သတင်း

ပေါက်တွင် စစ်တပ်က သားအမိ ၃ ဦးကို သတ်ဖြတ်ပြီး မိခင်ဖြစ်သူကို အဓမ္မပြုကျင့်

မကွေးတိုင်း၊ ပေါက်မြို့နယ် အင်းငယ်ထောင့်ရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံ သားအမိ ၃ ဦးကို သတ်ဖြတ် ပြီး မိခင်ဖြစ်သူအား အဓမ္မပြုကျင့်ခဲ့သည့်အပြင် ဒေသခံ ၂၉ ဦးကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွား ကြောင်း သိရသည်။

မတ် ၅ ရက်တွင် အင်းငယ်ထောင့်ရွာကို အင်အား ၇၀ ခန့်ရှိ စစ်သား၊ ရဲတပ်ဖွဲ့နှင့် ပျူစောထီးတို့ ပါဝင်သည့်အဖွဲ့က ဝင်ရောက်စီးနင်းချိန်တွင် ထွက်ပြေးရန် ကြိုးစားချိန် ဖမ်းဆီးခံခဲ့ရသည့် အသက် ၄၂ နှစ်အရွယ် ဒေါ်အေးအေးဝင်းကို အဓမ္မပြုကျင့်ခဲ့ပြီး ၎င်းနှင့်အတူ ရှိနေသည့် အသက် ၄ နှစ်အရွယ် ကလေးငယ် မရတီမိုးကိုပါ ဓားဖြင့် ထိုးသတ်သွား ခြင်း ဖြစ်ကြောင်း ဒေသခံ သတင်းရင်းမြစ်က ဆိုသည်။

၎င်းတို့အိမ်နှင့် မလှမ်းမကမ်းရှိ ဇရပ်ပေါ်တွင် စစ်ကောင်စီ လက်အောက်ခံများက အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် သေဆုံးသူ အမျိုးသမီး၏ ရုပ်အလောင်းကို ပြည်သူ့စွမ်းအားတပ်ပေါင်းစုအဖွဲ့မှ ဆရာဝန်က စစ်ဆေးရာ တွင်လည်း အဓမ္မပြုကျင့်ခံရသည်ကို အတည်ပြုနိုင်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။

ဒေသခံတဦးက “၅ ရက်နေ့က သူတို့ (စစ်ကောင်စီ) က အင်းငယ်ထောင့်ကို ဝင်တယ်။ လက်နက်ကြီးတွေနဲ့ပစ်ပြီး ဝင်တော့ ရွာက အကုန်ပြေးနေတဲ့အချိန်မှာ သူတို့သားအမိကလည်း ပြေးဖို့လုပ်တာပေါ့။ အဖေကတကွဲ၊ သမီးတွေက တကွဲ ပြေးကြတဲ့အချိန်မှာ အမေနဲ့ သမီးလေးက ဖမ်းမိသွားတယ်။ သူတို့ အိမ်နဲ့ မဝေးတဲ့ ဇရပ်ပေါ်မှာတင် မုဒိမ်းကျင့်တာဗျ” ဟု ပြောသည်။

ထို့ပြင် ဒေါ်အေးအေးဝင်း၏ အခြားသမီးငယ် ၁ ဦးဖြစ်သည့် အသက် ၁၁ နှစ် အရွယ် မသင်းသင်းမိုးကိုလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် မတ် ၈ ရက်တွင် ရွာအနီးချောင်းစပ်၌ ယင်းကလေး ငယ်၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

သေဆုံးခဲ့သည့် မသင်းသင်းမိုးအပြင် အသက်မပြည့်သေးသည့် ကလေးငယ် ၉ ဦး အပါအဝင် ဒေသခံ ၂၉ ဦးကိုလည်း စစ်ကောင်စီက ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ထိုသို့ ဓားစာခံအဖြစ် ဖမ်းဆီးသွားသည့် ဒေသခံများအနက် အသတ်ခံရသူ တချို့ရှိကြောင်း သတင်းများ ထွက်ပေါ်နေ သော်လည်း ဧရာဝတီက သီးသန့်အတည်ပြုနိုင်ခြင်း မရှိသေးပေ။

အင်းငယ်ထောင့်ကျေးရွာတွင် မတ် ၅ ရက်မှ ယမန်နေ့အထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦးကိုလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးသတ်ဖြတ်ကာ ရုပ်အလောင်းများကို မီးရှို့ခဲ့ကြောင်း ဒေသ သတင်း ရင်းမြစ်များထံမှ သိရသည်။

ပေါက်မြို့နယ်ရှိ ပျူစောထီးရွာဖြစ်သည့် ဝန်းခြုံကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ဝင်များ တပ်စွဲထားပြီး အနီးဝန်းကျင်ရှိ လယ်ယာရွာ၊ လက်ပံလှရွာနှင့် အင်းငယ်ထောင့်ကျေးရွာများကို ဝင်ရောက်စီးနင်းမှုများ ပြုလုပ်ခြင်း ဖြစ်သည်။

မတ် ၃ ရက်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက လယ်ယာရွာသို့ ဝင်ရောက်စီးနင်း မီးရှို့မှုကြောင့် အိမ်ခြေ ၂၅၂ အိမ် အနက် ၂၁၀ မီးလောင်ခဲ့သလို မတ် ၄ ရက်က အိမ်ခြေ ၁၂၀ ရှိသည့် လက်ပံလှရွာကို ထပ်မံမီးရှို့ရာ အိမ်အလုံးပေါင်း ၅၀ ခန့် မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

“သူတို့ရဲ့ အာဏာရူးမှု တခုတည်းအတွက်နဲ့ သူတို့နဲ့ မတူရင် ရန်သူဆိုပြီး အကုန်လုံးကို ခြိမ်းခြောက်လိုက်၊ အိမ်တွေကို မီးရှို့လိုက်၊ သတ်ဖြတ်လိုက်၊ ပစ္စည်းတွေ လုယူလိုက် အကုန်လုပ်တယ်။ လုပ်တာကို အထက်ကလူကြီးတွေ သိလည်း ဒါတွေကို မသိကျိုးကျွံပြုပြီးတော့ သူတို့ကို ဘယ်တော့မှ ခေါင်းမော့ မကြည့်ရဲရအောင်၊ အမှန်တရားကို မပြောရဲအောင် စနစ်တခုကို မတောင်းဆိုရဲအောင် လုပ်နေတာ” ဟု ဒေသခံတဦးက ဆိုသည်။

ထိုသို့ စစ်ကောင်စီ လက်အောက်ခံများ၏ ဝင်ရောက်စီးနင်း ဖျက်ဆီးမှုများကြောင့် ဝန်းခြုံကျေးရွာအနီးရှိ လက်ပံလှ၊ လယ်ယာ၊ အင်းငယ်ထောင့် အပါအဝင် ကျေးရွာ ၁၂ ရွာခန့်မှ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက် ၁၃ လတာ ကာလအတွင်း စစ်ကောင်စီတပ်သည် အရပ်သားပြည်သူများ၏ နေအိမ် ၆၁၅၈ လုံးခန့်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း လွတ်လပ်သော သုတေသနအဖွဲ့ဖြစ်သည့် Data for Myanmar ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

You may also like these stories:

စစ်ရှိန်မြင့်လာတဲ့ ချင်းတောင်တန်း

အထိနာလာသော စစ်ကောင်စီ လေကြောင်းစစ်ကူဖြင့် ရမ်းကားနေ

စစ်ကောင်စီ လမ်းပိတ်ထား၍ ချင်းတောင်ပိုင်း မြို့နယ်တချို့ စားနပ်ရိက္ခာ ပြတ်နေ

Loading