မြစ်ဆုံအပါအဝင် ကြီးကျယ်သည့် စီမံကိန်းကြီးများနှင့် ပတ်သက်၍ ပြည်သူလူထုအနေဖြင့် အမြင် ကျယ်ရမည် ဖြစ်သလို အစိုးရတရပ် အနေဖြင့်လည်း စကားတည်ဖို့ လိုအပ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ယနေ့ကျင်းပသည့် ပြည်မြို့လူထုတွေ့ဆုံပွဲတွင် ပြောသည်။
ယနေ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း ပြည်ခရိုင်နှင့် သာယာဝတီ ခရိုင်တို့သို့ သွားစဉ် လူထုဖြင့် တွေ့ဆုံရာတွင် ထိုသို့ ပြောဆိုခြင်းဖြစ်သည်။
စီမံကိန်းကြီးများနှင့် ပတ်သက်၍ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ သဘာဝပတ်ဝန်းကျင်းစသည့် ရှုထောင့်လေးခုမှကြည့်ကာ အစိုးရတရပ် အနေဖြင့် တာဝန်သိစွာ ဆောင်ရွက်သွားမည် ဖြစ်ပြီး ချမှတ် ခဲ့သည့် ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍လည်း ဘာ့ကြောင့်ဆုံးဖြတ်ရသည်ကို ပြည်သူထံ တင်ပြမည် ဖြစ်ကြောင်း ၎င်းကပြောခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က “ မြစ်ဆုံ စီမံကိန်းနဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ်၊ ဘယ်လိုပဲ ကြီးကျယ်တဲ့ စီမံကိန်းကြီး တွေနဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ် ကျမတို့ ပြည်သူလူထုဟာ အမြင်ကျယ်ကျယ်နဲ့ အဖက် ဖက်ကနေ စဉ်းစားစေချင်ပါတယ်။ ကျမတို့ နိုင်ငံရဲ့ ဂုဏ်သိကာအတွက်၊ ကျမတို့နိုင်ငံကို ကမ္ဘာက ယုံကြည်မှုရဖို့အတွက် ကျမတို့က စကားတည်ဖို့လိုတယ်နော်” ဟု ပြောသည်။
စစ်အစိုးရ လက်ထက်က တရုတ်နိုင်ငံနှင့် သဘောတူ လက်မှတ်ရေးထိုးခဲ့သည့် မြစ်စုံစီမံကိန်းသည် ဧရာဝတီမြစ်ကြီး၏ မြစ်ဖျားခံရာ ကချင်ပြည်နယ်ရှိ မေခနှင့် မလိခ မြစ်နှစ်စင်း ဆုံရာတွင် တည် ဆောက်မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံ(မြန်မာကျပ်ငွေ ၅.၅ ထရီလီယံခန့်) တန်ဖိုးရှိ စီမံကိန်းကြီးဖြစ်သည်။
ယင်းစီမံကိန်းအား ဦးသိန်းစိန်အစိုးရလက်ထက်တွင် ဆိုင်းငံ့ခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD အစိုးရ လက်ထက်တွင် စီမံကိန်းစတင်ရန် တရုတ်ဘက်မှ ဖိအားပေးမှုများ ပြန်လည်မြှင့်တက်လာခဲ့သည်။
ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့ကလည်း ကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) မှ ကိုယ်စားလှယ် များအား တရုတ်နိုင်ငံ ရွှေလီမြို့သို့ ဖိတ်ခေါ်ကာ မြစ်ဆုံစီမံကိန်းအား လက်ခံရန် ယူနန်ပြည်နယ် ခေါင်းဆောင်များက ဖိအားပေးပြောဆိုခဲ့ကြောင်း KBC ဘက်က ထုတ်ဖော်ပြောကြားခဲ့သည်။
၂၀၁၈ ခုနှစ်ဒီဇင်ဘာလ အတွင်းက မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စတာ ဟုန်လျံ၏ ကချင် ခရီးစဉ်တွင်လည်း မြစ်ဆုံ စီမံကိန်းအား ဒေသခံများက မကန့်ကွက်ကြောင်း အငြင်းပွားဖွယ်ရာပြောဆို ခဲ့သလို သမ္မတ ရှီကျင့်ဖျင်၏ အမှတ် တဆိပ် နိုင်ငံခြားရေးမူဝါဒဖြစ်သည့် ခေတ်သစ်ပိုးလမ်းမ(BRI) အောက်မှစီမံကိန်းများအား အကောင်းအထည် ဖော်ရန် မြစ်ဆုံစီမံကိန်းအား လိုအပ်ကြောင်းလည်း ပြောခဲ့သည်။
၎င်း၏ ပြောကြားချက် များကြောင့် မြစ်ဆုံ စီမံကိန်းအပေါ် ပြည်သူများ ပြန်လည် အာရုံစိုက်လာခဲ့ပြီး စီမံကိန်း ဖျက်သိမ်းရေး အတွက် ပြည်သူအချို့က ဆန္ဒထုတ် ဖော်တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသော် လည်း NLD အစိုးရအနေဖြင့် ယနေ့အထိ စီမံကိန်း ဆက်လုပ်မလုပ်ကို တိကျစွာ သဘောထားထုတ် ဖော်ခြင်းမရှိသေးပေ။
ပြည်မြို့လူထုနှင့် တွေ့ဆုံရာတွင် “ယခင်တုန်းက စတင်ခဲ့တဲ့ စီမံကိန်းကြီးတွေကို ကျမတို့အစိုးရ တက် ပြီး ဘယ်ဟာမှ ဂရုမစိုက်တော့ဘူး၊ လုပ်ချင်ရာ လုပ်မယ် ပြောလို့မရပါဘူး။ အဲ့ဒီလိုလုပ်ရင် ဒီနိုင်ငံဟာ ဘယ်တော့မှ အားကိုးရတဲ့ နိုင်ငံ မဟုတ်တော့ဘူး။ အစိုးရ တခုတက်ရင် တမျိုး၊ ငါတို့ ဒီနိုင်ငံမှာ ဘာမှ မလုပ်တာပဲကောင်းတယ်ဆိုတဲ့ စိတ်ဓာတ်တွေ ကမ္ဘာကြီးမှာဖြစ်သွားလို့ရှိရင် ကျမတို့ နိုင်ငံကို ထိခိုက် တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ထပ်မံပြောကြားသည်။
ထို့ပြင် အစိုးရအနေဖြင့်လည်း ဆုံးဖြတ်ချက်များအား ဘာကြောင့်ချခဲ့ရသည်ကို ပြည်သူထံတင်ပြရ မည်မှာ နိုင်ငံံရေးတွင် တာဝန်ယူထား သူတိုင်း၏ ဝတ္တရားပင်ဖြစ်ပြီး အမှန်အကန် အကျိုးရှိမည်ဟု ယူဆပါကလည်း အမုန်းခံလုပ်ရဲရမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။
ယခုအခါ ဒေါ်အောင်ဆန်းစုကြည်သည် သာယာဝတီမြို့တွင် လူထုနှင့်ဆက်လက် တွေ့ဆုံလျှက်ရှိသည်။