မြန်မာပြည်ကိုရောက်တိုင်း အရင် အစိုးရ ထိပ်ပိုင်းခေါင်းဆောင် တဦးဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နဲ့ တွေ့ဆုံ အင်တာဗျူး လိုကြောင်း ချဉ်းကပ်ဖူးတယ်။ “အချိန်မကျသေးပါ” လို့သာ အဖြေပြန်ရခဲ့ပါတယ်။ ဒီတခေါက် နိုဝင်ဘာလလယ် ခရီးစဉ်မှာတော့ ဦးခင်ညွန့်ကို ကထိန်အလှူပွဲတခုမှာ သွားဆုံမိပါတယ်။
ကျနော့်ကို တွေ့တွေ့ချင်း ထမင်းစားပွဲမှာ သူ့ မိတ်ဆွေတွေနဲ့ ထိုင်နေတဲ့ ဦးခင်ညွန့်က သူ့လက်ကို စားပွဲပေါ်မှာ ဆန့်ချပြီး “ကျနော် လူသတ်သမား မဟုတ်ပါဘူး” “ကျနော် သူတို့ကို ထောင်ထဲကို ပို့ခဲ့တာ မဟုတ်ပါဘူး” “ခိုင်းတဲ့ အမိန့်အတိုင်း လုပ်ရ တာပါ”လို့ ပြောပါတော့တယ်။
အဲဒီနောက် သူက မကြာသေးခင်က Democratic Voice of Burma (DVB) က ထုတ်လွှင့်ခဲ့တဲ့ Dateline Irrawaddy အစီ အစဉ်ကိုကြည့်ပြီးတဲ့အကြောင်း ပြောပြပြီး “ကျနော် အမျိုးသားနိုင်ငံရေး မလုပ်ပါဘူး၊ လုပ်ဖို့လဲ အစီအစဉ် မရှိပါဘူး၊ ကျ
နော် ဘာနိုင်ငံရေးမှ လုပ်မှာမဟုတ်ပါဘူး၊ ကျနော် ပြောချင်တာက ကျနော်ဟာ ဘာသာရေး၊ လူမှုရေး အလုပ်တွေကို သေတဲ့ အထိ လုပ်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်”လို့ လည်း ပြောလိုက်ပါတယ်။
ကျနော်တို့ရဲ့ အပတ်စဉ် ထုတ်လွှင့်နေတဲ့ အစီအစဉ်မှာ လွန်ခဲ့တဲ့ ၂ ပတ်ခန့်က ဦးခင်ညွန့် ပြောခဲ့တဲ့ အမျိုးသားနိုင်ငံရေး ဆိုတာကို သေသေချာချာ ဆွေးနွေး ဖြစ်ခဲ့ကြတယ်။
ကျနော့်ကို ဘေးကမိတ်ဆွေတွေ၊ ဦးခင်ညွန့် ရဲ့ မိတ်ဆွေ ဗိုလ်ချုပ်ဟောင်းတွေက ဦးခင်ညွန့်နဲ့အတူထိုင်ပြီး ထမင်းစားဖို့ပြော တော့ ကျနော်လဲ ဝင်ထိုင်လိုက်ပြီး မေးခွန်းတချို့မေးမိပါတယ်။ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ကလဲ စကား တော်တော် ပြောချင် နေပုံရတယ်။ ပထမ စတွေ့တုန်းကလို စိတ်လှုပ်လှုပ်ရှားရှားနဲ့ ပြောတာမဟုတ်တော့ပါဘူး။ ဒါပေမယ့် သူ့မှာ ပြောချင် တာတွေကို ဖွင့်အံချင်နေပုံရတယ်။
နေအိမ်အကျယ်ချုပ် ကျနေစဉ်အတွင်း တရားထိုင်တဲ့အကြောင်း၊ နေ့လယ်ခင်း ခဏနား တရားပြန်ထိုင်ပြီး ညနေဘက်မှာ ပဌာန်းရွတ်ဆိုတဲ့ အကြောင်းတွေ ကျနော့်ကို ရှင်းပြတော့ အန်ကယ် အပြင်နဲ့ အဆက်အသွယ်ရော မရှိဘူးလားလို့ မေးတော့ ဘယ်သူ့ကိုမှ ဆက်သွယ်ခွင့် မရှိတဲ့အကြောင်း၊ အစိုးရထုတ် သတင်းစာကိုပဲ ဖတ်ခဲ့ရပြီး Satellite TV နဲ့ Internet လည်း မရှိတဲ့အကြောင်း တကယ့်ကို အကျဉ်းသားတဦးလိုပဲ နေထိုင်ခဲ့ရတဲ့အကြောင်းတွေကို ပြောပြပါတော့တယ်။
တနိုင်ငံလုံးက ဖိန့်ဖိန့်တုန်အောင် ကြောက်ခဲ့ရတဲ့ ထောက်လှမ်းရေးချုပ်ဟောင်း ရဲ့ နိဂုံးကို ကျနော်က စိတ်ဝင်တစား နားထောင်ရင်း မေးခွန်းတွေ ဆက်မေးမိတယ်။
နေအိမ်အကျယ်ချုပ် ကျနေစဉ်အတွင်း သစ်ခွပန်းကို ဈေးမှာသွင်းပြီး အဲဒီကရတဲ့ ပိုက်ဆံနဲ့ အသက်ဆက်ခဲ့ရတဲ့အကြောင်း အနားမှာ ထိုင်နေတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် ရဲ့ဇနီး ဒေါက်တာ ဒေါ်ခင်ဝင်းရွှေက အန်တီတို့က အရင်ကတည်းက သစ်ခွပန်းစိုက်တယ်လေ လို့ ဝင်ပြောလိုက်ပါတယ်။
ဦးခင်ညွန့်က ဆက်ပြီး နောက်ပိုင်း သိပ်ကျပ်တည်းလာချိန်မှာတော့ မြေနီကုန်းက နာမည်ကြီး ဒေါ်ခင်အေးဆိုင်မှာ ရှပ်အကျႌ ဘောလ်ပင် စတဲ့ နိုင်ငံခြားက ရခဲ့တဲ့ လက်ဆောင်တွေကို ရောင်းချပြီး ဖြေရှင်းခဲ့ရကြောင်း ရှင်းပြပါတယ်။
ဒေါ်ခင်အေးဆိုင်ကိုတော့ မြန်မာပြည်က ဗိုလ်ချုပ်တွေ အစိုးရထိပ်ပိုင်းတွေက အသိများကြပါတယ်။ သူတို့တွေ ရဲ့ နိုင်ငံခြားပြန် ပစ္စည်းတွေကို ပြန်လည်လက်ခံ ဝယ်ယူတဲ့ ဆိုင်လို့ ရန်ကုန်မှာ လူသိများကြတာ ဖြစ်ပါတယ်။
နောက်ပိုင်းကျတော့ ဦးခင်ညွန့် ရဲ့ လက်ရင်းဆရာဖြစ်တဲ့ ဝန်ကြီးဟောင်း ဦးတင့်ဆွေကို အိမ်ထဲဝင်ခွင့်ပေးပြီး တွေ့ခွင့်ပေး တဲ့ အခါကျမှ ဦးတင့်ဆွေယူလာတဲ့ ထောက်ပံ့ကြေးငွေနဲ့ မိသားစု အသက်ဆက်ခဲ့ရကြောင်း ဦးခင်ညွန့်က နေအိမ်အကျယ်ချုပ်ကျစဉ်က ဖြတ်သန်းခဲ့ရပုံကို ကျနော့်ကို ရှင်းပြပါတယ်။
ဒီလိုခွင့်ပြုခဲ့တာကလည်း နေအိမ်မှာ လေးနှစ်ကျော်ကျော် နေပြီးမှ ဦးတင့်ဆွေကို ဝင်ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။
စကားပြောနေစဉ် သတိထားမိတာကတော့ အသက် ၇၃ နှစ် ရှိပြီဖြစ်တဲ့ ထောက်လှမ်းရေးမှူးချုပ်ဟောင်း ဝန်ကြီးချုပ်ဟောင်း၊ အတွင်းရေးမှူး (၁) စတဲ့တာဝန်တွေကို ထမ်းဆောင်ခဲ့တဲ့ ဦးခင်ညွန့်ဟာ သူ့ရဲ့ကျန်းမာရေးကို အတော်လိုက်စားပြီး ကျန်းကျန်း မာမာ နေနိုင်အောင် ကြိုးစားခဲ့တယ် ဆိုတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ စိတ်လှုပ်ရှားမှု အားကြီးတယ်။ စိတ်ထဲမှာ ခံစား နေရတာတွေကို ပြောချင်နေတယ် ဆိုတာကိုလည်း ကျနော် သတိထားလိုက်မိပါတယ်။
ဦးခင်ညွန့်ဟာ ထောင်ထဲမှာ ကျန်နေခဲ့တဲ့ သူ့ရဲ့ တပည့်တွေကိုတော့ တမ်းတမ်းတတ ပြောပါတယ်။
“ကျနော့်လူတွေ မလွတ်သေးဘူး၊ သူတို့တွေကို လွှတ်ပေးဖို့လိုတယ်”လို့ သူက ဆိုလာပါတယ်။ ကျနော်ကလည်း အန်ကယ် အခုလို အဖမ်းခံရတာ အန်ကယ့်တပည့်တွေ မကောင်းလို့ အဖမ်းခံရတယ်လို့ ဝေဖန်တာတွေ ရှိတယ်လို့မေးတော့ ဦးခင်ညွန့်က ဒီလိုပြောတာကို လက်ခံပုံမရပါဘူး။“ကိုယ်မကောင်းလို့ သူတို့ အခုလို ဖမ်းခံရတယ်လို့ပဲ မြင်ပါတယ်”လို့ သူက ပြန်ပြော လာပါတယ်။
တပ်မတော်မှာ ထောက်လှမ်းရေးဆိုရင် တပ်ကြပ်ကိုတောင် တပ်ရင်းမှူးက ပြန်ပြီး ကြောက်ခဲ့ရတဲ့ ခေတ်တွေ သူ့လက်ထက်မှာ ရှိခဲ့တယ် ဆိုတာကိုတော့ ဦးခင်ညွန့်က ဆွေးနွေးချင်ပုံမရပါ။ ကိုယ်က Corruption (အဂတိ လိုက်စားမှု) လည်း မလုပ်ဘူး။ သန့်သန့်ရှင်းရှင်းပဲ နေခဲ့တာလို့ သူက ထမင်းတလုတ်ကို ပါးစပ်ထဲထည့်လိုက်ရင်း စကားကို ဆက်လိုက်ပါတယ်။
နေပြည်တော်ကို ကျနော်ရောက်သွားတိုင်း ခြေလျင်တပ်ရင်းမှာ တာဝန်ကျခဲ့သူ ဗိုလ်ချုပ်ဟောင်း တချို့ကတော့ ဦးခင်ညွန့်ကို လွှတ်ပေးတဲ့ ကိစ္စကိုရော မကျေနပ်ကြသလို ထောင်ထဲတွင် ကျန်ရှိနေသေးတဲ့ သူ့ တပည့်တွေကိုလည်း လွှတ်ပေးဖို့ မသင့် ကြောင်း အမြဲ ကျနော့်ကို ပြောလေ့ ရှိခဲ့တာကို နားထောင်ခဲ့ရဖူးပါတယ်။
ဗိုလ်ချုပ်ဟောင်း တဦးကလည်း ၂၀၀၃ – ၂၀၀၄ ဝန်းကျင်က ဆိုလျှင် စစ်ရုံးချုပ်ထဲအထိ VIP အရေးကြီး ပုဂ္ဂိုလ်တွေ ရုံးထဲ အထိ သူ့ပစ္စတိုသေနတ်ကို ကိုင်ဆောင်ထားလေ့ရှိကြောင်း ကျနော့်ကို ရှင်းပြဖူးပါတယ်။ ဘာကြောင့် ဆောင်တာလဲလို့မေး တော့ ထောက်လှမ်းရေးက သတ်မှာစိုးလို့ပေါ့ဗျာလို့ သူက ခပ်ရှင်းရှင်းပဲ ပြန်ဖြေဖူးပါတယ်။“ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ဆောင် တာပါ”လို့ သူက ထပ်ပြောလိုက်ပါသေးတယ်။ ဒါက ထောက်လှမ်းရေးနဲ့ Infantry ခေါ် ခြေလျင် တပ် အကြား ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေ Power struggle (အာဏာ အားပြိုင်မှု)တွေရဲ့ အသံတွေ အရိပ်တွေ ဖြစ်ပါသည်။
ဒါကြောင့် Power struggle ကြောင့် အန်ကယ် ပြုတ်တယ်လို့လည်း ပြောဆိုဝေဖန် ရေးသားခဲ့ကြပါတယ်။ ကျနော့်တို့ လည်း ဒီလိုပဲ သုံးသပ်ခဲ့ကြတယ်လို့ ကျနော်က ဆက်ပြီးမေးမိပါတယ်။ ဒီလိုမေးတော့ ဦးခင်ညွန့်က လက်ကိုကာပြီး Power struggle မရှိပါဘူး။ ဘာ Power struggle မှ မရှိပါဘူးလို့ ထပ်ခါတလဲလဲ ပြောလိုက်ပါတယ်။
သူက စကားတွေကို ဆက်ပြောနေပေမယ့် ဒေါ်ခင်ဝင်းရွှေက ရပ်ပါတော့လို့ ဝင်တားလိုက်တာကို ကျနော် သတိထားလိုက် မိပါတယ်။ ဦးခင်ညွန့်က သူ တရားဆောက်တည်နေတဲ့အကြောင်း အခုလို ရာထူးကချ နေအိမ်အကျယ်ချုပ် အပို့ခံရတာဟာ အတိတ်က ကုသိုလ်ကံကြောင့်လို့ ကျနော့်ကို သူကပြောပြပါတယ်။
ဒါပေမယ့် တန်ခိုးအာဏာ အရမ်းကိုကြီးထွားခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် အခုလို နိဂုံးချုပ်ခဲ့ရတာဟာ တပ်မတော် ခေါင်းဆောင်တွေရဲ့ အတွင်းတိုက်ပွဲကြောင့်လို့ အများက သုံးသပ်ကြသလို နိုင်ငံရေးအရ ရည်မှန်းချက်ကြီးတဲ့ ဦးခင်ညွန့်ကို ဗိုလ်ချုပ်မှူးကြီး (အငြိမ်းစား) ဦးသန်းရွှေနဲ့ အဖွဲ့က အပြီးရှင်းတာပဲလို့ ပြည်တွင်း ပြည်ပ သုံးသပ်သူတွေက ကောက်ချက်ချခဲ့တာ ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေနဲ့ စစ်စိုးရထောက်လှမ်းရေးရဲ့ ဒဏ်ကို ခံခဲ့ရသူတွေ ကြောက်ခဲ့ရသူတွေကတော့ ကံကံရဲ့အကျိုးကို ပြန်ခံစားရတာပဲလို့ ဘာသာရေးအမြင်ဘက်ကနေ ချဉ်းကပ်ပြောခဲ့တာကို အပြင်မှာရော အတွင်းမှာပါ ကျနော်ကြားရပါတယ်။
သူနေအိမ်မှာ အကျယ်ချုပ်ကျနေစဉ်အတွင်း YouTube အင်တာနက် စာမျက်နှာမှာ ဦးခင်ညွန့်နဲ့ ပတ်သက်တဲ့ ဗီဒီယို အပိုင်း အစလေး တခု တက်လာတဲ့အကြောင်းကို ကျနော်မေးလိုက်ပါတယ်။ အဲဒါက ၂၀၀၅ တုန်းက ကျနော်တို့ကို အင်းစိန်ထောင် ကို ခေါ်ထုတ်ပြီး တရားစီရင်တဲ့ ကာလပေါ့လို့ ဦးခင်ညွန့်က ရှင်းပြပြီး ကျနော်တို့ကို ကောင်းကောင်းမွန်မွန် ထားပါတယ်လို့ လည်း သူက ဆက်ပြောပါတယ်။
တရားရုံးက စီရင်ချက်တွေ စွပ်စွဲချက်တွေကိုရော ဘယ်လိုတုံ့ပြန်ခဲ့သလဲလို့မေးတော့ ကျနော်က ဘာမှပြန်မပြောခဲ့ပါဘူး။ ပြန် ပြောစရာလည်း ဘာမှမလိုတော့ပါဘူး။ ဒါကြောင့် အားလုံးကို ကျေးဇူးတင်ပါတယ်လို့ပဲ ပြောခဲ့ပါတယ်လို့ သူကပြုံးပြီး ကျနော့် ကို ပြောလိုက်ပါတယ်။
ဦးခင်ညွန့်ကတော့ စကားကိုဆက်ပြီး ပြောချင်ပေမယ့် ဒေါ်ခင်ဝင်းရွှေနဲ့ မြေးလေးတွေက ပြန်ခေါ်တာနဲ့ နေ့လယ်ပိုင်းမှာ ပြန် ထွက်သွားပါတယ်။
သူ့ကို လာနှုတ်ဆက်တဲ့ တပ်မတော် အရာရှိဟောင်းတွေ မိတ်ဆွေဟောင်းတွေကိုလည်း တွေ့ရပါတယ်။ အားလုံးကို သူက ရင်းရင်းနှီးနှီး ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်ပြီး သူ အမျိုးသားနိုင်ငံရေး လုပ်မှာမဟုတ်ဘူး၊ အမျိုးသားရေးပဲ လုပ်မှာပါ။ ဘာသာရေး၊ လူမှုရေး လုပ်ငန်းတွေကိုပဲ လုပ်မှာပါ ဆိုတာကိုတော့ ထပ်ခါတလဲလဲ ပြောသွားခဲ့ပါတယ်။
ကားနားကို လိုက်ပို့တဲ့ အရာရှိဟောင်း တဦးကတော့ ဦးခင်ညွန့် လက်ပြပြီး ကားထွက်သွားတာကို လိုက်ကြည့်ရင်း “ပြီးသွားခဲ့တာ ကြာခဲ့ပါပြီ” လို့ ကပ်ပြောလိုက်တဲ့ အသံကိုတော့ ကြားလိုက်ရပါသေးတယ်။ ။