ဒီတပတ် Dateline Irrawaddy မှာ ပေါင်းကူး အရပ်ဘက်အဖွဲ့အစည်းက ဦးဆောင်သူတဦးဖြစ်တဲ့ ဒေါက်တာ ကျော်သူနဲ့ ဧရာဝတီ သတင်းဌာန အယ်ဒီတာချုပ် အောင်ဇော်တို့ရဲ့ ဆွေးနွေးချက်ကို ဖော်ပြလိုက်ပါတယ်။ အစိုးရသစ်မှာ CSO တွေရဲ့ အခန်းကဏ္ဍ၊ အစိုးရသစ်နဲ့ ဆက်ဆံရေး၊ အစိုးရသစ် လက်ထက်မှာ အကြံပေးလိုတဲ့ လုပ်ဆောင်သင့်တာတွေ စတာတွေကို ဆွေးနွေးထားပါတယ်။ ပေါင်းကူး အဖွဲ့အစည်းဟာ ၂၀၀၇ မှာ စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၀၈ နာဂစ်မုန်တိုင်း တိုက်ခတ်စဉ်က စပြီးတော့ လူမှုအဖွဲ့အစည်းတခု အနေနဲ့ အကြီးအကျယ် လှုပ်ရှားခဲ့တဲ့ အဖွဲ့အစည်းတခု ဖြစ်ပါတယ်။
အောင်ဇော် ။ ။ ကိုကျော်သူ Dateline Irrawaddy ကနေ ကြိုဆိုပါတယ်။ အခု မြန်မာပြည်ရဲ့ Political paradigm တကယ့်ကို အကြီးအကျယ် ပြောင်းလဲနေတဲ့ကာလ၊ အလွန်ကို စိတ်ဝင်စားဖွယ်ကောင်းတဲ့ကာလလို့ နိုင်ငံတကာကကော၊ ပြည်တွင်းက သုံးသပ်သူတွေကကော မြင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရ မကြာခင်မှာ နိုင်ငံတော်အာဏာကို ရယူတော့မှာ ဖြစ်ပါတယ်။ ဒီမတိုင်ခင်မှာ ကျနော် ဆွေးနွေးချင်တာက CSO အရပ်ဘက် လူမှုအဖွဲ့အစည်းတွေရဲ့ ပုံသဏ္ဍာန် အနေအထား ဘာတွေပြောင်းသွားမလဲ။ သမ္မတကြီး ဦးသိန်းစိန်ရဲ့ လက်ထက်မှာ လုပ်ပိုင်ခွင့် အနေအထား၊ CSO တွေအတွက်၊ အရပ်ဘက် လူမှုအဖွဲ့အစည်းအတွက် ပိုရလာတယ်လို့ ကျနော်တို့ နားလည်တယ်။
သမ္မတကြီး ကိုယ်တိုင်ကလည်း အရပ်ဘက် လူမှုအဖွဲ့အစည်းတွေကို တွေ့ဆုံခဲ့တာတွေ ရှိခဲ့ပါတယ်။ တချိန်တည်းမှာပဲ မြေသိမ်း ယာသိမ်း ကိစ္စတွေ၊ တရုတ်ကုမ္ပဏီတွေ ရင်နှီးမြှုပ်နှံမှုတွေမှာလည်း အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက လှုပ်ရှားမှုတွေလုပ်ခဲ့တာတွေ ရှိတယ်ပေါ့လေ။
နောက်တခုက ပညာရေးကိစ္စတွေ လုပ်တဲ့အခါမှာတော့ ဦးသိန်းစိန် အစိုးရကလည်း အရင် စစ်အစိုးရလိုပါပဲ၊ သူ မညှာမတာ နှိပ်နင်းခဲ့တာတွေ၊ ဖမ်းဆီးခဲ့တာတွေ၊ နှောင့်ယှက်ခဲ့တာတွေ ရှိပါတယ်။ ဒါပေမယ့် Space ကတော့ အရင်ကထက်စာရင် ပိုပြီးရှိလာတယ်လို့ ကျနော်တို့ သိရတယ်။ တချိန်ထဲမှာပဲ ပေါင်းကူးဆိုတဲ့ အဖွဲ့အစည်းလည်း ဒီထဲမှာပဲ လှုပ်ရှားခွင့်ပိုရတယ်ပေါ့၊ အပြည့်အဝရတာတော့ မဟုတ်ဘူး။ စောင့်ကြည့်မှုတွေ၊ နှောက်ယှက်မှုတွေ အခုချိန်ထိ ရှိနေတယ်ဆိုတာ ကျနော်တို့ သိပါတယ်။ ဆိုတဲ့ အခါကျတော့ တကယ်လို့ NLD ဦးဆောင်တဲ့အစိုးရ တက်လာပြီဆိုရင်ကော CSO အဖွဲ့အစည်းတွေပေါ်မှာ သူတို့ရဲ့ ပေါ်လစီတွေ၊ သူတို့ရဲ့ အနေအထားတွေ ဘယ်လိုရှိမလဲ။ ဘာတွေ ဖြစ်လာနိုင်ခြေရှိသလဲဆိုတာ ကျနော် သိလို့ရမလား။
ဒေါက်တာ ကျော်သူ ။ ။ ကျနော် ပထမပိုင်းလေး ပြောချင်တယ်။ ဦးသိန်းစိန် အစိုးရက သူက ၂၀၀၈ ဖွဲ့စည်းပုံနဲ့ တက်လာတယ်။ သူ့ရဲ့ တရားဝင်မှုက နိမ့်တယ်။ နိမ့်တဲ့အခါမှာ သူတို့က ပါးနပ်တယ်။ ပါးနပ်တော့ ပြောင်းလဲ လာတာကိုပြဖို့ အရပ်ဘက် အဖွဲ့အစည်းတွေကို ဘယ်လိုဆက်ဆံရမလဲ၊ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ လုပ်ပိုင်ခွင့် များလာတာသည် ပြောင်းလဲခြင်းရဲ့ အညွန်းကိန်းတခုအနေနဲ့ သူ ပြဖို့လိုတယ်။ အဲ့ဒါကြောင့် သူက အဲ့ဒါကို ပါးပါးနပ်နပ်ပဲ ပေးလှုပ်ရှားတယ်။ ပေးလှုပ်ရှားခြင်းသည် အရပ်ဘက် အဖွဲ့အစည်းများအတွက် ကောင်းကျိုးတွေ အများကြီးရခဲ့တယ်။ ပွင့်ပွင့်လင်းလင်း ဆက်ဆံခွင့်ရတယ်၊ လှုပ်ရှားကြတယ်။ ကိုယ့်ဖာသာကိုယ်ပဲ ဒီအခွင့်အလမ်းရှိတယ်၊ လုပ်ကြဦးဆိုပြီး တိုးကြတယ်။ ဒါပေမယ့် တဖက်မှာ အဲဒီလိုလုပ်ပြီးတော့ ဒီမိုကရေစီကို သူတို့က အခုမှ စပြီးလုပ်ရတာပါ၊ သူတို့မတတ်ပါဘူး ဆိုတဲ့ဟာမျိုး ပြောကြ ဆိုကြရင်းနဲ့ ဒီအရပ်ဘက် အဖွဲ့အစည်းတွေနဲ့ သူတို့ကိုယ်တိုင် ထိတွေ့ခွင့်ယူတာ။ ထိတွေ့ခွင့်ပေးသလို သူတို့ရဲ့ တရားဝင်ခွင့်မြင့်အောင် ထိတွေ့ခွင့် ယူရင်းနဲ့ သူတို့လုပ်တဲ့လမ်းကြောင်း မှန်သယောင်ယောင် သိမ်းသွင်းသွားတာတွေရှိတယ်။
အောင်ဇော် ။ ။ သူတို့က Legitimacy ကိုလည်း တည်ဆောက်သွားတာပေါ့။
ဒေါက်တာ ကျော်သူ ။ ။ တည်ဆောက်နေတယ်၊ အဲ့ဒီဟာ တည်ဆောက်တယ်။ တည်ဆောက်ရင်းနဲ့ တည်ဆောက်တာကို မျှောပြီးပါတဲ့လူတွေ အများကြီးရှိတယ်။ ကောင်းခဲ့တာရှိပါတယ်၊ ကောင်းတယ်ဆိုတာ ဖွင့်တဲ့ပုံကောင်းတယ်။ ဒါပေမယ့် တဖက်မှာ သူသည် တကယ်ဖွင့်တာ ပွင့် မပွင့် နောက်ဆုံး အဆုံးသတ်လေခြင်းပဲ။ သူက ဖွင့်တဲ့အတွက်ကြောင့် တက်လာသမျှ လယ်သမား ထောင်ကျတယ်၊ ကျောင်းသား တက်ကြည့်၊ ကျောင်းသား ထောင်ကျတယ်။ တကယ်လုပ်မလား၊ လုပ်ရင် ပိတ်လိုက်တယ်။ အဲ့ဒီဟာတွေ ရှိနေတော့ သူက ပြောရင်တော့ ပါးနပ်တယ်ပေါ့။
အောင်ဇော် ။ ။ မီဒီဟာတွေပေါ်မှာလည်း အတိုင်းအတာတခုထိ သူတို့ ဖွင့်ပေးခဲ့တာပဲ။ ဒါပေမယ့် ဖိနှိပ်မှုတွေလည်း ရှိခဲ့တာပဲ။
ဒေါက်တာ ကျော်သူ။ ။ အတူတူပဲ၊ မီဒီယာနဲ့ အရပ်ဘက် အဖွဲ့အစည်းက စီးမျှောလှုပ်ရှားတဲ့ပုံ အတူတူပဲ။ တဖက်မှာ သူရဲ့သရုပ်က ဘယ်မှာပေါ်လဲဆိုတော့ နောက်ပိုင်းမှာ ပေါ်တယ်။ ကျောင်းသားအရေး စသဖြင့် မီဒီယာတွေကို အရေးယူတာကော၊ ဖမ်းဆီးတာကော သေတာတွေတောင် ဖြစ်တာကိုး။ ကိုပါကြီးတို့ ဘာတို့ ဖြစ်တာကိုး။ ပြီးတော့ ဒေါ်နော်အုန်းလှတို့ဆို အခုအထိ အထဲမှာပဲ။ သူ လုပ်ပုံကိုင်ပုံတွေ ကောင်းခဲ့သယောင် ရှိတယ်၊ ကျနော်တို့ သတိထားပြီး လှုပ်ရှားရတယ်။ ကျနော်တို့ သူတို့နဲ့ ပတ်သက်တဲ့ အခမ်းအနားတွေ ပါလို့ရှိရင် ပေါင်းမှာလား၊ ဘာဖြစ်လို့လဲဆိုရင် ပေါင်းပေါင်းသွားတယ်၊ သူ့အာဘော်တွေ ဖြစ်ဖြစ်ဖြစ်သွားပြီးတော့ ကွဲတယ်။ ဆန့်ကျင်ပြီး ပြောရင်ကို သူတို့က ပြောင်းလဲရေး မလိုလားသူများ အဲ့လိုဟာမျိုးဖြစ်တယ်။ နိုင်ငံတကာ သံရုံးများလည်း ပြောတယ်၊ သူတို့က ပြောင်းလဲရေးတွေ မှန်နေပြီ၊ ကျနော်တို့ကို စွာတဲ့လူမျိုးအဖြစ် မြင်တာကိုး။ အဲ့ဒီအထင်တွေ ရှိခဲ့တယ်ပေါ့။ အဲ့ဒီထဲမှာ အမြတ်တခု ထွက်တာက။

အောင်ဇော် ။ ။ သံရုံးတွေကလည်း ဒီအစိုးရကိုမှ တကယ့် Reform လုပ်တဲ့ အစိုးရလို့ ထင်ခဲ့တာပေါ့။
ဒေါက်တာ ကျော်သူ ။ ။ Reform မှာမှ သူက ချန်ပီယံတောင်ထင်တာ။ တကယ့် စွမ်းဆောင်နေသူများလို့ ထင်တယ်။ ထင်လောက်စရာ တော်တယ်ပေါ့။
ကိုအောင်ဇော် ။ ။ သံရုံးတွေဆိုတာ၊ အထူးသဖြင့် အနောက်နိုင်ငံက သံရုံးတွေကို ပြောတာပေါ့။
ဒေါက်တာ ကျော်သူ ။ ။ အထူးအားဖြင့် တရုတ်နိုင်ငံ သံရုံးက အဲ့လိုမျိုး ကျွမ်းကျင်ပါးနပ်မှုမျိုး မရှိဘူး ထင်တယ်။ သူ့ပုံစံကတော့ တမျိုးဖြစ်မယ်လေ။ ပြည်သူကို ဆက်ဆံနေပုံကတော့။ ခုနကဟာလေး ပြန်ပြောရင် အဲဒီထဲမှာ အမြတ်ထွက်ခဲ့တာတခု ဘာရှိလဲဆိုတော့ အသစ်ပေါ်လာတဲ့ လွှတ်တော်ပုံစံ၊ အဲဒီဟာကို ကျနော်တို့ ထိတွေ့ခွင့်ရတယ်။ အလုပ်လုပ်ခွင့်ရတယ်။ လွှတ်တော်ထဲမှာ ကောင်းတဲ့လူတွေ ရှိခဲ့တယ်ပေါ့။ အရပ်ဘက် အဖွဲ့အစည်းကို သုံးရကောင်းမှန်း ရိုးရိုးသားသားသိတဲ့လူ ရှိသလို ခုနက နိုင်ငံရေးအမြတ်ထုတ်ဖို့၊ သူတို့ရဲ့ တရားဝင်ဖို့ အသုံးပြုဖို့ အမြတ်ထုတ်ခဲ့ပုံရှိတယ်။ အဲဒီထဲမှာ ဘာထွက်ခဲ့လဲဆိုတော့ အဖွဲ့အစည်း မှတ်ပုံတင်ခြင်း ဥပဒေဆိုတာ ထွက်သွားတယ်၊ အဲဒီဟာသည် ဥပဒေရဲ့ သဘောတရား အနှစ်သာရအရ နိုင်ငံတကာ အဆင့်အတန်း မီတယ်လို့ နည်းပညာကျွမ်းကျင်သူတွေက ပြောတယ်။
သူ့အဖွဲ့အစည်းသည် ၃ ယောက်ထက် ပိုပြီးတော့၊ ၃ယောက်ထက်ပိုတဲ့ အဖွဲ့အစည်းမှန်သမျှ ဖွဲ့ခွင့်ရှိတယ်၊ ခွင့်ပြုချက် တောင်းစရာ မလိုဘူး၊ မှတ်ပုံတင်ခြင်းကိုလည်း တင်လိုရင်တင်စေ၊ မတင်လိုရင် နေပါစေ လွတ်လပ်စွာ လှုပ်ရှားခွင့် ရှိတယ်ဆိုတဲ့ အဓိက မူလေးပါတယ်။ စာသားတွေကတော့ ထုံစံအတိုင်း ဟိုတစ သည်တစ ဟိုပိတ် သည်ပိတ်ပေါ့၊ နည်းဥပဒေလည်း ပိတ်တာရှိတယ်၊ အဲဒီဟာလည်းရှိထားတယ်၊ အဲဒီဟာက ဒုတိယ ဆရာမေးတဲ့ NLD အစိုးရလက်ထက်မှာ ဘာဖြစ်မလဲဆိုတော့ သူက ဥပဒေကို အလေးထားလိမ့်မယ်၊ အဲ့ဒီအတွက်ကြောင့် တည်ဆဲဥပဒေအရ အရပ်ဘက် အဖွဲ့အစည်းများရဲ့ တရားဝင်တည်ရှိခြင်းသည် အလိုအလျောက် အသိအမှတ်ပြုခြင်း ဖြစ်ပါလိမ့်မယ်။ ပြီးတော့ NLD လို့ပြောလို့ရှိရင် သူက ဆက်စပ်မှုတွေက ဒီရွေးကောက်ပွဲမှာ အရပ်ဖက် အဖွဲ့အစည်းတွေပါခဲ့တာ၊ သူတို့ရဲ့ အင်းအားတွေ၊ ကဏ္ဍတွေသည် NLD ရွေးကောက်ခံတွေ ကောင်းကောင်းသိတယ်၊ NLD ခေါင်းဆောင်များသည်လည်း ဒီမိုကရေစီဆိုရင် အရပ်ဖက် အဖွဲ့အစည်းတန်ဖိုး သိပြီးသား။
အောင်ဇော် ။ ။ ဘာကြောင့် ကျနော် အဲဒီလိုမေးရတာလဲဆိုတော့ ကိုကျော်သူရာ၊ NLD နဲ့ အရပ်ဘက် အဖွဲ့အစည်းတည်းမှာ မကွဲတာတွေရှိတယ်၊ ဘာကြောင့်လဲဆိုတော့ အရင်းတုန်းကဆိုရင် တသားတည်းလို့ မြင်ခဲ့တာတွေ ရှိတာကိုး၊ အမှန်မှာတော့ မိသားစုတခုလို ဖြစ်ခဲ့တယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်၊ ၁၅ နှစ်၊ နှစ် ၂၀ ကာလ အတွင်းမှာ မြေပေါ်ပဲဖြစ်ဖြစ်၊ မြေအောက်ပဲဖြစ်ဖြစ်လေ ဟုတ်တယ်မဟုတ်လား။
ဒေါက်တာ ကျော်သူ ။ ။ အဖွဲ့အစည်း သဘာဝချင်း မတူဘူး၊ သူက ပါတီဖြစ်နေတာကိုး၊ ပါတီကျတော့ နိုင်ငံရေး အာဏာယူတယ်၊ နိုင်ငံရေး အာဏာယူသူများသည် သူတို့ ဆုံးဖြတ်ရတာသည် သက်တောင့်သက်သာ မရှိတဲ့ ဆုံးဖြတ်ချက်တွေ သူတို့ ချမှတ်ရမှာဖြစ်တယ်။ ကျနော်တို့ အရပ်ဘက် အဖွဲ့အစည်းကတော့ဖြစ်သင့်တာ၊ လုပ်သင့်တာကို ပြောရတဲ့ တာဝန်ရှိတာကိုး၊ ရပ်တည်တဲ့ ကာလ မတူတဲ့အတွက်ကြောင့် ပြောပုံဆိုပုံ တွေးပုံခေါ်ပုံ တွေတော့ ကွဲလိမ့်မယ်။ သဘောတရားကတော့ ကျနော်တို့ ပြုပြင်ပြောင်းလဲမှု လိုချင်တယ်။ ဒီမိုကရေစီခရီး ဖော်ချင်ကြတယ်၊ အဲဒီလို အခြေခံမူလေး တူနေကြတုန်းပဲ။ လုပ်ပုံကိုင်ပုံကတော့ NLD ထဲက ရွေးကောက်ခံပြီး အစိုးရဖြစ်လာမယ့် လူလည်း သူလည်း အသစ်ဖြစ်တဲ့အတွက်ကြောင့် ကြိုးစားရမယ်၊ ကျနော်တို့လည်း ရှိပြီးသား နောက်ခံသမိုင်းကြောင်းအရ ရင်းနှီးခဲ့တယ် အတူတူရပ်ခဲ့တဲ့အတွက် အောင်မြင်အောင် ဆက်လုပ်ရမယ်။
အောင်ဇော် ။ ။ ဆက်ပြီးမေးချင်တာက စိန်ခေါ်မှုတွေပေါ့လေ၊ NLD က အရင်တုန်းက အတိုက်အခံ အုပ်စုပေါ့၊ တူတာ မတူတာ အပထား၊ ဒီမှာ Common ground တခုရှိတာပေါ့။ ဒါပေမယ့် သူက အခု အစိုးရဖြစ်လာပြီဆိုရင် အစိုးရဖြစ်သွားပြီ၊ တဖက်မှာတော့ CSO တွေက ကျန်ခဲ့မယ်။ CSO တွေက သူရဲ့ Issue တွေကို ဆက်ကိုင်ပြီး လုပ်ရမှာပဲဖြစ်တယ်။ ဆိုတဲ့အခါကျတော့ ဘယ်လိုစိန်ခေါ်မှုတွေ ရှိလာနိုင်သလဲဆိုတာကို ကျနော်မေးတာ။ ခုနက မြေသိမ်းယာသိမ်းကိစ္စတွေ၊ နိုင်ငံရေးအကျဉ်းသားတွေ ကိစ္စတွေ၊ နောက် ပြည်တွင်းစစ် ကိစ္စတွေ၊ တိုင်းရင်းသားအရေး ကိစ္စတွေ၊ ပညာရေးကိစ္စတွေ၊ သဘာဝပတ်ဝန်းကျင်အရေး ကိစ္စတွေ၊ အဲဒီကျရင် ဒီအစိုးရက နှာစေးနေမလား၊ ဒီအစိုးရက ဒီ Issue ကို မကိုင်ဘူးလား။ CSO ကို ဘယ်လောက်အထိ Push လုပ်မလဲဆိုတဲ့ ကိစ္စမှာ ဘာစိန်ခေါ်မှုတွေ ကြုံလာနိုင်သလဲဆိုတဲ့ Scenario ကို ကျနော်တို့ မေးတာပါ။
ဒေါက်တာ ကျော်သူ။ ။ CSO အရပ်ဘက် အဖွဲ့အစည်းရဲ့ စိန်ခေါ်မှုသည် NLD ရဲ့ စိန်ခေါ်မှုဖြစ်လိမ့်မယ်။ NLD ရဲ့ စိန်ခေါ်မှုသည် ကျနော်တို့ တတိုင်းပြည်လုံးရဲ့ စိန်ခေါ်မှုဖြစ်သလို နိုင်ငံတကာရဲ့ စိန်ခေါ်မှုဖြစ်တယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံတကာကလည်း ဒီမိုကရေစီ အပြောင်းအလဲကို သူတို့ အင်တိုက်အားတိုက် အားပေးခဲ့ကြတာပဲ၊ ရွေးကောက်ပွဲမှာလည်း ၂၀၁၀ ကစပြီး ၂၀၁၂၊ ၂၀၁၅ အရပ်ဘက် အဖွဲ့အစည်းပါဝင်မှုသည် အရမ်းမြင့်တယ်၊ မြင့်တဲ့အတွက်ကြောင့်ပဲ NLD သည် မဲအရဆုံးဖြစ်တယ်။ ကိုယ်မဲပေးခဲ့တဲ့ပါတီရဲ့ အောင်မြင်မှုသည် ကိုယ့်ရဲ့ အောင်မြင်မှုဖြစ်တယ်၊ မဲပေးခဲ့တဲ့ ပါတီရဲ့စိန်ခေါ်မှုသည် ကိုယ့်ရဲ့ စိန်ခေါ်မှုဖြစ်တယ်၊ အဲ့ဒီအတွက်ကြောင့် တခြားရှိနေမယ့် စိန်ခေါ်မှုတွေ၊ တခြား မြေယာကိစ္စတွေ၊ တိုင်းရင်းသား ငြိမ်းချမ်းရေး၊ လက်နက်ကိုင်၊ ခြစားရေး၊ လာဘ်ပေးလာဘ်ယူမှုတွေ အားလုံးကို ကျနော်တို့ ဘယ်လိုပံ့ပိုးနိုင်သလဲဆိုတာ အရပ်ဘက်အဖွဲ့အစည်းက အဲဒီဟာတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမူဝါဒတွေ၊ ဘာတွေဖြစ်တယ်ဆိုတာ ကတော့ ကျနော်တို့ လေ့လာထားတာလေးတွေ ရှိတယ်။ လေ့လာထားတာလေးတွေဆိုတာ စကားအရ လေးတွေ မဟုတ်ဘူး၊ တေ်ာတော်ကြီးတယ်၊ အထောက်အထားတွေနဲ့ ပြောနိုင်တာဆိုတော့ ဒီမူဝါဒက ဒါဖြင့်လည်း ဒီလုပ်ထုံးလုပ်နည်းတွေကြောင့် ဒါတွေဖြစ်တယ်ဆိုတာ ကျနော်တို့သိတာတွေရှိတယ်၊ အဲဒီ ဟာတွေသည် ကောင်းကောင်းသုံးလို့ ရတယ်ထင်တယ်။
ခုန ပုဂ္ဂိုလ်ရေးအရ လူချင်းဆက်သွယ်မှု၊ ကဏ္ဍအရကို အရပ်ဘက် အဖွဲ့အစည်းရဲ့ ကဏ္ဍသည် ဒါကို လုပ်ရမယ် ဆိုတာကို နားလည်ပေးပြီးသား ပါတီဖြစ်တဲ့ အတွက်ကြောင့်မို့လို့ အဲဒီဆက်ဆံရေးသည် ကောင်းတယ်၊ ပြီးတော့ ရိုးဖြောင့်ခြင်းမှာ ခုန ကျနော်ပြောခဲ့သလို အရင်အစိုးရ လက်ထက်က သူကပါးနပ်စွာ အရပ်ဘက် အဖွဲ့အစည်းကို သုံးသွားတယ်၊ သုံးတဲ့ ရည်ရွယ်ချက်မကောင်းဘူးလို့ ကျနော်မြင်တယ်၊ ဒီဘက်မှာတော့သုံးတဲ့ ရည်ရွယ်ချက်သည် ကောင်းလိမ့်မယ်၊ ပါးပါးနပ်နပ်လည်း သုံးလို့ရတယ် ဒဲ့လည်း သုံးလို့ရတယ်၊ သုံးနိုင်တဲ့ ကဏ္ဍရှိတယ်၊ အဖွဲ့အစည်းရဲ့ ကဏ္ဍကတော့ ခုနပြောတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ပြောတာဆိုတာကို နားလည်ဖို့ ကြိုးစားရမှာသည် ဒါစိန်ခေါ်မှုဖြစ်လိမ့်မယ်၊ ဒီဟာသည် ဆန့်ကျင်ချင်းမဟုတ်၊ အကောင်းသဘော၊ အပြုသဘောနဲ့ နားထောင်ဖို့ ပြည်သူ့အသံ နားထောင်ဖို့။
(ဆက်လက် ဖော်ပြပါမည်)











