တိုင်းရင်းသားနိုင်ငံရေးပါတီ ၂၀ ပေါင်းစုဖွဲ့စည်းထားသော ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း(NBF) က ပြည်နယ်နှင့်တိုင်းဒေသကြီးဝန်ကြီးချုပ်ရာထူးနေရာများကို သမ္မတက တိုက်ရိုက်ခန့်အပ်ခြင်းမပြုလုပ်ဘဲ သက်ဆိုင်ရာ တိုင်းရင်းသားများကို တာဝန်ထမ်းဆောင်ခွင့်ရရေး ဆက်လက် တောင်းဆိုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပုဒ်မ ၂၆၁ တွင် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ ပြည်နယ်နှင့်တိုင်းဝန်ကြီးချုပ် များ ကို သမ္မတက တိုက်ရိုက်ခန့်အပ်နိုင်သည်ဟု ပြဋ္ဌာန်းထားပြီး ယင်းပြဋ္ဌာန်းချက်ကို ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ပြင်ဆင် ပေးရမည်ဟု NBF က သဘောထားတရပ်ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ ပြည်နယ်နှင့်တိုင်း ဝန်ကြီးချုပ်များသည် သက်ဆိုင် ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်မှ တိုင်းရင်းသားလွှတ်တော်အမတ်များသာဖြစ်သင့်သည်ဟု NBF အဖွဲ့ဝင် တိုင်းရင်းသားပါတီများထံမှ တာဝန်ရှိသူများ၏ အဆိုအရ သိရှိရသည်။
NBF အဖွဲ့ဝင် ပါတီဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ၊ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက “ ကိုယ့်ပြည်နယ်မှာ ကိုယ့် လူမျိုး ဝန်ကြီးချုပ်ပဲ ဖြစ်သင့်တယ်၊ သမ္မတက ရွေးချယ် တယ် ဆိုတာ အဓိပ္ပာယ် မရှိဘူး၊ တိုင်းရင်းသားတွေ အားလုံး မကြိုက်ဘူး” ဟု ပြောဆိုသည်။
NBF အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး မြို့နယ် ပေါင်း ၁၆၁ မြို့နယ်နှင့် တိုင်းရင်းသား ရေးရာ ဝန်ကြီး နေရာများတွင် ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ခံမည့် ကိုယ်စားလှယ်လောင်း စာရင်း အတိအကျကိုတော့ မဲဆွယ်စည်းရုံးချိန်နီးမှသာထုတ်ပြန်မည်ဖြစ်ကြောင်း သိရှိရသည်။
NBF အဖွဲ့ဝင် တိုင်းရင်းသားပါတီများသည် ရွေးကောက်ပွဲအတွက် ပြည်သူလူထုကို စည်းရုံးရာတွင် တိုင်းပြည်တွင် ဖက်ဒရယ် စနစ်ကျင့်သုံးရေး၊ စစ်မှန်သည့် ဒီမိုကရေစီစနစ်ရရှိရေး၊ တိုင်းရင်းသားအားလုံး လွတ်လပ် ရေးနှင့် တန်းတူညီမျှ ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ရရှိရေး ကတိကဝတ်များပေး၍ မဲဆွယ်ဖြစ်ကြောင်း သိရှိရသည်။
NBFတွင် ရှမ်းတိုင်းသားများဒီမိုကရက်တစ်ပါတီ၊ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုး တိုးတက်ရေး ပါတီ၊ ရခိုင် တိုင်းရင်းသား များတိုးတက်ရေးပါတီ၊ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ ချင်း အမျိုး သားပါတီ၊ ကယန်းအမျိုးသားပါတီ၊ဝ’ ဒီမိုကရက်တစ်ပါတီ၊ ‘ဝ’ အမျိုးသား စည်းလုံး ညီညွတ်ရေးပါတီ များ အပါအဝင် တိုင်းရင်းသားပါတီ ၂၀ ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။