သားသစ်များကို အလှည့်ကျစနစ်ဖြင့် ခေါ်ယူလေ့ကျင့်ရန် စီစဉ်ထားသည်။
တရားဝင် ဝက်ဘ်ဆိုက် အချိတ်အဆက်လည်း ထည့်သွင်းထားသည့် ထိုစမတ်ဖုန်းစာတိုများသည် စစ်တပ်၏ အမြင့်ဆုံး ဆုံးဖြတ်ချက်များချသည့် စစ်ကောင်စီ၏ သတင်းပြန်ကြားရေးအဖွဲ့မှ လာသော စာတိုများဖြစ်သည်။
စစ်သားစုဆောင်းမှုကို ဖုန်းဝန်ဆောင်မှု အသုံးပြုတိုင်းကို အသိပေးရမည်ဟု အာဏာပိုင်များက မိုဘိုင်းဝန်ဆောင်မှုပေးသည့် လုပ်ငန်းများကို ညွှန်ကြားထားကြောင်း ဂျပန်သတင်းဌာန က ရေးသည်။
မြန်မာဆက်သွယ်ရေး MPT ၊ စစ်ကောင်စီနှင့် ဆက်နွယ်နေသည့် Mytel နှင့် ကာတာပိုင် Ooredoo ဖုန်းဝန်ဆောင်မှု အသုံးပြုသူများလည်း မက်ဆေ့ချ်များ ရရှိနေကြသည်။
ထိုသို့သော ဖြစ်ရပ်များကြောင့် MPT နှင့် တယ်လီနောကို အမည်ပြောင်းထားသော ATOM Myanmar ကဲ့သို့သော မိုဘိုင်းဝန်ဆောင်မှု ပေးသူများအတွက် အဓိက ခေါင်းကိုက်စရာ ဖြစ်စေသည်။
MPT က ၎င်း၏ ဝန်ဆောင်မှုသည် မြန်မာပြည်သူများ၏ ဘဝအတွက် အရေးပါသည်ဟု ယူဆသည်။ MPT သည် လွန်ခဲ့သောနှစ်က ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံရသူများအတွက် ဝန်ဆောင်ခများကို ယာယီ ဆိုင်းငံ့ပေးခဲ့သည်။
ဂျပန်ကုန်သွယ်ရေးလုပ်ငန်း ဆုမိတိုမို ကော်ပိုရေးရှင်းနှင့် MPT ၏ လုပ်ငန်းများကို ထောက်ကူနေသည့် ဆက်သွယ်ရေးလုပ်ငန်း KDDI က ၎င်းတို့သည် မြန်မာတွင် ဆက်လက် လုပ်ကိုင်မည်ဖြစ်ကြောင်း ဇန်နဝါရီလတွင် ပြောသည်။ အစောပိုင်းက ထိုလုပ်ငန်းများကို နော်ဝေ ဗဟိုဘဏ်က စောင့်ကြည့်စာရင်း သွင်းခဲ့သည်။ ထိုသို့စောင့်ကြည့်ခြင်းသည် နော်ဝေ၏ နိုင်ငံတော် အငြိမ်းစားလစာ ရန်ပုံငွေက ရင်းနှီးမြှုပ်နှံမှုအတွက် အရည်အချင်းမမီဟု သတ်မှတ်မည့် အလားအလာရှိသည့် ခြေလှမ်းဖြစ်သည်။
၎င်းတို့၏ ကြေညာချက်များတွင် ဆုမိတိုမိုနှင့် KDDI တို့က လူ့အခွင့်အရေး လေးစားသည့် အခြေအနေတွင် မြန်မာပြည်သူများအတွက် ဆက်သွယ်ရေးကွန်ရက် ထိန်းသိမ်းထားရှိခြင်း၏ အလွန် အရေးပါမှုကို ကိုးကားပြောဆိုခဲ့သည်။
ATOM က ၎င်း၏ ရှယ်ယာအများဆုံးပိုင်သည့် ရွှေဗျိုင်းဖြူ (SBP) အုပ်စုနှင့် အရင်းအနှီး ပူးပေါင်းဆောင်ရွက်မှု အဆုံးသတ်ကြောင်း ဖေဖော်ဝါရီလတွင် ကြေညာသည်။ SBP သည် စစ်တပ်နှင့် အဆက်အသွယ်ရှိသောကြောင့် ထိုလုပ်ငန်းကို အမေရိကန် ဘဏ္ဍာရေးဌာနက ဇန်နဝါရီလကုန်တွင် အရေးယူပိတ်ဆို့ခဲ့သည်။
SBP နှင့်အဆက်အသွယ် ဖြတ်တောက်ခဲ့သော်လည်း ATOM သည် စစ်သားစုဆောင်းသည့် ကိစ္စကဲ့သို့သော ကိစ္စများတွင် စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်သည်ဟု အမြင်ခံရပါက ရန်ပုံငွေရှာရန် ခက်ခဲမည်ဖြစ်သည်။
တချိန်တည်းတွင် မြန်မာမှ ဝါယာလက် တာဝါတိုင်လုပ်ငန်းကို ရောင်းချမည်ဖြစ်ကြောင်း မလေးရှားမှ Axiata Group ၏ လုပ်ငန်းတခုက ဖေဖော်ဝါရီလတွင် ပြောသည်။
မြန်မာမှ မိုဘိုင်းဖုန်း ဝန်ဆောင်မှုပေးသူများသည် တာဝါတိုင်အများစုအတွက် ပြည်ပဝန်ဆောင်မှုပေးသူများကို အားကိုးနေရသည်။ လူ့အခွင့်အရေး ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရခြင်း အပါအဝင် ထိုကုမ္ပဏီများသည် ၎င်းတို့၏လုပ်ငန်းများကို တည်ငြိမ်ပြီး ရင်းနှီးမြှုပ်နှံမှု လုံခြုံအောင် မလုပ်နိုင်လျှင် မြန်မာပြည်သူများအတွက် အခြေခံဝန်ဆောင်မှုပေးနေသော အဓိက လုပ်ငန်းများအနေဖြင့် ဆက်လက်ရပ်တည်ရန် ခက်ခဲစေမည်ဖြစ်သည်။
ကိုးကား ။ ။ Nikkei Asia သတင်း Myanmar mobile providers face uncertainty under military control
You may also like these stories:
ဦးတေဇသမီးကို အရေးယူရန် အီတလီကို JFM တောင်းဆို
မင်းအောင်လှိုင် မိသားစု၏ အာဏာသိမ်း စီးပွားရေး
စစ်ခရိုနီပိုင် ကမ္ဘောဇလေကြောင်းကို “မင်္ဂလာ” ဟု အမည်ပြောင်း
မြန်မာ အိမ်ခြံမြေဝယ်သူများ ဘန်ကောက်ကို ကျော်ကြည့်လာ