သတင်း

ကာကွယ်ရေးတပ်များ ထိန်းချုပ်ထားသည့် ကန်ပက်လက်ကို ထိုးစစ်ဆင်ရန် ကြိုးပမ်းနေ

ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ၉၅ ရာခိုင်နှုန်းခန့်အထိ ထိန်းချုပ်ထားသော ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ်ကို အာဏာသိမ်း စစ်ကောင်စီက လူအင်အား၊ လက်နက်၊ ရိက္ခာများ ပို့ဆောင်ပြီး သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ရန် ကြိုးပမ်းနေကြောင်း သတင်းရရှိသည်။

စစ်အာဏာသိမ်းမှု နောက်ပိုင်း ကန်ပက်လက်မြို့နယ်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးခြင်းလောက်သာ ရှိခဲ့သော် လည်း ၂၀၂၂ ဇန်နဝါရီ လကုန်ပိုင်းမှ စတင်ပြီး တပ်မ ၉၉ လက်အောက်ခံ တပ်ရင်းများကို ပို့ဆောင်ကာ မတူပီ ဗျူဟာလက် အောက်ခံတပ်ရင်းများဖြင့် ပူးပေါင်းပြီး ထိုးစစ်ဆင် တိုက်ခိုက်ရန် ပြင်ဆင်လာခြင်း ဖြစ်ကြောင်း ကန်ပက်လက် ချင်းကာကွယ်ရေးတပ် (CDF-Kanpetlet) အဖွဲ့ ခေါင်း ဆောင်တဦးက ပြောသည်။

၎င်းက “ကျနော်တို့ ကန်ပက်လက်မှာ စစ်တပ် အထိုင်ချထားတဲ့ တပ်ရင်း မရှိဘူး။ အာဏာသိမ်းမှုနောက်ပိုင်း မတူပီ ဗျူဟာ လက်အောက်ခံ တပ်ရင်းလောက်သာ စစ်ကြောင်းထိုးတယ်။ တပ် အချိန်းအပြောင်း လုပ်တာလောက်ပဲ ရှိတယ်။ အခု စစ်အင်အား အဆမတန် တိုးချဲ့ လာတယ်။ တိုက်ပွဲလည်း ခပ်စိတ်စိတ် ဖြစ်လာတယ်ပေါ့။ အင်အား အလွန်အကျွံ သုံးပြီး ရိက္ခာတွေလည်း ပို့နေတာ ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဒေသခံချင်းကာကွယ်ရေးတပ်များ (ဓာတ်ပုံ/ CDF-Kanpetlet)

စစ်ကောင်စီက ကန်ပက်လက်သို့ ပို့လာသည့် တပ်ဖွဲ့ဝင် အင်အား ၄၅၀ ခန့်ရှိပြီး တပ်ဖျောက်ထားသည်များလည်း ရှိနိုင်သည် ဟု ၎င်းက ဆိုသည်။
ထိုသို့ စစ်ကောင်စီက ကန်ပက်လက်မြို့နယ်အတွင်း စစ်အင်အား အလုံးအရင်းဖြင့် ဝင်ရောက်လာသဖြင့် ဒေသခံ CDF -Kanpetlet အပါအဝင် ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲများ ခပ်စိတ်စိတ် ဖြစ်ပွားနေကြောင်းလည်း သိရသည်။

မတ် ၇ ရက်က မကွေးတိုင်းအစပ်မှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ စစ်ကြောင်း ၃ ကြောင်းခွဲကာ ကန်ပက်လက်မြို့နယ် အတွင်းသို့ ဝင်ရောက်လာခဲ့ရာ ယင်းမြို့နယ်ရှိ ဆောက်လုပ်ဆဲ လေယာဉ်ကွင်းအနီးတွင် CDF-Kanpetlet နှင့် ပူးပေါင်းတပ်ဖွဲ့ က ကြားဖြတ် တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်မှ အရာရှိ အပါအဝင် ၆ ဦး သေဆုံးခဲ့ကြောင်း CDF-Kanpetlet အဖွဲ့ ခေါင်းဆောင်တဦးက ပြောသည်။

၎င်းက “မနေ့က မကွေးတိုင်းအစပ်က တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့ တိုက်ပွဲ ၂ ကြိမ်ဖြစ်တာ ရှိတယ်။ စစ်ကောင်စီဘက်က အရာရှိ ၁ ဦးနဲ့ တပ်သား ၆ ဦး ကျတယ်။ ကျနော်တို့ နယ်မြေရှင်းလင်းရေး လုပ်တဲ့အခါ စစ်ကောင်စီတပ်သား အလောင်းတွေကို မြေမြှုပ်ထားတာ တွေ့တယ်။ အရာရှိ အလောင်းကိုတော့ သူတို့ မြို့ထဲကို သယ်ယူသွားတာကို တွေ့ရတယ်” ဟု ရှင်းပြသည်။

ပြီးခဲ့သည့် ဇန်နဝါရီနှင့် ဖေဖော်ဝါရီ လများအတွင်းကလည်း ဆော-ကန်ပက်လက် လမ်းကြောင်းတလျှောက်တွင် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲ ၉ ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၅၇ ဦး သေဆုံးပြီး ၂၆ ဦး ဒဏ်ရာရရှိကာ CDF-Kanpetlet အဖွဲ့မှ ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း CDF-Kanpetlet အဖွဲ့က မတ် ၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ဒေသခံချင်းကာကွယ်ရေးတပ်များ (ဓာတ်ပုံ/ CDF-Kanpetlet)

လက်ရှိ အခြေအနေတွင် ကန်ပက်လက်မြို့နယ်အတွင်း စစ်ကောင်စီယန္တရား လုံးဝ လည်ပတ်မှု မရှိတော့သည့်အတွက် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြည်သူ့အုပ်ချုပ်ရေး လုပ်ငန်းများကို ထူထောင်ပြီး ဆောင်ရွက် လုပ်ကိုင်နေကြောင်း သိရသည်။

ကန်ပက်လက် ဒေသခံတဦးက “ကန်ပက်လက်မြို့နယ်ရဲ့ အနေအထားကတော့ မြို့ပေါ်မှာ စစ်ကောင်စီတပ်တွေ နေတယ်။ မြို့ပြင်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက နေတယ်။ မြို့ပေါ်မှာ ဌာနဆိုင်ရုံးတွေ ဘာမှ မဖွင့်နိုင်တော့ဘူး။ စစ်ကောင်စီ တပ်က ပြည်သူတွေရဲ့ နေအိမ်တွေကို ခိုးယူဖောက်ထွင်းတာလောက်ပဲ လုပ်နိုင်တော့တယ်။ မြို့ကို ဖျက်ဆီးနေတာလောက်ပဲ သူတို့ လုပ်နိုင်တဲ့ အနေအထားရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိ အခြေအနေတွင် စစ်ကောင်စီတပ်မ ၉၉ လက်အောက်ခံ တပ်ရင်းများနှင့် မတူပီ ဗျူဟာလက်အောက်ခံ တပ်ရင်းများ မှာ မြို့ပေါ်တွင် လက်နက်ကြီးများဖြင့် အထိုင်ချကာ တပ်စွဲနေထိုင်သဖြင့် မြို့ခံအများစုသည် နေအိမ်များကို စွန့်ခွာပြီး နီးစပ်ရာ တောတောင်များ၌ ယာယီတဲအိမ်များ ထိုးကာ ရှောင်တိမ်း နေထိုင်နေရကြောင်း သိရသည်။

ဒေသခံချင်းကာကွယ်ရေးတပ်များ (ဓာတ်ပုံ/ CDF-Kanpetlet)

ကန်ပက်လက်မြို့နယ်သည် မကွေးတိုင်း၊ ယောဒေသ ဆောမြို့နယ်နှင့် ထိစပ်နေသလို ကုလားတန်မြစ် အထက်ပိုင်း ပလက်ဝ မြို့နယ်နှင့်လည်း ထိစပ်နေသော ဒေသတခု ဖြစ်သည်။

ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ လက်ထဲသို့ ကျရောက်လုလု ဖြစ်နေသော ကန်ပက်လက်မြို့နယ်ကို စစ်ကောင်စီ အနေ ဖြင့် ပြန်လည်ထိန်းချုပ်နိုင်ရေးနှင့် စစ်ရေးအရ ဗျူဟာမြောက်ဖြစ်သော ပလက်ဝ လမ်းကြောင်းကိုပါ စိုးမိုးနိုင်ရေးအတွက် ထိုသို့ စစ်အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်ပြီး နယ်မြေစိုးမိုးနိုင်ရန် ကြိုးပမ်းခြင်း ဖြစ်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ပြောဆိုသည်။

You may also like these stories:

စစ်ရှိန်မြင့်လာတဲ့ ချင်းတောင်တန်း

အထိနာလာသော စစ်ကောင်စီ လေကြောင်းစစ်ကူဖြင့် ရမ်းကားနေ

စစ်ကောင်စီ လမ်းပိတ်ထား၍ ချင်းတောင်ပိုင်း မြို့နယ်တချို့ စားနပ်ရိက္ခာ ပြတ်နေ

Loading