သောနုထ္ထိုရ် အပြစ်၊ မင်းဧကရာဇ် အပြစ် လွှဲချနေကြမှာလား

ညီညီဦး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

စက်တင်ဘာ ၁၇ ရက်နေ့ထုတ် မော်နီတာ ဂျာနယ် အတွဲ ၂ အမှတ် ၇၂ မှာ “ထောက်လှမ်းရေး ဆိုပြီး အကုန်လုံး ပုံချ နေကြတယ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ အင်တာဗျူးမှာ သန်လျင် ရေနံချက်စက်ရုံ ဗုံးဖောက်ခွဲမှုနဲ့ စပ်လျဉ်းပြီး စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်နဲ့ ထောက်လှမ်းရေး အရာရှိဟောင်း ဦးစန်းပွင့်တို့ရဲ့ အဖြေတချို့ကို ဖတ်လိုက်ရပါတယ်။

“အခု ၈၈ နှစ်ပတ်လည် လုပ်တဲ့အခါ သန်လျင် ဗုံးခွဲမှုတို့ ဘာတို့မှာ တချို့က မဟုတ်ဘဲနဲ့ ထောက်လှမ်းရေးက ထောင်ချ ခဲ့တယ် ဆိုပြီး အပြင်မှာ ပြောဆိုနေတာရှိတယ်” ဆိုတဲ့ မေးသူရဲ့ စကားစကို ဦးခင်ညွန့်က “နိုင်ငံရေး ဆိုတာ ဒီလိုပဲ ပြောမှာပေါ့ဗျာ။ ဗုံးခွဲတာက လူသတ်တာလေ။ ဘယ်သူက ကျနော် ဗုံးခွဲပါတယ်လို့ ပြောမှာတုန်း၊ ဘယ်သူက အာမခံမှာတုန်း၊ ကျနော် ဗုံးခွဲပါတယ်လို့ ဘယ်သူ ပြောမှာတုန်း…” လို့ ဖြတ်ဖြေခဲ့သလို၊ ဦးစန်းပွင့်ကတော့ “သန်လျင် ရေနံချက်စက်ရုံ ဗုံးခွဲတဲ့ ကိစ္စကို အမှန်က ကျနော်တို့ ထောက်လှမ်းရေးက ကိုင်တာမဟုတ်ဘူး။ သတင်းတပ်ဖွဲ့က ဖော်ထုတ်သွားတာ။ လွှဲချတာ မဟုတ်ပါဘူး။ အခုက အားလုံးက ထောက်လှမ်းရေး၊ ထောက်လှမ်းရေး ချည်းပဲ တော်တော်များများက ပြောနေကြတယ်။ တချို့ဟာတွေက အမှန်တရားအပေါ်မှာ လူတွေ စိတ်ဝင်စားအောင် တော်တော်များများ ချဲ့ကား ပြောနေကြတယ်။ ဒါပေမယ့် ကျနော်တို့ ဘာမှ မပြောတော့ပါဘူး။ အသာလေးပဲ နေကြတာ” လို့ ပြောထားတာ တွေ့ရပါတယ်။

Ko Nyi Oo

စာရေးသူ ညီညီဦးသည် ၁၉၈၈၊ ၁၉၈၉ ခုနှစ်များက NLD လူငယ် သန်လျင် မြို့နယ် တာဝန်ခံဖြစ်ပြီး ၁၉၈၉ ဇူလိုင် ၁၂ ရက်နေ့တွင် ဖားကူးကျေးရွာ စည်းရုံးရေးသွားစဉ် သန်လျင်ရေနံချက် စက်ရုံ ဗုံးခွဲသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီခံခဲ့ရကာ ထောင်တွင်း၌ ၂၂ နှစ် ၃ လ နေထိုင်ခဲ့ရသူ ဖြစ်သည်။ ၂၀၁၁ ခုနှစ် သီတင်းကျွတ် လပြည့်နေ့တွင် ပြန်လည် လွတ်မြောက် လာခဲ့ပြီး ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ကော့မှူး မဲဆန္ဒနယ်၌ ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေး တာဝန်ပေးအပ်ခံရသူ ၆ ဦးတွင် ပါဝင်ခဲ့သည်။ ၂၀၁၂ ခုနှစ် ရန်ကုန်တိုင်း NLD ညီလာခံ ကော်မရှင် အဖွဲ့ဝင်ဖြစ်ပြီး ယခု လက်ရှိတွင် ရန်ကုန်တောင်ပိုင်း ခရိုင် NLD အတွင်းရေးမှူး တာဝန်နှင့် တိုင်း လူငယ်ညီလာခံ ကျင်းပရေး ကော်မရှင်အဖွဲ့ဝင် အဖြစ် တာဝန်ယူ ဆောင်ရွက်လျှက် ရှိသည်။

အဲဒီ အင်တာဗျူးတွေနဲ့ ပတ်သက်ပြီး ၁၉၈၉ ခုနှစ် ဇူလိုင် ၇ ရက် ဖြစ်စဉ်တွေမှာ ပါခဲ့ရတဲ့၊ ကာယကံရှင် အဖြစ် ကိုယ်တိုင်ပါဝင် ခဲ့ရတဲ့ ကျနော် ကတော့ “တရားမဲ့တဲ့ လုပ်ရပ် တခုကို ဖော်ထုတ်ကြသူများ” ကြောင့် နှစ်ပေါင်းများစွာ အကျဉ်းထောင်အတွင်း သေဒဏ်နဲ့ အနှစ် ၂၀ ပြစ်ဒဏ် ခံခဲ့ရပါတယ်။

ဥပဒေအရ ပြိုင်ဆိုင်မှုမဲ့တဲ့ စစ်တရားခုံရုံး တရားခွင်ရဲ့ အဓမ္မ စွဲချက်တင် သူများနဲ့ အတူ ထိုအချိန်ကာလ အတွင်းက တာဝန်ရှိတဲ့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ (အာဏာသိမ်း အစိုးရ) ထိပ်ပိုင်း တာဝန်ရှိသူတွေရဲ့ လုပ်ဆောင်မှုတွေကြောင့် ကျနော်တို့လို လူငယ်တွေ၊ ကျောင်းသားတွေဟာ နှစ်ပေါင်း ရှည်ကြာ ထောင်ထဲကို ရောက်ခဲ့ရတယ်၊ တောတွင်းကို ထွက်ခွာသွားခဲ့ရတယ်၊ လွတ်မြောက်ရာ နယ်ပယ်တွေဆီ မိဝေးဖဝေး စွန့်ခွာခဲ့ရတယ် ဆိုတာတွေကို ဒီနေ့ ဒီအချိန်မှာ မသိကျိုးကျွံပြုပြီး ကာကွယ်နေကြတာ အလွန် အံ့သြစရာပါပဲ။

အဲဒီခေတ်၊ အဲဒီကာလ အချိန်မှာ တာဝန်ရှိကြသူတွေဟာ “သူ မဟုတ်ဘူး သူ” လို့ လွှဲချနေဖို့ မသင့်ဘူးလို့ ထင်ပါတယ်။ ဒီလို ဖြစ်စဉ် ဖြစ်ရပ်မျိုးတွေနဲ့ မြန်မာနိုင်ငံအတွင်းမှာ များစွာသော လူငယ်တွေ၊ ကျောင်းသားတွေ၊ ရဟန်းပြည်သူတွေ ခံစားခဲ့ရတယ် ဆိုတာကတော့ မတရားပြုကျင့်ခဲ့သူများ ပိုသိကြပါလိမ့်မယ်။ ကျနော့် အနေနဲ့ကတော့ နာကျင်ခဲ့ရမှုတွေ၊ ညှဉ်းပမ်းနှိပ်စက်မှု အောက်က ပေးဆပ်ခဲ့ရမှုတွေ၊ တရား ဥပဒေမဲ့ လုပ်ကြံခံခဲ့ရမှုတွေထဲက အမှုတခုမှာ ပတ်သက်နေရတော့ ခွင့်လွှတ် နိုင်လောက်တဲ့ တရားကို ရင်ဝယ် ထားနိုင်ပေမယ့်၊ မမေ့နိုင်တာတော့ အမှန်ပါ။

၁၉၈၉ ခုနှစ် ဇူလိုင်လ ၇ ရက် ဖြစ်စဉ်နဲ့ ကျနော်ကြုံတွေ့ခဲ့ရတဲ့ ကိုယ်တွေ့ အမှန်တရားတခုကို ကျနော် နည်းနည်းတော့ ပြန် ပြောပြချင်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သန်လျင်မြို့နယ် ရုံးခန်းမှာ 7 July အခမ်းအနား ကျင်းပခဲ့ပြီးတော့ ကျနော်ရယ်၊ အောင်ကြည်မိုးရယ်၊ မရီရီချို (ကွယ်လွန်) တို့ရယ် ဈေးလမ်းဆုံ စေတနာမွန် လက်ဖက်ရည်ဆိုင်ရှေ့က မြင်းလှည်းစီးပြီး ကျနော်တို့ ယာယီနေထိုင်တဲ့ တာမွေမြို့နယ် အောင်မင်္ဂလာကို ပြန်ဖို့ ထွက်လာခဲ့ချိန်၊ သန်လျင် ဆင်ကျုံး ကုန်းဆင်းရှေ့ အရောက် ဂျိမ်းကနဲ ပေါက်ကွဲသံ လိုလို၊ သေနတ်သံ လိုလို ကြားမိတော့ ကျနော်က “သန်လျင် ရေနံချက် စက်ရုံဝင်းထဲမှာ သူခိုးကို သေနတ်နဲ့ ပစ်ပြီနဲ့ တူတယ်” လို့ ပြောပြီး ရန်ကုန်ဘက်ကို ဆက်ထွက်ခဲ့ပါတယ်။

နောက်တနေ့မှာ ရန်ကုန်တိုင်း လူငယ် အစည်းအဝေး တက်ရောက်ဖို့ သန်လျင်မြို့နယ်က လူငယ်တွေကို ရန်ကုန်ဘက်ကမ်း သီတာ သင်္ဘောဆိပ်မှာ စောင့်နေခဲ့ပါတယ်။ သန်လျင်က ရောက်လာတဲ့ လူငယ်တွေက ငိုပြီးတော့ “မနေ့က သန်လျင်မှာ ဗုံးပေါက်တယ်၊ အဲဒါ ကိုညီပြန်သွားတဲ့အချိန် ဖြစ်တာ ဆိုပြီး သန်လျင်မှာ သတင်းတွေ ထွက်နေတယ်” လို့ ပြောကြပါတယ်။

ကျနော်နဲ့ အတူ လူငယ်တွေဟာ အဖွဲ့ချုပ်ရုံးကိုသွားပြီး အဖွဲ့ချုပ်က ဦးတင်မောင်ဝင်း (ကွယ်လွန်)၊ ကိုဝင်းလှိုင်၊ ကိုမောင်မောင်ဦး တို့နဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ဆီကို တက်ရောက်လာတဲ့ လူငယ်အများစု လက်မှတ်ရေးထိုးပြီး တင်ပြခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကျနော့်ကို NLD လူငယ်လုပ်ငန်း ပြန်လည် လုပ်ကိုင်ဖို့ ရန်ကုန်တိုင်း လူငယ်တွေက ခန့်အပ်လွှာ ပေးခဲ့တဲ့အတွက် ကျနော် သန်လျင် ပြန်ပြီး လူငယ်လုပ်ငန်းတွေ လုပ်ကိုင်ခဲ့ပါတယ်။

၁၉၈၉ ဇူလိုင် ၁၂ ရက်နေ့မှာ ဒေးဇတ်ကျေးရွာကနေ နေ့လယ် ၁ နာရီခွဲလောက်မှာ မော်တော်နဲ့ ဖားကူးကျေးရွာကို သွားခဲ့တယ်။ ဖားကူးကျေးရွာ ရွာထိပ်မှာ လာကြိုတဲ့လူတွေနဲ့ ရွာထဲကို သွားရာလမ်းမှာ အမှုတွဲမှာပါဝင် အဖမ်းခံရတဲ့ ဒေါက်တာထွန်းသူနဲ့ တွေ့ခဲ့ပါတယ်။ ရွာလယ် လမ်းထိပ်ကို အရောက် နောက်ကနေ “ကိုညီ” လို့ ခေါ်သံကြားတာနဲ့ လှည့်ကြည့်တော့ မြို့နယ်လူငယ်အဖွဲ့က မရီရီချိုကို တွေ့ရလို့ သူရယ် သန်လျင် NLD လူငယ် ဘိုအောင်မြင့်ရယ် လက်ဖက်ရည်ဆိုင် ထိုင်ကြပါတယ်။

ကျေးရွာ လက်ဖက်ရည်ဆိုင် ခုံတန်းလျားရှည်မှာ ကျနော်တို့ လမ်းဘက်ကို မျက်နှာမူပြီး ထိုင်နေတုန်း အရှေ့တန်းခုံမှာ လူသုံးယောက် ဝင်ထိုင်ပါတယ်။ ကျနော် စီးကရက်ကို မီးညှိလိုက်တဲ့ အချိန်မှာတော့ ကျနော့် နားထင်ကို သေနတ်နဲ့ ချိန်ပြီး “မင်းနာမည် ညီညီ၊ ညီညီဦး ဟုတ်လား” လို့ မေးလာပါတယ်။ ကျနော်က ဟုတ်တယ်လို့ ပြန်ပြောတော့ လက်နောက်ပြန် လက်ထိတ်ခတ်၊ နွားချည်တဲ့ နဖားကြိုးနဲ့ တကိုယ်လုံးကို တုပ်ပြီး မော်တော်ဆိပ်ကို ခေါ်သွားပါတယ်။ မော်တော်ဆိပ် ရောက်တော့ ရေတပ်မော်တော်ဘုတ်တွေ ရောက်လာပြီး ကျနော်ရယ်၊ မရီရီချိုရယ်၊ ဘိုအောင်မြင့်ရယ် ၃ ဦးကို မော်တော်ပေါ် တင်ခေါ်ခဲ့ပါတယ်။ လက်နက်ကိုင် စစ်သားတွေ ခြံရံပြီး ခေါ်လာတာပါ။

သန်လျင် ဘောတံတား ရောက်တာနဲ့ ခေါင်းစွပ်ကို စွပ်ပြီး သင်္ဘောဆိပ် အထက်ကို ခေါ်သွားတဲ့ အချိန်မှာ လူတယောက်က ရင်ဘတ်မှာ ထိုးထားတဲ့ NLD တံဆိပ်ကို ဖြုတ်ခိုင်းတဲ့အတွက် ကျနော်က ဒီတံဆိပ်နဲ့ ဖမ်းတာလား မဟုတ်လား၊ အဲဒါကြောင့် မဖြုတ်နိုင်ဘူးလို့ ငြင်းဆန်ပြီး သူတို့ ခေါ်ရာနောက် လိုက်ခဲ့ပါတယ်။

ကျနော့်ကို ဖမ်းဆီးခေါ်ဆောင်ခဲ့တဲ့ အဖွဲ့ထဲက ရခိုင်သံ ဝဲ၀ဲနဲ့ စကားပြောတဲ့သူက ကျနော့်ကို “မင်း မှတ်မိလား၊ ငါက အရင်တုန်းက သန်လျင်ကို လာတဲ့ NIP (အမျိုးသား ထောက်လှမ်းရေး) က ဗိုလ်ကြီးဇော်မင်းနဲ့ ပါလာတဲ့သူပါ။ ရခိုင်တိုင်းရင်းသား” လို့ သူ့ကိုယ်သူ မိတ်ဆက်ပါတယ်။ သန်လျင် SB ရုံး အရောက်မှာတော့ သန်လျင်ဒေသ တာဝန်ခံ SB ဦးတင်အေးက ကျနော့် အိတ်နဲ့ ပစ္စည်းတွေကို ရှာဖွေပုံစံ သွင်းခဲ့ပါတယ်။ ဘာလက်နက် တစုံတရာမျှ မပါပါဘူး။ အချိန်က ညနေ ၅ နာရီလောက် ဖြစ်ပါလိမ့်မယ်။ ကျနော့်ကို ခေါ်ဆောင်လာတဲ့ ထောက်လှမ်းရေးတွေက ရန်ကုန်ကို သီတာ သင်္ဘောနဲ့ ခေါ်ဆောင်လာပြီး အောင်သပြေ တပ်စခန်းကို ပို့လိုက်ကြပါတယ်။

အောင်သပြေ စစ်ကြောရေး စခန်းမှာတော့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ဦးမျိုးလွင်နဲ့ ဦးမောင်မောင် (ဌာနမသိ) တို့က “မင်းကို စစ်ဆေးစရာ ရှိတယ်၊ ငါတို့ အမျိုးသား ထောက်လှမ်းရေးဖွဲ့ပြီး ဖမ်းခဲ့တာ” လို့ ပြောပြီး ကျနော် မကျူးလွန်ခဲ့တဲ့ အမှုအတွက် ရိုက်နှက် စစ်ဆေး ခံခဲ့ရပါတယ်။ ညှဉ်းပမ်းနှိပ်စက်မှု မျိုးစုံ ပြုလုပ်ပြီး အစစ်ဆေး ခံခဲ့ရတာပါ။ ကျနော့်ကို ပထမဆုံး ဖမ်းဆီးပြီး နောက် ကိုသန်းဇော်နဲ့ မိုးကျော်သူတို့ကို အဲဒီနေ့ ညနေမှာ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက်မှာတော့ နည်းမျိုးစုံနဲ့ နှိပ်စက်ပြီး စာရွက်အလွတ်ပေါ်မှာ ကျနော့်ကို စာရေးခိုင်းပါတော့တယ်။ အောက်မှာ အောင်နိုင် ဆိုတဲ့ လက်မှတ်ကို ရေးထိုးခိုင်းပါ သေးတယ်။ နောက်ဆုံးအချိန်မှာတော့ ကျနော်တို့ မလုပ်တဲ့ အမှုနဲ့ ပတ်သက်ပြီး ငြင်းဆန်တာကို အခွင့်ကောင်း ယူပြီး ဒေါ်အောင်ဆန်းစုကြည် ခိုင်းတာလား၊ ဦးတင်ဦး ခိုင်းတာလား၊ ဒါမှမဟုတ်ရင် ကိုယ့်ဘာသာ လုပ်တာပါလို့ ဝန်ခံခိုင်း ပါတယ်။

ညှဉ်းပမ်းနှိပ်စက်ဒဏ် မခံနိုင်တဲ့ အဆုံးမှာတော့ ကျနော် ဝန်ခံပေးခဲ့ရပါတယ်။ ကျနော် ဝန်ခံတဲ့ အမှုတွဲမှာ ပါတဲ့ သူ တယောက် အဖြစ် ကျနော်က ၁၉၈၉ ဧပြီလထဲမှာ တောထဲ ဝင်သွားတဲ့ မိုးသီဟ နာမည်ကို လှီးလွှဲ ပြောခဲ့တဲ့အတွက် စစ်ဆေး မေးမြန်းရေး အဖွဲ့က လိုက်ရှာကြပါသေးတယ်။ ပြည်တွင်းမှာ မရှိတဲ့သူ တယောက်ကို လိုက်လံရှာဖွေ ဖမ်းဆီးတဲ့ ထောက်လှမ်းရေး အဖွဲ့ကို ကျနော့် စိတ်ထဲမှာ ကြိတ်ပြုံးမိပါတယ်။ ကျနော် မမှန်မကန် ပြောဆိုတာကို မိုးသီဟလည်း တခြားတနေရာမှာ သူမပါတဲ့ အကြောင်း ရှင်းလိမ့်မယ်လို့ ထင်ခဲ့ပါတယ်။ ကျနော့်အထင် မမှားပါဘူး။ မိုးသီဟ ဘန်ကောက်ပို့စ် သတင်းထောက် ဘာတေးလစ်တနာနဲ့ သတင်းစာ ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

၁၉၈၉ ဇူလိုင် ၁၇ ရက်နေ့မှာ ကျနော့်ကို အင်းစိန်ထောင်ကို ပို့ဆောင်ခဲ့ပါတယ်။ တိုက် ၆ အခန်း ၁ မှာ နေခဲ့ရပြီး တဘက်ခန်းမှာ ကိုမြတ်စံ၊ ကိုရန်မျိုးသိန်း၊ ဘာဘာကြီးတို့ ရှိတာကို သိတော့ ကျနော် မကျူးလွန်ခဲ့တဲ့ အမှုနဲ့ ပတ်သက်ပြီး ထောင်ထဲ ရောက်နေကြောင်း၊ လုံး၀ မပါဝင်ကြောင်း NLD တာဝန်ရှိသူတွေဆီ အကြောင်းကြားပေးဖို့ ပြောခဲ့ပါတယ်။

အဲဒီနှစ် ဇူလိုင် ၂၇ ရက်နေ့မှာတော့ ကျနော်၊ မိုးကျော်သူနဲ့ ကိုသန်းဇော်တို့ကို စစ်ခုံရုံး အမှတ် ၁ မှာ ရုံးထုတ်ပါတယ်။ ခုံရုံး တရားသူကြီးဆိုတဲ့ ဒုတိယ ဗိုလ်မှူးကြီး အောင်ညွန့်က စစ်ဆေးမေးမြန်းပြီး တရားခံတွေကို ရုံးချိန်းလို့ ပြောရာမှာ တရားလို ထောက်လှမ်းရေး တာဝန်ရှိသူတွေက ထောင်တွင်းကို နေ့လယ် ၁ နာရီလောက်မှာ ပြန်သွင်းခဲ့ပါတယ်။ အဲဒီနောက် နေ့လယ် ၂ နာရီကျော်ကျော်မှာ ကျနော်တို့ကို စစ်ခုံရုံး ပြန်ထုတ်ခဲ့ ပြန်ပါတယ်။ တရားလိုတွေက တရားခံတွေကို ချက်ချင်း အမိန့်ချဖို့ ပြောတဲ့အတွက် ကျနော်၊ ကိုသန်းဇော်နဲ့ မိုးကျော်သူတို့ကို သေဒဏ် အမိန့် ချမှတ်ခဲ့ပါတယ်။

သေဒဏ်ကျခံပြီးနောက်မှာ ကျနော်တို့ အင်းစိန်ထောင် ကြိုးတိုက်မှာ နေခဲ့ရပါတယ်။ အဲဒီတုန်းက တော်ဘုရားလေး ဦးအောင်ဇေ၊ ဟံသာဝတီ ဦးဝင်းတင်၊ ကိုခွန်စိုင်း၊ ကိုရန်ကျော်၊ ကိုလှထွေး၊ ကိုဌေးညွန့်၊ ဦးဝင်းထိန်တို့နဲ့ နေထိုင်ခဲ့ရပြီး ဖြစ်စဉ် တွေကို ပြောပြခဲ့ပါတယ်။

အဲဒီနောက်မှာတော့ မြို့တော်ခန်းမ ဗုံးဖောက်ခွဲမှုနဲ့ ကိုကိုနိုင် (ကိုသန်းဦး) ရောက်လာတဲ့ အခါမှာ သန်လျင် ရေနံချက် စက်ရုံ ဗုံးခွဲတဲ့ ကိစ္စကို သူလုပ်ခဲ့တာလို့ ပြောပြပါတယ်။ ထောက်လှမ်းရေးတွေကိုလည်း ဝန်ခံခဲ့တဲ့ အကြောင်း၊ ဒါကို ထောက်လှမ်းရေး တွေက “မင်းပြောစရာ မလိုဘူး၊ ပြောရင် မင်းဆွေမျိုး အသိုင်းအဝိုင်းကို ဖမ်းပြီး ထောင်ချမယ်” လို့ ခြိမ်းခြောက်တဲ့ အကြောင်း ကျနော်တို့ကို ပြောပြပါတယ်။

အဲဒီတော့ “ဗုံးခွဲတာက လူသတ်တာလေ၊ ဘယ်သူက ကျနော် ဗုံးခွဲပါတယ်လို့ ပြောမှာတုန်း၊ ဘယ်သူက အာမခံမှာတုန်း၊ ကျနော် ဗုံးခွဲပါတယ်လို့ ဘယ်သူ ပြောမှာတုန်း…” လို့ ပြောခဲ့တဲ့ ဦးခင်ညွန့်ကို ကျနော်တခုတော့ ပြောပါရစေ။ စစ်အုပ်ချုပ်ရေး ကာလအတွင်း နဝတ အစိုးရရဲ့ လက်ထက် မှာရော၊ ၁၉၈၈ ခုနှစ် အရေးတော်ပုံ ကာလအတွင်းမှာရော ရဟန်း ရှင်လူ ကျောင်းသား ပြည်သူတွေကို သူပုန်တွေလို့ သတ်မှတ်ပြီး ပစ်သတ်ခဲ့တာ၊ လက်နက်ရှိသူတွေက လက်နက်မဲ့ ပြည်သူတွေကို အနိုင်ကျင့်ခဲ့တာ၊ ပြီးတော့ စစ်ဥပဒေ ခုံရုံးတွေ ဖွဲ့ပြီး ဥပဒေကဲ့သို့ အာဏာ တည်သော အမိန့် ဆိုတာတွေနဲ့ မဟုတ်လည်း … ဟုတ်၊ ဟုတ်လည်း … ဟုတ်၊ မဟေလည်း … သုတ်၊ ဟေလည်း … သုတ် လုပ်ခဲ့တဲ့ စစ်ခုံရုံး တရားစီရင်ရေးတွေ ထဲမှာ ပြိုင်ဆိုင်ခွင့် မရအောင် ဖြေရှင်းခွင့် မပေးခဲ့တာ တွေရဲ့ အဓိက တာဝန်ရှိသူက သူပါ … ငါပါလို့ ဟိုလူ့လွှဲချ၊ ဒီလူ့လွှဲချ လုပ်နေရုံနဲ့ ကျနော်တို့ ရင်ထဲက မမေ့နိုင်တဲ့ အမှန်တရားနဲ့ ခံစားခဲ့ရတဲ့ ဝေဒနာတွေက ပျောက်ပျက်သွားမှာ မဟုတ်ပါဘူး။

ပြည်သူကို အုပ်ချုပ်တဲ့ အစိုးရဟာ ပြည်သူလူထု အကျိုးကို မကြည့်ဘဲ အမှန် အမှားကို စဉ်းစားနိုင်စွမ်းမဲ့တဲ့ အပြုအမူတွေနဲ့ နိုင်ငံအကြီးအကဲ တဦး ပါးစပ်က “ငါတော့ မသိဘူးနော်…၊ သူတို့ လုပ်တာ” လို့ လက်လွတ်စပယ် ပြောဆိုတတ်တဲ့၊ နဝတ အုပ်ချုပ်ရေး ကာလမှာ ပါဝင်ခဲ့သူ အကြီးအကဲများနဲ့ ဦးခင်ညွန့်ကို ကျနော် မေးချင်တာလေးတွေ ရှိပါတယ်။

အဲဒါတွေကတော့ … ဗုံး မခွဲပဲနဲ့ လူသတ်သမား ဆိုပြီး ထောင်ချတာ ဘယ်သူတွေ အုပ်ချုပ်စဉ်ကလဲ၊ တိုင်းပြည်အရေး လုပ်ခဲ့တဲ့ ကျောင်းသား လူငယ်တွေကို လူသတ်သမားတွေ၊ ရာဇဝတ်မှု ကျူးလွန်သူတွေ၊ ဗုံးခွဲသူတွေ ဆိုပြီး သတင်းစာ ရှင်းလင်းပွဲတွေလုပ်၊ စာအုပ် အနီတွေ အပြာတွေနဲ့ ပြည်သူများကို ထင်မှတ်မှားအောင် လုပ်ကြံခဲ့တာ ဘယ်အစိုးရ အုပ်ချုပ်စဉ်က … ဘယ်သူတွေ စီစဉ်ခဲ့တာလဲ၊ တရားဥပဒေကို အမိန့်အာဏာနဲ့ ပြဋ္ဌာန်းပြီး စစ်ဥပဒေ ရုံးဖွဲ့ပြီး တရား ပြိုင်ဆိုင်ခွင့် မပေးဘဲ တရက်ပဲ ရုံးထုတ်၊ တရက်နဲ့ပဲ သေဒဏ်နဲ့ ထောင်ဒဏ်တွေ ချမှတ်ခဲ့တာရော ဘယ်အစိုးရခေတ်က အမိန့်နဲ့ ညွှန်ကြားချက်တွေလဲ ဆိုတာလေး မေးချင်တာပါ။ ဒီနေ့ ပွင့်လင်းစွာနဲ့ ဒီမိုကရေစီကို ပုံဖော်ဆောင်ရွက်နေတဲ့ ခေတ်မှာ ပြည်သူတွေ လွတ်လပ်စွာ မြင်တတ်ပါပြီ။ အရပ်စကားနဲ့ ပြောရရင် ပြည်သူတွေ အချဉ် မဟုတ်တော့ပါဘူး။

ပက်လက်လှန် ဓားမိုး၊ နားထင်ကို သေနတ်နဲ့ချိန်၊ လက်နောက်ပြန် လက်ထိပ်ခတ်ခံခဲ့ရတဲ့ အချိန်မှာ ၈၈ ရဲ့ ရဲရင့်တဲ့ စိတ်နဲ့ တံတွေး လှန်ထွေးရဲတဲ့၊ အမှန်တရားကို ဆုပ်ကိုင်သူတွေ ဖြစ်တဲ့၊ ခံစားခဲ့ရ သူတွေက ဒီနေ့အချိန်ကျမှ အနာဟောင်းကို ပြန်ဆွပြီး နောက်ကြောင်း ပြန်ပြနေတယ်လို့ မထင်စေချင်ပါဘူး။ ခံစားခဲ့ရသူတွေ ဖြစ်ပေမယ့် အားလုံးက အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ အညီ ရှေ့ကိုလျှောက်ပြီး ပြည်သူ့အရေးကို အကောင်းဆုံး ဖန်တီးချင်ကြတယ် ဆိုတာ ကျနော် ပြောရဲပါတယ်။

ကျနော် အကျဉ်းထောင်ထဲမှာ ၂၂ နှစ် ၃ လ နေခဲ့ရပြီး ၂၀၁၁ ခုနှစ် အောက်တိုဘာ ၁၂ ရက်နေ့က လွတ်မြောက်ခဲ့တဲ့နောက် အောက်တိုဘာ ၂၂ ရက်နေ့မှာ ကျနော်တို့ရဲ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက် တွေ့ဆုံ ခဲ့ပါတယ်။

အဲဒီ အချိန်မှာ အန်တီ ဒေါ်အောင်ဆန်းစုကြည်က “ဖြစ်ခဲ့တဲ့ မတရားခံစားရမှု အပေါ်မှာ ဒေါသထွက်သင့်ပါတယ်၊ အာဃာတ မရှိဘဲ သည်းခံ ခွင့်လွှတ်စိတ်နဲ့ ဆက်လက်ပြီး ရိုးသားခြင်း၊ ယုံကြည်ချက်တို့နဲ့ လုပ်ဆောင်ပါ” လို့ ကျနော့်ကို ပြောခဲ့ပါတယ်။

ကျနော်က ကိုယ်မကျူးလွန်ဘဲ တရားမဲ့စွာ ခံခဲ့ရတဲ့ ဖြစ်စဉ်အပေါ် ဘယ်လို ဆက်ဆောင်ရွက်ရမလဲလို့ မေးမြန်းတဲ့ အခါမှာတော့ အန်တီက “NLD ရှေ့နေတွေနဲ့ တိုင်ပင် ဆောင်ရွက်ဖို့ လိုအပ်တယ်။ အခုအချိန်မှာ ခွင့်လွှတ် သည်းခံ နိုင်တဲ့ မေတ္တာတရား ထားပြီး ရှေ့လုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ လိုတယ်” လို့ ပြောဆို ဆုံးမခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုဆုံးမမှု၊ ဦးဆောင်မှုအောက်မှာ ကျနော်ဟာ အခုလောလောဆယ် ကျရာ အခန်းကဏ္ဍ တွေမှာ ပါဝင်ဆောင်ရွက် နေပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အာဃာတ တရားကို ရှေ့တန်းမတင်ဘဲ တိုင်းပြည်အကျိုး၊ ပြည်သူ့ အကျိုးကို ဦးတည်ပြီး အနှိုင်းမဲ့တဲ့ မေတ္တာတရားနဲ့ သည်းခံစိတ် မွေးပြီး လုပ်ကိုင်ဆောင်ရွက်ဖို့ ညွှန်ပြခဲ့တာပါ။ ကျနော်တို့ ခေါင်းဆောင် ညွှန်ကြားခဲ့သလို ပေဖြစ်တုန်းက ခံခဲ့ရတာတွေကို ဘေးဖယ်ပြီး ကျနော် ကိုယ်လုပ်စရာရှိတဲ့ အလုပ်တွေကို ကျေကျေနပ်နပ် လုပ်နေတာပါ။

တကယ်တော့ ဒီအချိန် ဒီကာလ ရောက်သည် အထိ အမှန်တရား ဆိုတာ ကျနော့်ဘက်မှာ မရှိခဲ့ပါဘူး။

“ကျနော် မသိပါဘူး၊ အဲဒါဖြစ်တုန်းက ကျနော် မရှိပါဘူး” ဆိုတဲ့ ဦးခင်ညွန့်ရဲ့ စကားက မိုးကြိုးပစ်တာကို ထန်းလက်နဲ့ ကာနေသလိုပါပဲ။ ကျနော်ဆိုချင်တာက ဦးခင်ညွန့် တဦးတည်း၊ ထောက်လှမ်းရေး တဖွဲ့တည်း ဆိုတာထက်၊ အဲဒီအချိန်က အာဏာသိမ်းအစိုးရ ထိပ်ပိုင်း တာဝန်ရှိသူ အားလုံးအတွက် သမိုင်းဆိုတာ ဖျောက်ဖျက်ပစ်လို့ မရဘူး၊ လူထုရဲ့ ရိုးသားပြီး အေးငြိမ်းစွာ နေထိုင်လိုတဲ့ စိတ်တွေထဲမှာ ရှိတဲ့ ကိန်းဝပ်တဲ့ ဆန္ဒဟာ အမှန်တရားပါ။ အမှန်တရားကို လှီးလွှဲ ဖျောက်ဖျက်တာဟာ ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးနေသလိုပဲ၊ အနံ့ တထောင်းထောင်း ထနေတော့ ဘယ်လိုမှ ဖုံးကွယ်လို့ မရပါဘူး။

စစ်ထောက်လှမ်းရေးတွေ မင်းမူစဉ်ကာလက မှန်သည် ဖြစ်စေ၊ မှားသည် ဖြစ်စေ၊ ဟုတ်တာ မဟုတ်တာ ထား၊ တရားခံကို ဖော်နိုင်ရင် သူတို့ တာဝန်ကျေပြီ ဆိုတာရယ်၊ ရာထူးအခွင့်အရေး ရရှိဖို့ ဆိုတာတွေရယ်ကြောင့် အပြစ်မရှိဘဲ ဖမ်း၊ မတရား ညှဉ်းပမ်း နှိပ်စက်ပြီး အတင်းဝန်ခံခိုင်းတာ၊ အမှုဆင်ခဲ့ကြတာတွေ … ကျနော်တို့သာ မဟုတ်ဘူး၊ မြန်မာပြည် တဝှမ်းမှာ အများကြီးပါပဲ။ ဒီလို မတရား ဖမ်းဆီးပြီး ထောင်ချခဲ့ကြရတဲ့ သူတွေရဲ့ မိသားစုတွေဟာ စစ်အစိုးရ လက်ထက်မှာ အများကြီး ခံစားခဲ့ကြရပါတယ်။ ထိုခေတ် ထိုကာလရဲ့ အဓိက ပါတီကြီး ဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီဆို အဖွဲ့ချုပ် (NLD) ကို ဖြိုခွင်းဖို့၊ သိက္ခာချဖို့ နည်းမျိုးစုံနဲ့ ပါတီဝင်တွေကို စွပ်စွဲ ထောင်သွင်း အကျဉ်းချခဲ့တာတွေလည်း နေရာအနှံ့ ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့်တော့ ကျောင်းသား လူငယ်တွေကို ယူဂျီ (မြေအောက်လှုပ်ရှားသူ) လို့ စွပ်စွဲပြီး ဖမ်းဆီးခဲ့တာဟာ ပုဂ္ဂိုလ် တဦးတယောက် ဆိုတာထက်၊ အဖွဲ့အစည်း အားလုံးမှာ တာဝန်ရှိခဲ့တာပါ။

တကယ်တော့ အသွားစေခိုင်းသူ မင်းဧကရာဇ် ဘယ်သူ ဖြစ်ဖြစ်၊ လက်ရောက် ကျူးလွန်သူ သောနုထ္ထိုရ် ဆိုတာ ဘယ်သူပဲ ဖြစ်ဖြစ် အရေးမကြီးပါဘူး။ “တရားမဲ့စွာ ပြုမူကြတာ” ချင်းက အတူတူပဲမို့လို့ သူ့အပြစ်၊ ကိုယ့်အပြစ် လွှဲချမနေကြပါနဲ့တော့လို့ ကိုယ်တိုင် မကျူးလွန်ဘဲ ခံစား ပေးဆပ်ခဲ့ရတဲ့ ကျနော် ညီညီဦးက ပြောချင်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading