၂၀၁၉ ခုနှစ်အတွက် ပြည်သူ့ ဂုဏ်ရည် ဆုကို မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီ ရွေးချယ်ခံရကြောင်း သိရသည်။
အဆိုပါ ၁၀ကြိမ်မြောက် ပြည်သူ့ ဂုဏ်ရညဆု ရွေးချယ်ခံရခြင်းနှင့် ပတ်သက်၍ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က “မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင်များ၊ ဝန်ထမ်းများနဲ့ စည်ပင် နဲ့ ပူးပေါင်း ပေးကြတဲ့ ပြည်သူများ၊ အုပ် ချုပ်ရေးမှူးများရဲ့ ကြိုးစားအားထုတ်မှုကြောင့် ရတာပါ။ အစိုးရဌာနတစ်ခုရဲ့ ကြိုးစားပြုပြင်ပြောင်လဲပေးခဲ့တာတွေကို အသိအမှတ်ပြု ဂုဏ်ပြု ဆုချီးမြှင့်ပေးတဲ့ ပြည်သူ့ဂုဏ်ရည်အသင်းကို အထူးကျေးဇူးတင်ပါတယ်”ဟု ၎င်း၏ Facebook တွင် ရေးသားထား သည်။
အဆိုပါဆုကို ဧပြီလ ၆ရက်နေ့ ညပိုင်းက အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ် ဖီးနစ်မြို့တွင် ကျင်းပသည့် ၁၀ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု(၂၀၁၉) ဆုကြေငြာ ချီးမြှင့်ပွဲ၌ ဆုကြေညာ ချီးမြှင့်ခံ ခဲရခြင်းဖြစ်သည်။
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ရရှိခြင်းသည် ပြည်သူဂုဏ်ရည်ဆုကိုရရှိသည့် ပထမဆုံးသော အစိုးရဌာန ဖြစ်ပြီး၊ လက်ရှိ အစိုးရလက်ထက် ၃နှစ်အတွင်းမန္တလေးမြို့တော်ကို သိသိသာသာပြောင်းလဲခြင်းများ ဆောင်ရွက်ပေးနိုင်မှု များကြောင့် ပြည်သူ့ဂုဏ်ရည်ဆုကို ချီးမြှင့်ခံရခြင်းဖြစ်သည်ဟု သိရသည်။
ပြည်သူ့ဂုဏ်ရည်ဆု ၂၀၁၉ ခုနှစ်အတွက် အဆိုပြုထားသော အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ် အမည်စာရင်း မှာ အသင်း၏ အခြေခံမူများနှင့် စိစစ်ကာ ဆုရွေးချယ်ရေး အဆင့်များဖြင့် ဆောင်ရွက်ပြီး ပြည်သူ့ ဂုဏ်ရည်ဆုရှင် ရွေးချယ်ခြင်း နောက်ဆုံးအဆင့်ကို ၂၀၁၉ ခုနှစ် မတ်လ ၁၇ ရက်တွင် ပြုလုပ်ခဲ့ခြင်းဟု သိရသည်။
ပြည်သူ့ဂုဏ်ရည်ဆုကို မြန်မာနိုင်ငံမှ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အပါအဝင် ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်ကိုလည်း ပြည်သူ့ဂုဏ်ရည်အသင်း အလုပ်အမှုဆောင်အဖွဲ့က ပြည်သူ့ ဂုဏ်ရည်ဆုပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့အပြင် ပြည်သူ့ဂုဏ်ရည် (အထူးဆု) ဆုရှင်များကိုလည်း ရွေးချယ်ချီးမြှင့်ခဲ့ရာ မဆွတ်ဆိုင်းထွယ်၊ ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်၊ ဒေါ်အိအိညိမ်းနှင့် အမှိုက်သန့်ရှင်းရေး၊ပြည်သူလူထု စည်းကမ်းမဲ့ အမှိုက် မစွန့်ပစ်အောင် လှုံဆော်ပေးနေသည့် Clean Yangon Campaign တို့လည်း ရရှိခဲ့ကြသည်။
၁၀ ကြိမ်မြောက်ချီးမြှင့်သည့် ပြည်သူ့ဂုဏ်ရည်ဆုရသူများမှာ လူမှုအဖွဲ့အစည်းအတွင်း အကျိုးပြုခဲ့ သူများ၊ အမှန်တရား အတွက် ရာထူးကို မငဲ့ကွက် အမှတ်တရားအတွက် ရပ်တည်ခဲ့ကြသူများ၊ လူမှုဘဝပတ်ဝန်းကျင်အား ရလဒ်ကောင်းများ ဖန်တီးပေးခဲ့ကြသူများဟု သိရသည်။
ပြည်သူ့ဂုဏ်ရည်ဆုရှင်နှင့် အထူးဆုရှင်များအတွက် ဂုဏ်ပြုဆုငွေနှင့် ဆုတံဆိပ်များကို ဧပြီလ ၂၈ ရက်နေ့တွင် မန္တလေးမြို့ Mandalay Convention Center ၌ ပေးအပ်သွားမည်ဟု သိရသည်။
ပထမဆုံးသော ပြည်သူ့ဂုဏ်ရည် ဆုရှင်မှာ ရုပ်ရှင်မင်းသားကြီး ဦးကျော်သူဖြစ်ပြီး၊ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တွင် ရန်ကုန်မြို့မွတ်စလင် ကုသိုလ်ဖြစ် ဆေးရုံမှ ရရှိခဲ့သည်။