ဒေါ်လှသိန်း (ဘီအက်စီ) ကို ဆည်မြောင်း မင်းကြီးချုပ် ဦးရောဘတ်မောင်တင်၏ ဇနီး အဖြစ် လူသိများခဲ့သည်။
ဒေါ်လှသိန်း၏ မိဘများမှာ ဂျပ်ဆင်ကောလိပ် မြန်မာစာ နှင့် ပါဠိဘာသာ ကထိက ဆရာကြီး ဦးထွန်းဖေ နှင့် ဒေါ်ခင်ဦးဇွန်း တို့ ဖြစ်ကြသည်။
ဒေါ်လှသိန်းကို (မမစု) ဟု လူငယ်လောကက ခေါ်ဝေါ်ခဲ့ကြသည်။ ၁၉၀၄ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက် နေ့တွင် ဖွားမြင်ခဲ့၏။
ဒေါ်လှသိန်းမှာ ငယ်စဉ်က ကြည့်မြင်တိုင် မိန်းကလေးကျောင်း၊ နှစ်ခြင်း အထက်တန်းကျောင်း၊ ဂျပ်ဆင် ကောလိပ်နှင့် ဆေးကောလိပ်များတွင် ပညာ သင်ကြားခဲ့သည်။
၁၉၂၀ ပြည့်နှစ်တွင် ကြည့်မြင်တိုင် မိန်းကလေးကျောင်းမှ ဆယ်တန်းကို အင်္ဂလိပ် ဘာသာ နှင့် အိမ်တွင်းမှု သိပ္ပံတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပြီး ၁၉၂၄ ခုနှစ်တွင် ဂျပ်ဆင် ကောလိပ်မှ ဘီအက်စီ သိပ္ပံဘွဲ့ကို မြန်မာ အမျိုးသမီးထဲမှ ပထမဆုံး ဆွတ်ခူးခဲ့သူ ဖြစ်သည်။
ဆေးကောလိပ်၌ ဒုတိယနှစ် သင်ကြားနေဆဲ ၁၉၂၆ ခုနှစ်တွင် အိမ်ထောင် ပြုခဲ့ပြီးနောက် ဆက်လက် သင်ကြားခြင်း မပြုတော့ဘဲ အိမ်တွင်းမှု လုပ်ငန်းများ၌သာ ဇောက်ချ လုပ်ကိုင်လာခဲ့သည်။
ဒေါ်လှသိန်းသည် လန်ဒန်မြို့ ဂီတကောလိပ်မှ ကြီးကြပ်သော စန္ဒရား အတီး စာမေးပွဲများတွင် အထက်တန်း အဆင့်မှ ငွေတံဆိပ် ရခဲ့ဖူးသူလည်း ဖြစ်သည်။
တူရိယာ ပါရမီ ပါခဲ့ပုံများကို ထောက်၍ ဒေါ်လှသိန်း၏ ဆွေစဉ်မျိုးဆက်များ အကြောင်းကို လေ့လာကြည့်သည့် အခါ စိတ်ဝင်စားဖွယ်ရာများကို တွေ့ရသည်။
ကျမတို့ ဂျပ်ဆင် ကောလိပ် ရောက်စက ဒေါ်လှသိန်း၏ မိခင် ဒေါ်ဒေါ်ဇွန်း နှင့် လက်ပွန်းတတီး တွေ့ဆုံခဲ့ဖူးရာ အလွန် ယဉ်ကျေး သိမ်မွေ့၍ အင်္ကျီလုံချည် ညီညီညာညာ ချပ်ချပ်ရပ်ရပ် သေသပ်အောင် ဝတ်ဆင်နည်းများကို တွေ့သည့် အခါတိုင်း ကျမတို့အား ပြုပြင်ပေးခဲ့ပါသည်။
ထောင့်တန်း ဦးစိုက်ဖြစ်အောင် မဝတ်ရဘူး။ ခါးက အရိုးကို ဖုံးအောင် ဝတ်ရမယ်။ လူလယ်ခေါင်မှာ ခဏခဏ ပြင်မဝတ်နဲ့ စသဖြင့် မြန်မာ မိန်းကလေးများ ရှေးက သိမ်မွေ့ပုံ၊ အိန္ဒြေသိက္ခာ ရှိပုံတွေကို ဆုံးမသွန်သင် ပြောပြခဲ့ဖူးပါသည်။
“ကြီးကြီးတို့ ငယ်စဉ်က” ဟု ပြောတိုင်း နန်းတွင်းသူ အကြောင်းတွေ ပါလာတတ်သည်။ သို့သော် ဒေါ်ဒေါ်ဇွန်း၏ ဆွေစဉ်မျိုးဆက် စာရင်းကို မေးမြန်းရကောင်းမှန်းလည်း မသိခဲ့ပါ။
လွန်ခဲ့သော ဆယ်နှစ်လောက်ကမူ ဆရာကြီး ဦးထွန်းဖေ က “နန်းတွင်းသူ ခင်ဦးဇွန်း” ဟူသော နာမည်နှင့် စာအုပ် တအုပ် ထုတ်လိုကြောင်း သူ၏ စာမူတွေကို ဖတ်ပေးဖို့ ကျမအား တာဝန်ပေးခဲ့သည်။ ကျမကမူ ဖြစ်မြောက်အောင် မကူညီနိုင်ခဲ့။
သို့သော် စာအုပ်ကား ထုတ်ဝေဖြစ်ခဲ့သည်။ ဒေါ်ဒေါ်ဇွန်း ၏ ဆွေမျိုးဆက် စာရင်းကိုလည်း အတိအကျ သိရသည်။ ထိုအခါကျမှသာ ကူးယူ မှတ်သားလိုက်ရသည်။
ဒေါ်ဒေါ်ဇွန်းမှာ မြဝတီ မင်းကြီး ဦးစ၏ တူမရင်း ဒေါ်ဖြူမှ ဖွားမြင်သော အထွေးဆုံး သမီး ဖြစ်သည်ကို တွေ့ရသည်။
အလုံမြို့ မြင်းစီကြီး၏သား မောင်ပေါက်ကျော် နှင့် အမတ်ကြီး ဗညားကျန်းတော ၏ မြေး ရှင်ငြိမ်းသာ တို့တွင် သား မြဝတီ မင်းကြီး ဦးစ နှင့် သမီး ဒေါ်လုံမတို့ ဖွားမြင်ခဲ့လေသည်။
ဦးစနှင့် ခင်မင် ရင်းနှီးသော မေဂျာဘာနေ၊ ဆရာ ယုဒသန် စသော အနောက်တိုင်းသားများနှင့် ပတ်သက်၍ ဒေါ်လုံမမှ ပြင်သစ် အမျိုးသား တဦးနှင့် အကြောင်းပါခဲ့ရာ သမီး ဒေါ်ဖြူကို ဖွားမြင်ခဲ့သည်။
၎င်းဒေါ်ဖြူသည် နန်းတွင်းမှ ရွှေချည်ထိုး ပညာများ အလွန်ကျွမ်းကျင်စွာ တတ်မြောက်သည်ဟု သိရသည်။ ၎င်း ဒေါ်ဖြူနှင့် စစ်ကဲ ရွှေစင်ယော် ပဲ့နင်းကြီး ဦးစံခိုင်တို့ လက်ထပ်သည့် အခါ သားသမီး ငါးယောက် အနက် ဒေါ်ခင်ဦးဇွန်းမှာ အထွေးဆုံး ဖြစ်သဖြင့် မြဝတီ မင်းကြီး ဦးစ၏ တူမမှ မွေးသော မြေးအရင်း ဖြစ်ကြောင်း သိရသည်။
ဒေါ်ခင်ဦးဇွန်းမှာ နန်းတွင်းကိုလည်း မီခဲ့သူ ဖြစ်သည်။ သို့ရာတွင် ကာလ ပျက်သည့်အခါ အမေရိကန် သာသနာပြုကြီး များက ကြည့်ရှုအားပေးမှုကြောင့် မြန်မာ အမျိုးသမီးထဲမှ အစောဆုံး အင်္ဂလိပ်စာ သင်ကြား တတ်မြောက်သူ ဖြစ်လေ သည်။
ဒေါ်လှသိန်းမှာ ဒေါ်ခင်ဦးဇွန်း၏ ဒုတိယ ရင်သွေး ဖြစ်၏။ ဒေါ်ခင်ဦးဇွန်း ကဲ့သို့ပင် ဒေါ်လှသိန်း သည်လည်း လူမှုဝန်ထမ်း၊ စေတနာ့ ဝန်ထမ်း လုပ်ငန်းများ၌ ကိုယ်ဖိရင်ဖိ အပင်ပန်းခံကာ ဆောင်ရွက်ခဲ့သူ ဖြစ်သည်။
၁၉၂၂ ခုနှစ်ကပင် ကင်းထောက် အမျိုးသမီး အဖွဲ့တွင် ဝင်ရောက်၍ လူငယ် လုပ်ငန်းများ၌ ပါဝင် လှုပ်ရှားခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ပြွန်တန်ဆာ၊ ဒိုက်ဦး၊ ဖောင်တော်သီ မြို့များ၌ ရေဘေးဒုက္ခ ကြုံတွေ့ကြရာတွင် အဝတ်အစား အကျွေးအမွေးနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၌ ပါဝင် ကူညီခဲ့သည်။
ရွှေဘိုမြို့ ကြက်ခြေနီ အသင်းတွင်လည်း ၁၉၄၁ ခုနှစ် စစ်ကြိုကာလ တပ်မတော်သားများ အတွက် အဝတ်အစား ချုပ်လုပ်ခြင်း၊ အနွေးထည်များ စုဆောင်းပေးခြင်း၊ ဒုတိယ စစ်အတွင်း၌လည်း စစ်ပြေး ဒုက္ခသည်များကို သယ်ယူ ပို့ဆောင် ပေး၍ အလုပ်အကိုင် ရှာဖွေပေးခြင်း၊ သူနာပြု လုပ်ငန်းများဖြင့် ဆရာဝန်များ အကူအညီ ယူကာ ကုသ ပေးခဲ့ခြင်း၊ စစ်ပြီး ကာလ၌ ဆင်းရဲသားများ အတွက် သစ်စေ့များ မှာယူ၍ ဝေငှ ပေးခြင်း၊ အနွေးထည် စောင်အဟောင်း၊ အဝတ်ဟောင်းများ၊ လေထီးစများ ဝေငှပေးခြင်း၊ ခင်ပွန်းသည် တာဝန်ကျရာ အရပ်များ၌ ရပ်ရွာ လူမှုရေး လုပ်ငန်းများတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သူ ဖြစ်လေသည်။
မြန်မာနိုင်ငံတော် လူမှုဝန်ထမ်း ကောင်စီတွင် အလုပ်အမှုဆောင် လူကြီးအဖြစ် လည်းကောင်း၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသမီး အဖွဲ့များ၏ အသင်းချုပ်တွင် အလုပ်အမှုဆောင် လူကြီးအဖြစ် လည်းကောင်း၊ အပြည်ပြည် ဆိုင်ရာ အတွင်းရေးမှူး အဖြစ် လည်းကောင်း ခန့်အပ်ခြင်း ခံခဲ့ရသည်။
လူမှုဝန်ထမ်း အဖွဲ့အစည်းများတွင် ပါဝင် ဆောင်ရွက်ခဲ့သောကြောင့် နိုုင်ငံတော် အစိုးရက ဂုဏ်ထူးဆောင် လက်မှတ် နှင့် ရွှေရင်ထိုး တံဆိပ်ဖြင့် ချီးမြှင့်ခြင်းကိုလည်း ခံခဲ့ရသည်။
မြန်မာပြည် ယုဝတီခရစ်ယာန် အသင်းချုပ်တွင် ဘဏ္ဍာရေးမှူး အဖြစ် လည်းကောင်း၊ အတွင်းရေးမှူး နှင့် ဥက္ကဋ္ဌ အဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့၍ အမျိုးသမီး ကင်းထောက် အဖွဲ့ချုပ်တွင်လည်း အပြည်ပြည် ဆိုင်ရာ ကင်းထောက် မင်းကြီး အဖြစ် လည်းကောင်း၊ ကမ္ဘာ့ ကင်းထောက် အဖွဲ့ချုပ်၏ ရွေးချယ်ချက်အရ သင်တန်း စီမံရေးအဖွဲ့ ကော်မတီ အဖြစ်နှင့် လည်းကောင်း နိုင်ငံပေါင်းများစွာမှ ဖိတ်ကြား၍ တက်ရောက်ခဲ့ရသည်။
အားလပ်သည့် အချိန်များတွင်လည်း (စိန်မေရီဒိုင်အို) ပန်းဘဲတန်း အထက (၁) ၌ အင်္ဂလိပ် ဘာသာကို လည်းကောင်း၊ အင်ဒိုနီးရှား ကျောင်း၌ သိပ္ပံ ဘာသာရပ်ကို လည်းကောင်း ပို့ချပေးခဲ့သေးသည်။
ဒေါ်လှသိန်းတွင် သားဖြစ်သူ ပါကစ္စတန် မြန်မာသံရုံး အတွင်းဝန် ဦးဖေသိန်းတင် နှင့် သမီးဖြစ်သူ ဘင်္ဂလားဒေ့ရှ် သံမှူး ဦးအေးလွင်၏ ဇနီး ဒေါ်ရင်ရင်ဝေ အပြင် ဝါရှင်တန်ရှိ သမီး ဒေါက်တာ ဒေါ်တင်မြိုင်သိန်း နှင့် အပြေးချန်ပီယံ ထွန်းနောင် စသော သားသမီး လေးယောက် ထွန်းကားခဲ့သည်။ ။
(စာရေး ဆရာမကြီး စောမုံညင်း ရေးသားခဲ့သည့် ဤဆောင်းပါးကို စိတ်ကူးချိုချို စာပေတိုက်က ၂၀၀၈ ခုနှစ် သြဂုတ်လတွင် ထုတ်ဝေသော “မြန်မာအမျိုးသမီး” ပထမအကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာမကြီးသည် ၂၀၁၁ နှစ် ဒီဇင်ဘာလ ၁၁ ရက် အသက် ၉၁ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)














