စစ်ခေါင်းဆောင်ကတော့ သူတာဝန်ယူအုပ်ချုပ်နေတဲ့ ၃ နှစ်ကျော်ကြာကာလအတွင်း စီးပွားရေးဟာ ဦးမော့လာတယ်လို့ နိုင်ငံတကာနဲ့ စစ်ကောင်စီအစည်းအဝေးတွေမှာ အမြဲ ပြောလေ့ရှိပါတယ်။
စီးပွားရေးကို ဦးမော့လာအောင် ကြိုးစားခဲ့တယ်ဆိုတဲ့ စစ်ကောင်စီလက်ထက်မှာတော့ အာဏာသိမ်းပြီး ၃ နှစ်ကျော်အတွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအချို့ စွန့်ခွာသွားတာတွေ၊ ကုန်ကြမ်းပြတ်လပ်မှုနဲ့ လျှပ်စစ်မီး ပုံမှန်မရရှိတာတွေက စက်ရုံလည်ပတ်ဖို့ အခက်အခဲရှိလာတာတွေကြောင့် အလုပ်လက်မဲ့ လူဦးရေတွေ ပိုမိုများပြားလာခဲ့သလို၊ နိုင်ငံတကာ ပို့ကုန်၊ သွင်းကုန် ကဏ္ဍဟာလည်း ကျဆင်းလာခဲ့ပါတယ်။
စစ်တပ် အာဏာသိမ်းထားတဲ့ ကာလမှာ နိုင်ငံရေး၊ စီးပွားရေး အခြေအနေတွေဟာ ထိန်းမရအောင် ဆိုးရွားနေသလို အခြေခံကုန်စျေးနှုန်းတွေလည်း အဆမတန် ထိုးတက်နေတာကြောင့် ပြည်သူတွေဟာ စီးပွားရေးအကြပ်အတည်းတွေ၊ ကုန်စျေးနှုန်းကြီးမြင့်မှုတွေနဲ့အတူ ဆင်းရဲမွဲတေမှုတွေကိုပါ ခါးစည်းရင်ဆိုင်နေရပါတယ်။
စစ်တပ်ဟာ စီးပွားရေး၊ နိုင်ငံရေး ၊ စစ်ရေး စတဲ့ အဘက်ဘက်မှာ အရှုံးကြီး ရှုံးနိမ့်နေတယ်ဆိုတာကတော့ ငြင်းမရတဲ့ အခြေအနေတခု ဖြစ်နေပါတယ်။