ရန်ကုန်မြို့နှင့် မိုင် ၉၀ခန့် အကွာရှိ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှ စစ်ကွင်းတာဆုံ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရအပြီး ပဲခူးရိုးမနှင့် ရန်ကုန်- ပြည်ကားလမ်းကြားရှိ ရွာများ ဆက်တိုက် စစ်ကြောင်းထိုးမီးရှို့ခံနေရပြီး ဒေသခံအမျိုးသမီး ၅ ဦးကို လည်း ဖမ်းဆီးထားကြောင်း စစ်ရေးသတင်းရင်းမြစ်များနှင့် ဒေသခံများထံကသိရသည်။
စစ်တပ်၏ နယ်မြေရှင်းလင်းရေးကို ပြည်ခရိုင် အင်းမမြို့ရှိ အမှတ် ၆၆ ခြေမြန်တပ်မဌာနချုပ် (တမခ ၆၆) တပ်မမှူး ဗိုလ်မှူးချုပ် ဝင်းသူလင်းက ကွပ်ကဲကာ စိန်ကန့်လန့် အခြေစိုက် ခလရ ၁ မှ အင်အား ၆၀၀ ကျော်ဖြင့် မင်းလှမြို့နယ်အတွင်း ရန်ကုန်- ပြည်ကားလမ်း အရှေ့ဘက် ရွာများကို ဖြန့်ခွဲကာ စစ်ကြောင်း ထိုးနေခြင်းဖြစ်သည်။
သာယာဝတီမြို့နယ် တော်လှန်ရေး နိုင်ငံရေး ဦးဆောင်အဖွဲ့ ဒုတာဝန်ခံ ကိုလူအေးက “ဇွန် ၁၆ ရက်တုန်းက တိုက်ပွဲမှာ စစ်တပ်က ရာထူးကြီးကြီးတွေပါ ကျသွားတော့ အခုလိုမျိုး ရွာတွေဝင်စီးပြီး အိမ်တွေ မီးရှို့ ဖိအားပေးတာပါ” ဟု ပြောသည်။
ပြီးခဲ့သည့် ဇွန် ၁၆ ရက် ညနေ ၄ နာရီခန့်က ရန်ကုန်- ပြည်လမ်းရှိ စစ်ကွင်းတာဆုံ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေး အင်အားစုများ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ၏ အုတ်ဖိုမြို့ နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဗိုလ်မှူး၊ ခရိုင်ရဲမှူး၊ မြို့မရဲစခန်းမှူး အပါအဝင် ၂၀ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း တော်လှန်ရေး အင်အားစု များက ထုတ်ပြန်ထားသည်။

ဒေသခံတဦးက “စစ်ကွင်းတာဆုံဂိတ်အပါ မင်းလှနယ်တိုက်ပွဲတွေကြောင့် ဇွန် ၂၀ ရက်ကနေ ၂၅ ရက်ထိ ဆက်တိုက် ရွာတွေကို မီးရှို့ဖျက်ဆီးတယ်။ အဲဒီကနေ ဇူလိုင် ၂ ရက် မနက်မှာ ပြန်ထွက်လာပြီးတော့ ဇရစ်မျှောင် နဲ့ရွှေပေါက်ပင်ရွာကို ဝင်စီးပြီးတော့ မီးရှို့တယ်။ ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း အဲဒီရွာတွေက မီးရှို့ခံထားရသေးတယ်။ အခု ကျန်နေတာတွေကို ထပ်ရှို့တာမို့ ရွာလုံးကျွတ်နီးပါး ကုန်ပြီ၊ ဇရစ်မျှောင်ရွာထဲမှာ ကျန်နေတဲ့ အမျိုးသမီး ၅ ယောက်ကိုလည်း စစ်သားတွေ ဖမ်းထားပါတယ်” ပြောသည်။
ဇရစ်မျှောင်နှင့် ရွှေပေါက်ပင်ရွာတို့ကို မီးရှို့ဖျက်ဆီးစဉ် ရွာအတွင်း ပုန်းခိုနေသူ ဇရစ်မျှောင်ရွာမှ မသင်းသင်းဦး၊ မပါပါ၊ မအသေး၊ မမိချို အပါအဝင် အမျိုးသမီး ၅ ဦးတို့ ဖမ်းဆီး ဇရစ်မျှောင်ဘုန်းကြီးကျောင်း၌ ထိန်းသိမ်းထားကြောင်း သိရသည်။
အလားတူ ဇွန် ၂၀ ရက်တွင် တောင်ပြတ်ရွာသစ်ရွာမှ အိမ် ၂၅ လုံး၊ ဇွန် ၂၂ ရက်တွင် ရွေးကုန်းရွာမှ အိမ် ၅ လုံး၊ ဦးတိုကျွဲ လမ်းစုရွာမှ အိမ် ၄ လုံး၊ ဇွန် ၂၃ ရက်တွင် ဗိုလ်တထောင်ရွာမှ အိမ်အလုံး ၂၀၊ ဆားချောင်းရွာမှ ၈ လုံး၊ ဆင်အိုင်ချောင်း ပေါက်ရွာမှ ၈ လုံး၊ ဂန့်ဂေါ်ပင်ရွာမှ ၅ လုံး၊ ငလှစမ်းရွာမှ အိမ်အလုံး ၅၀ ခန့်၊ ဇွန် ၂၄ ရက်တွင် စမ်းဘုတ်ရွာမှ အိမ် ၅ လုံး၊ ဇွန် ၂၅ ရက်တွင် ခွက်မရွာမှ ၁၅ လုံး၊ ကျွဲမကိုင်းရွာမှ အလုံး ၄၀ ခန့်အား စစ်တပ် မီးရှို့ခဲ့ကြောင်း မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီက အညာတန်း၊ စစ်ကွင်းတာဆုံ၊ တာကလေးရွာ ဒေါ်ဝင်းဌေး ဆန်စက်၊ စိန်ကန့်လန့် ခြေလျင်တပ်ရင်း ခလရ ၁ ဘောလုံးကွင်းမှ လက်နက်ကြီးများဖြင့် ကျေးရွာများသို့ ပစ်သဖြင့် မင်းလှမြို့နယ်အရှေ့ခြမ်းမှ ရွာပေါင်း ၄၀ ခန့်မှ ဒေသခံများ ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း ဒေသခံတဦးက ဆိုသည်။
စစ်တပ် CDM ဗိုလ်ကြီး ဇင်ယော်က “ပထမတော့ ပဲခူးတိုင်းအနောက်ခြမ်းက ငြိမ်သက်နေတာ နောက်ပိုင်း တော်လှန်ရေး အင်အားစုတွေလည်း ကြိုကြားကြိုကြား စီးနင်းတိုက်ခိုက်တာတွေ လျှပ်တပြက် တိုက်ခိုက်တာတွေ ရှိခဲ့တယ်၊ အဲဒီလို အခြေအနေတွေကြောင့် စစ်တပ်ဘက်ကလည်း စီမံချက်နဲ့ ပြန်ပြီးတော့ နယ်မြေရှင်းလင်းရေးတွေ လုပ်တယ်။ အခုလို နယ်မြေရှင်းလင်းရေးတွေလုပ်တာက ပဲခူးရိုးမ အရှေ့ခြမ်းနဲ့ အနောက်ခြမ်းနဲ့ကို ပေါင်းစပ်မှာစိုးလို့ စစ်တပ်က မြေပြင် စစ်ကြောင်းတွေ ထိုးနေတာမျိုးပဲ” ဟု သုံးသပ်ပြောဆို သည်။
လက်ရှိအချိန်၌ စစ်ကောင်စီသည် ပဲခူးတိုင်း အနောက်ခြမ်းရှိ ဧရာဝတီမြစ်အနောက်ဘက်နှင့် အရှေ့ဘက် စစ်မျက်နှာနှစ်ခု ရင်ဆိုင်နေရကာ မြစ်အရှေ့ ခြမ်း စစ်ဆင်ရေးတာဝန်များကို တောင်ငူအခြေစိုက် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်(တပခ)မှ ဒုတိုင်းမှူး ဦးဆောင်နေ သလို မြစ်အနောက်ဘက်ကမ်း ဧရာဝတီတိုင်းနှင့် ဆက်စပ်နေသည့် ပန်းတောင်၊ ညောင်ကျိုးဘက် ထိ ပြည် ဒကစမှူး ကိုယ်တိုင်ဦးစီး၍ စစ်ရေးဖော်ဆောင်လျက်ရှိကြောင်း စစ်တပ် CDM အသိုင်းအဝိုင်းမှ သိရသည်။
လက်ရှိအချိန်တွင် ပဲခူးတိုင်းအနောက်ခြမ်းရှိ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်အတွင်း တော်လှန်ရေး အင်အားစု များနှင့် စစ်တပ်ကြား စစ်ရေးတင်းမာနေဆဲဖြစ်သလို မင်းလှမြို့နယ်တွင်း၌လည်း ထိတွေ့တိုက်ပွဲများ ဖြစ်ပွားမှု များ ရှိနေကြောင်း သိရသည်။
You may also like these stories:
ပေါက်ခေါင်းတိုက်ပွဲအပြီး ရိုးမဖြတ်လမ်းများ စစ်ကောင်စီ ဖျက်ဆီး
စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ










