နိုင်ငံတနိုင်ငံမှာ သယံဇာတပေါများတာဟာ ယေဘုယျအားဖြင့် ကောင်းတယ်လို့ ပြောနိုင်ပေမယ့် စီမံခန့်ခွဲမှု မှန်ကန်မှုမရှိခဲ့ရင် သယံဇာတက ရလာတဲ့ အကျိုးအမြတ်ကို ပြည်သူတွေ မခံစားရနိုင်ပါဘူး။ သိကြတဲ့အတိုင်း ကျမတို့ မြန်မာနိုင်ငံဟာ သယံဇာတပေါကြွယ်ဝပေမယ့် တဖက်က စီမံကိန်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေကို ပြည်သူတွေ တွေ့ကြုံနေရဆဲပါ။
ဆားလင်းကြီး မြို့နယ်ထဲက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဟာ ခုထိတိုင် ဒေသခံတွေရဲ့ ကန့်ကွက်မှု တွေ့ကြုံနေရဆဲ စီမံကိန်း ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် မတ်လ ၁၁ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ လက်ပံတောင်း တောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာ ထွက်ပေါ်လာခဲ့ပါတယ်။ အစီရင်ခံစာထဲမှာ သဘာဝပတ်ဝန်းကျင် မထိခိုက်စေတဲ့ စံချိန်စံညွှန်းတွေနဲ့ စီမံကိန်းကို ဆက်လက်လုပ်ကိုင်ဖို့၊ ဒေသခံတွေကို ကာလပေါက်ဈေး အတိုင်း မြေယာလျော်ကြေး ပေးဖို့၊ ဒေသတွင်းမှာ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေ လုပ်ကိုင်နိုင်တဲ့ အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ ပါဝင်ပါတယ်။
ဒါပေမယ့် အစီရင်ခံစာကို လက်တွေ့ အကောင်အထည်ဖော်မှု အပိုင်းမှာ အားနည်းခဲ့သလို လေ့လာစောင့်ကြည့်မှုတွေ လုံလုံလောက်လောက် မလုပ်နိုင်ခဲ့ပါဘူး။ မြေယာလျော်ကြေး ဆိုရာမှာလည်း ကာလတန်ဖိုးအတိုင်း တူတူတန်တန် ရခဲ့တာ မဟုတ်ပါဘူး။ တဧကကို ၁၀ သိန်း၊ ၁၅ သိန်းလောက်ပဲ ပေးတာ ရှိသလို သီးနှံလျော်ကြေးနဲ့မှ သိန်း ၂၀ ထက် ပိုမရဘူးလို့ သိရပါတယ်။ ဒေသခံတွေက သူတို့ ဓားမဦးချ နေထိုင်လုပ်ကိုင် စားသောက်ခဲ့တဲ့ မြေယာတွေကို မစွန့်လွှတ်ချင်တဲ့ အခါ တင်းမာမှုတွေ တိုးလာခဲ့ပါတယ်။
၂၀၁၄ ခုနှစ် ဒီဇင်ဘာလထဲမှာ မြေယာလျော်ကြေး ယူမထားတဲ့ လယ်ယာမြေပေါ် ဝမ်ပေါင်ကုမ္ပဏီဘက်က သံဆူးကြိုးခတ်တာကို တားဆီးရင်း လယ်သူမကြီး ဒေါ်ခင်ဝင်းဟာ ရဲတပ်ဖွဲ့က ပစ်ခတ်တဲ့ ကျည်ဆံထိမှန် သေဆုံးခဲ့ရတာ ဝမ်းနည်းစရာပါ။ အခုထက်ထိ ဒေါ်ခင်ဝင်းသေဆုံးမှု အတွက် ဘယ်သူ့မှာ တာဝန်ရှိသလဲ ဆိုတာ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိသေးပါဘူး။ မြေယာတွေကို အပြီးတိုင် စွန့်လွှတ်ကြောင်း လက်မှတ်ထိုးခိုင်းလို့ မြေယာလျော်ကြေး မယူတာလို့ သေခံတွေက ဆိုပါတယ်။
“သူတို့က မြေယာတွေကို လျော်ကြေးတွေ ပေးတယ် ဆိုပြီး ၁၀ သိန်း ပေးတယ်၊ အဲ့ဒီ ၁၀ သိန်းထုတ်တဲ့လူတွေနဲ့ စာချုပ်မှာ ကြည့်လိုက်တဲ့ အခါကျတော့ သားစဉ်မြေးဆက် အထိ စွန့်လွှတ်ကြောင်း ဆိုပြီးတော့ စာချုပ်မှာ လက်မှတ် ထိုးခဲ့ရတယ်။ အဲ့ဒီ သားစဉ်မြေးဆက် အထိ စွန့်လွှတ်ကြောင်း လက်မှတ်ကိုတော့ ကျမတို့ အနေနဲ့ လုံးဝဒါမျိုး လက်မှတ်မထိုးနိုင်ဘူး ဆိုပြီးတော့ ဒီနေရာကိုလည်း ရောင်းမစားနိုင်ဘူး” လို့ ဒေသခံ တောင်သူအမျိုးသမီး တယောက်က ပြောပြပါတယ်။ (ကိုးကား- VOA မြန်မာပိုင်း ဖေဖော်ဝါရီ ၂၂ ရက် ထုတ်လွှင့်ချက်)
မိုးကြိုးပြင်ရွာ၊ တုံရွာနဲ့ ဆည်တည်းရွာဟောင်းတို့က တောင်သူတချို့ဟာ မြေယာလျော်ကြေး ယူမထားဘူး လို့ သိရပါတယ်။ ဝမ်ပေါင်ကုမ္ပဏီ အတွက် ကျောက်သယ်ယူတဲ့ ကားတွေ ဖြတ်သန်းသွားလာမှုကြောင့် လမ်းတလျှောက် အန္တရာယ်များ သလို ဆားလင်းကြီး မြို့နယ်ထဲက မင်းတောရွာမှာ ကျောက်ထုတ်ယူမှုကြောင့် ရွာသားတွေ စိုက်ပျိုးခဲ့တဲ့ သီးနှံတွေ ပျက်စီးခဲ့ရပါတယ်။ ကျောက်သယ်ယူတဲ့ ကားတွေ ရာနဲ့ချီ ဖြတ်သန်းသွားလာနေမှုကို မိုးကြိုးပြင် ရွာသားတွေက ကန့်ကွက်ကြလို့ တင်းမာမှုတွေ ဖြစ်ခဲ့ရတာပါ။ ထုတ်ယူတဲ့ ကျောက်တကျင်းအတွက် ဝမ်ပေါင်ကုမ္ပဏီက ကျပ်ငွေ ၃၀၀ နှုန်း ပေးတယ် လို့ ဆိုပေမယ့် မရရှိသေးလို့ မင်းတောဒေသခံတွေက ဆိုပါတယ်။
ဖေဖော်ဝါရီ ၂၁ ရက်နေ့က စပြီး မိုးကြိုးပြင် အလယ်ရွာမှာ ကြေးနီ သယ်ဆောင်လာတဲ့ ကားတွေကို ဒေသခံတွေက တားဆီးမှုတွေ ဖြစ်ခဲ့ပြီး ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ညှိနှိုင်းမှုတွေ ပြုလုပ်ပြီးတဲ့နောက် တားဆီးမှုကို ဆိုင်းငံ့ခဲ့ကြ ပါတယ်။ စဉ်းစားရမယ့် အချက်က ရေရှည် အဆင်ပြေအောင် ဘာတွေ ဆောင်ရွက်ရမလဲ ဆိုတာ ထည့်သွင်း တွက်ချက်မှု မရှိခဲ့ရင် တင်းမာမှုတွေ မကြာခဏ ဖြစ်နိုင်တယ် ဆိုတဲ့ အချက်ပါပဲ၊ တင်းမာမှုတွေ ဖြစ်ပေါ်လာတိုင်း ဒေသခံတွေဘက်က နစ်နာချက်တွေပေါ် မူတည်ပြီး မှန်မှန်ကန်ကန် ဖြေရှင်းပေးဖို့ မကြိုးစားခဲ့ရင် “ယုံကြည်မှု” ပျောက်ဆုံးသွား နိုင်ပါတယ်။
ဖေဖော်ဝါရီ ၁၁ ရက်နေ့ကလည်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (Amnesty International) က “ဒုက္ခတောင်တန်း” လို့ အမည်ရတဲ့ အစီရင်ခံစာ တစောင်ထုတ်ပြန်ခဲ့ပါတယ်။ အစီရင်ခံစာထဲမှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် လူပေါင်း ထောင်ချီပြီး နေရာရွှေ့ပြောင်းခံခဲ့ရတာ၊ လယ်ယာမြေ ဆုံးရှုံးခဲ့ရတာ၊ လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရတာတွေကို ထောက်ပြ ပြောဆိုထားတာပါ။ ဒါကြောင့် ဒီစီမံကိန်းကို ရပ်ဆိုင်းပစ်သင့်တယ် လို့ Amnesty က တိုက်တွန်းထားပါတယ်။
ဒါပေမယ့် လွှတ်တော်မှာ ဒီစီမံကိန်းကနေ အမေရိကန်ဒေါ်လာ သန်း ၂၀ ဝင်ငွေရခဲ့ပြီ လို့ ထုတ်ဖော် ပြောဆိုခဲ့တာ ကြောင့် စိမံကိန်းက ရလာတဲ့ ဝင်ငွေတွေကို ဘယ်လို အကျိုးရှိရှိ သုံးမလဲ လို့ ဒေသခံတွေ သိခွင့်မရှိဘူးလား လို့ တွေးမိပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဟာ ဒေသခံတွေရဲ့ သဘောတူညီမှု မပါရှိဘဲ စစ်အစိုးရလက်ထက်က ချုပ်ဆိုခဲ့တဲ့ စာချုပ်ပါ။ စာချုပ်ကို ပြင်ဆင်ချုပ်ဆိုခဲ့ ပေမယ့် စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အကြံပြုချက်အတိုင်း မလိုက်နာမှုတွေကိုလည်း ထိရောက်တဲ့ အရေးယူမှု မပြုလုပ်တာဟာ အစိုးရသစ်ကို မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။
ဒီနေရာမှာ အလျဉ်းသင့်လို့ “ဌာနေတိုင်းရင်းသား လူမျိုးများနှင့် ဌာနေတိုင်းရင်းသားလူမျိုးများ အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ ကြေညာစာတမ်း” ထဲက တချို့အချက်တွေကို ကောက်နုတ် ပြောပြချင်ပါတယ်။
“ကျွန်ုပ်တို့၏ စစ်မှန်သော သဘောထားများ မပါဘဲ ကျွန်ုပ်တို့အား လယ်မြေများပေါ်မှ ရွှေ့ပြောင်းခိုင်း လို့ မရပါ။ ကျွန်ုပ်တို့၏ လယ်မြေများအား နောင်လာနောင်သားများ ထံသို့ လက်ဆင့်ကမ်းပေးရမည်။”
“လွတ်လပ်စွာ သတင်းအချက်အလက် ကြိုတင်ရယူခြင်းနှင့် မည်သည့် ဖိအားပေးမှုမှ မပါသော ဆန္ဒအလျောက် သဘောထား တူခြင်း မပါဘဲ ကျွန်ုပ်တို့၏ လယ်မြေများပေါ်တွင် အန္တရာယ် ဖြစ်စေနိုင်သည့် မည်သည့် ပစ္စည်းကိုမျှ မထားရ။”
“အကယ်၍ အန္တရာယ်ဖြစ်စေနိုင်သည့် ပစ္စည်းများအား ကျွန်ုပ်တို့လယ်မြေများပေါ်တွင် ထားရှိပါက ကျွန်ုပ်တို့၏ ကျန်းမာရေး အတွက် အစိုးရမှ တာဝန်ယူထောက်ပံ့ပေးရမည်” လို့ ပါရှိပါတယ်။
လက်ရှိအချိန်မှာ လက်ပံတောင်းတောင်ဒေသမှာ လယ်ယာမြေတွေပေါ် စီမံကိန်းက ထွက်ရှိလာတဲ့ စွန့်ပစ်မြေစာ တွေက ဒေသခံတွေရဲ့ လယ်ယာမြေတွေကို ထိခိုက်စေသလို စီမံကိန်းက ထွက်လာတဲ့ အမှုန်အမွှားတွေမှာ အသက်ရှုလမ်းကြောင်း ဆိုင်ရာ ရောဂါတွေ ဖြစ်စေတဲ့ PM10 အမှုန်တွေ ပါဝင်နေပါတယ်။ အန္တရာယ်ဖြစ်စေတဲ့ ပစ္စည်းတွေ ထားရှိတာကို ခွင့်ပြုခဲ့ရင်တောင်မှ ဒေသခံတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတာမျိုး မဖြစ်စေသင့်ပါဘူး။ မြေယာလျော်ကြေးယူခြင်း၊ မယူခြင်းကိစ္စဟာ ဒေသခံတွေရဲ့ ဖိအားပေးမှုမပါတဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပဲ ဖြစ်သင့် ပါတယ်။
စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အကြံပြုချက်တွေကိုသာ တိတိကျကျ လိုက်နာခဲ့ရင် တင်းမာမှုတွေ ပြေလျော့သွားမှာ ပါ။ အကြံပြုချက်တွေ အတိုင်း စီမံကိန်း လုပ်ဆောင်သူတွေဘက်က လိုက်နာလာအောင် Law Enforcement လို့ ခေါ်တဲ့ ဥပဒေ အသက်ဝင်မှု ရှိရမှာပါ။ သဘာဝပတ်ဝန်းကျင် စံချိန်စံညွှန်းတွေနဲ့ ဆန့်ကျင်တဲ့ ဘယ်လိုစီမံကန်းကိုမှ ပြည်သူတွေက “ယုံကြည်” မှာ မဟုတ်ပါဘူး။
လက်ပံတောင်းဒေသမှာ ဖွံ့ဖြိုးတိုးတက်ဖို့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါများလာဖို့ လုပ်ဆောင်သွားရမှာပါ။ ဥပဒေ ချိုးဖောက်နေသူတွေကို ဥပဒေကို လေးစားလိုက်နာလာအောင် ပြည်သူ့အစိုးရဘက်က စွမ်းဆောင်ပေးနိုင်မှသာ လက်ပံတောင်းပြဿနာကို မှန်ကန်မျှတစွာ ဖြေရှင်းနိုင်မှာ ဖြစ်ပါကြောင်း သုံးသပ်ရေးသားလိုက်ရပါတယ်။ ။
(သွေး(စစ်ကိုင်း)သည် ရန်ကုန်အခြေစိုက် အမျိုးသမီး စာရေးဆရာတဦး ဖြစ်သည်)