ပညာရေးပြုပြင်ပြောင်းလဲမှု ဘာကြောင့် အလွန်အရေးပါရသလဲ

Brandon Aung Moe
ပညာရေးစနစ်က နောက်ကျနေရသည့်အပြင် ကျောင်းနေအရွယ် ကလေးငယ်များ လဘက်ရည်ဆိုင်အပါအဝင် လုပ်ငန်းခွင်များတွင် ဝင်ရောက် အလုပ်လုပ်နေရဆဲ ဖြစ်သည် / Reuters
Want create site? Find Free WordPress Themes and plugins.

ကျနော့်ကို မြန်မာနိုင်ငံ ပဲခူးတိုင်းအတွင်း ရှိမြို့ငယ်လေးတခု ဖြစ်သည့် ကညွတ်ကွင်းတွင် မွေးဖွားခဲ့ပါသည်။ စင်ကာပူနိုင်ငံ တွင် ပညာသင်ကြားရန် အတွက် ၂၀၀၅ ခုနှစ်တွင် မြန်မာနိုင်ငံမှ ကျနော်ထွက်ခွာခဲ့ပါသည်။ မြန်မာနိုင်ငံ အခြေစိုက် သုတေ သန နှင့် အတိုင်ပင်ခံလုပ်ငန်းတခု ဖြစ်သည့် Consult-Myanmar တွင် သုတေသန အရာရှိအဖြစ် တာဝန်ထမ်းဆောင်ရန် ရန်ကုန်သို့ ကျနော်ပြန်သွားသည့်အခါ လမ်းများ ပိုကျပ်လာသည်ကို ကျနော် သတိထားမိသည်။ ယာဉ်ကျောပိတ်ဆို့မှုက ပိုမိုဆိုးရွားလာသည်။ မြို့လယ်တွင် အထပ်မြင့် အဆောက်အဦး ပိုများလာသည်။ ရန်ကုန်တွင် နိုင်ငံခြားသားများလည်း ပိုများလာသည်။ သို့သော်လည်း မြန်မာနိုင်ငံ၏ အချို့ကဏ္ဍများတွင် ပြောင်းလဲမှုမရှိသည်ကိုလည်း ကျနော် သတိပြုမိပါ သည်။ ၎င်းတို့ထဲတွင် ပညာရေး အရည်အသွေး ချို့တဲ့ခြင်းကလည်း တခုအဖြစ်ကျန်နေပြီး မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး တွင် သက်ရောက်မှုများ ရှိသည်ကို တွေ့ရသည်။ လူမှုရေးနှင့် စီးပွားရေး ၂ ခုလုံးတွင် ဖြစ်သည်။

အမေရိကန်နိုင်ငံ၏ အရေးယူပိတ်ဆို့မှုများကို ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် ပယ်ဖျက်ပေးခဲ့သော်လည်း မြန်မာနိုင်ငံ၏ စီးပွားရေးက အမြင့်သို့တက်နိုင်ရန် အခက်အခဲများ နှင့် ရုန်းကန်နေရဆဲဖြစ်သည်။ ၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ပြီးဆုံးခဲ့သော ဘဏ္ဍာရေး နှစ် အတွင်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက ယခင် ဘဏ္ဍာရေး နှစ်ထက်စာလျှင် ၃၀ ရာခိုင်နှုန်းလျော့ကျခဲ့သည်ဟု ခန့်မှန်းရသည်။ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုများက ရေနံနှင့် သဘာဝဓာတ်ငွေ့ကဲ့သို့သော သဘာ ဝ အရင်းအမြစ် ထုတ်ယူသည့် လုပ်ငန်းများတွင်သာ အလေးပေးနေဆဲ ဖြစ်သည်။ ရင်းနှီးမြှုပ်နှံသည့်နေရာ အမျိုးအစား စုံလင်ရေး အတွက် ခိုင်မာသော အစီအစဉ်တရပ်ကို မမြင်ရသေးပါ။

မှားယွင်းသော စီးပွားရေးစီမံခန့်ခွဲမှုနှင့် ရင်းနှီးမြှုပ်နှံမှု နည်းပါးခြင်းကို နှစ်ပေါင်း ၅၀ နီးပါးမျှ ရင်ဆိုင်ခဲ့ရပြီးနောက် မြန်မာ နိုင်ငံ၏ အခြေခံ အဆောက်အဦးသည် တိုးတက်လာနေသော လူဦးရေနှင့် စက်ရုံများ နှင့် အိမ်ခြံမြေများတွင် နိုင်ငံခြား ရင်း နှီးမြှုပ်နှံမှု များပြားလာခြင်းတို့ကြောင့် မနိုင်ဝန် ထမ်းနေရသည်။ အားလုံး၏ လိုအပ်ချက်မှာ လျှပ်စစ်ဓာတ်အားပိုမို ရရှိရေး နှင့် ကောင်းမွန်သော အခြေခံအဆောက်အဦးတခု ဖြစ်လာရေး ဖြစ်သည်။

အခြေခံ အဆောက်အဦးနှင့် ရင်းနှီးမြှုပ်နံှမှုမှ ပြဿနာများကို အရင်းအမြစ်တခုတည်း အဖြစ် ခြေရာကောက်နိုင်ပါသည်။ ပညာရေး အရည်အသွေး ဖြစ်ပါသည်။ ကျနော်တို့၏ သုတေသနအတွက် Consult-Myanmar က ဆက်သွယ် ခဲ့သော ပုဂ္ဂလိကကျောင်းများ၊ ဘာသာစကားသင်ကြားရေး စန်တာများ နှင့် အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းများ အားလုံးက မြန်မာနိုင်ငံ စက်မှုစီးပွားရေး စနစ်ဆီသို ဖွံ့ဖြိုးတိုးတက်စေရေးတွင် လက်ရှိပညာရေးစနစ်က အထောက် အကူ မပြုကြောင်း နှင့် တနေ့ထက်တနေ့ လျော့ပါးလာနေသည့် သဘာဝ အရင်းအမြစ်များ နိုင်ငံခြားသို့ တင်ပို့ခြင်း အပေါ် မြန်မာ နိုင်ငံက မှီခို အားထားနေရခြင်းကို လျှော့ချရန် အထောက်အကူ မပြုနိုင်ကြောင်း ပြတ်ပြတ်သားသားပင် ဖြေကြားခဲ့ကြသည်။

ယခင်အစိုးရက ပုဂ္ဂလိက ကျောင်းများလုပ်ကိုင်ခွင့်ပေးခြင်းကဲ့သို့သော ပညာရေးပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်ခြင်း အားဖြင့် ပြဿနာကို ဖြေရှင်းရန် အားထုတ်ခဲ့သည်။ သို့သော်လည်း ပိုမိုလုပ်ဆောင်ရန် များစွာကျန်နေသေးသလို မြန်မာ နိုင်ငံကလည်း ပညာရေးကဏ္ဍ အလုံးစုံ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာနေမှုများကို ဖြေရှင်းရန် အားမထုတ်နိုင်ခဲ့ပါ။

သို့သော်လည်း အမြစ်တွယ်နေသည့် အချို့သောပြဿနာများတွင် မြန်မာနိုင်ငံ အနေဖြင့် ဆက်သွယ်ရေး ကဏ္ဍတွင် ဆောင်ရွက်ခဲ့သလို ပညာရေး ကဏ္ဍတွင်လည်း ခုံပျံကျော်လွှား၍ သွားနိုင်ပါသည်။ မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်က မိုဘိုင်းဖုန်း သုံးစွဲနိုင်မှုက ၇ ရာခိုင်နှုန်းသာ ရှိခဲ့သော်လည်း ၂၀၁၆ ခုနှစ် အကုန်တွင် ၉၀ ရာခိုင်နှုန်းသို့ရောက်ရှိလာသည်။ အချိန်တို အတွင်း ရန်ကုန်၊ မန္တလေး နှင့် နေပြည်တော်တို့တွင် 4G စနစ်ကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာနိုင်ခြင်းမှာ Telenor နှင့် Ooredoo တို့ကဲ့သို့သော နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီကြီးများ၏ ရင်းနှီးမြှုပ်နှံမှု နှင့် ကျွမ်းကျင်မှုများကို ယူဆောင် နိုင်ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။

ပညာရေးနှင့် ပတ်သက်၍ စိတ်ကူးအကြံဉာဏ်များရရှိရန် မြန်မာနိုင်ငံ အနေဖြင့် ဝေးဝေးလံလံ သွားကြည့်ရန် မလိုပါ။ မြန်မာနိုင်ငံ၏ အာဆီယံ အိမ်နီးချင်းများထဲတွင် စင်ကာပူနှင့် ဗီယက်နမ်တို့က အားတက်စရာ ဥပမာများ ဖြစ်ကြသည်။ PISA 2015 (နိုင်ငံတကာ ကျောင်းသားများ အကဲဖြတ်ရေး အစီအစဉ်) တွင် ဘာသာရပ်အားလုံး၌ စင်ကာပူက ထိပ်ဆုံး တွင် ရောက်ခဲ့သော်လည်း ဗီယက်နမ်နိုင်ငံက အံ့အားသင့်ဖွယ်ရာ ဖြစ်ခဲ့သည်။ PISA အရည်အချင်းက တိုင်းပြည်၏ လူတဦးချင်း ပျမ်းမျှ GDP နှင့် တိုင်းပြည်၏ ချမ်းသာ ကြွယ်ဝမှုတို့ နှင့် တိုက်ရိုက် အချိုးကျသည့် အတွက် ဝင်ငွေ အလယ် အလတ်နိုင်ငံများထဲတွင် အဆင့်နိမ့်သည့် နိုင်ငံတခု ဖြစ်သော ဗီယက်နမ်နိုင်ငံ၏ စွမ်းဆောင်ရည်က ၎င်းနှင့်တန်းတူ သော အင်ဒိုနီးရှား၊ ကိုဆိုဗို၊ မော်ဒိုဗာနှင့် တူနီးရှား နိုင်ငံများနှင့် တူညီလိမ့်မည်ဟု မျှော်လင့် ခဲ့ကြသည်။ သို့သော်လည်း ဗီယက် နမ်က သိပ္ပံတွင် ဂျာမနီ၊ ဆွစ်ဇာလန်ကဲ့သို့သော ဖွံ့ဖြိုးပြီး နိုင်ငံများ၏ အထက်တွင်ရှိနေပြီး သိပ္ပံ နှင့် သချာင်္တွင် အမေရိကန်၏ အထက်တွင် ရှိနေခြင်းကြောင့် လူတိုင်း အံ့အားသင့်ခဲ့ကြရသည်။

အဆိုပါ စာမေးပွဲသို့ ဝင်ရောက်ခဲ့ကြသော ဗီယက်နမ်ကျောင်းသားများ၏ မိဘများသည် ပညာအရည်အချင်း နိမ့်ကျသူများ ဖြစ်ကြပြီး အခြားနိုင်ငံများမှ မိဘများထက် ဆင်းရဲ နွမ်းပါးသူများ ဖြစ်ကြေကြောင်း Minnesota တက္ကသိုလ်မှ ပါမောက္ခ Paul Glewwe ကတွေ့ ရှိခဲ့သည်။ “ဗီယက်နမ်နိုင်ငံက အခွင့်အလမ်း အနည်းပါးဆုံး ကလေးတွေရဲ့ ၁၀ ရာခိုင်နှုန်း၊ သူတို့က အလွန်ဆင်းရဲတဲ့ မိသားစုမှာ ကြီးပြင်းခဲ့ရတယ်။ အဲဒီကလေးတွေက ပုံမှန် အမေရိကန် ကလေးတွေထက် ပိုပြီးကောင်းအောင် လုပ်နိုင်ခဲ့ကြတယ်” ဟု Organisation for Economic Co-operation and Development – OECD ၏ ပညာရေး ဒါရိုက်တာ Andreas Schleicher က CNN သို့ ပြောသည်။ အရည်အချင်းရှိသော ပညာရေးစနစ်တခုကို ရရှိရန် ဖွံ့ဖြိုးသော စီးပွားရေးတခု မလိုအပ်ကြောင်း ဗီယက်နမ် နိုင်ငံက ပြသခဲ့သည်ဟု သူက ဆိုသည်။

စင်ကာပူနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့၏ ပညာရေးစနစ်များတွင် တူညီမှု အများအပြားရှိနေသည်ကို သုတေသီ များ တွေ့ ရှိခဲ့ရသည်။ ၎င်းတို့ထဲမှ တခုမှာ သင်ရိုးညွှန်းတန်း ဖြစ်သည်။ သူတို့၏ သင်ရိုးညွှန်းတမ်းများက ပညာသင်ကြားရေး နှင့် လက်တွေ့စွမ်းရည် ၂ ခုလုံးကို အလေးပေးထားသည်။ တနည်းဆိုရသော် အဆိုပါ သင်ရိုးများက ကျောင်းသားကျောင်းသူ များ နက်နက်ရှိုင်းရှိုင်း နားလည်ရေး နှင့် အဓိကကျသော သီအိုရီသဘောတရားများ၏ အသိပညာ နှင့် စွမ်းရည်ကို သူတို့ ၏ လက်တွေ့နယ်ပယ်တွင်လည်း အသုံးချနိုင်ရေးကို ရည်ရွယ်ရေးဆွဲထားခြင်း ဖြစ်သည်။

တဘက်တွင်မူ မြန်မာနိုင်ငံ၏ သင်ရိုးညွှန်းတန်းက ခေတ်မမီတော့ဘဲ အဆက်အသွယ်ပြတ်နေသည်။ အထက်တန်း သချာၤ ကို ဥပမာပြပါမည်။ အခန်းတိုင်းက တခုနှင့် တခု လုံးလုံးလျားလျား သီးခြားစီ ဖြစ်နေပြီး အခန်း အသီးသီးမှ သဘောတရား အမျိုးမျိုးကို လက်တွေ့ဘဝ ပြဿနာများတွင် အသုံးချနိုင်စွမ်းကို စစ်ဆေးသည့် မေးခွန်းများလည်း မပါဝင်ပါ။

အင်္ဂလိပ်ဘာသာစကားက သိပ္ပံနှင့် နည်းပညာနယ်ပယ်တွင် သုံးစွဲသည့် ဘာသာစကား ဖြစ်သည်။ အင်တာနက်တွင် သုံး သည့် ဘာသာစကားလည်း ဖြစ်သည်။ အကယ်၍ အင်္ဂလိပ်ဘာသာစကား ကောင်းမွန်စွာ တတ်ကျွမ်း၍ အင်တာနက် ကွန် နက်ရှင်လည်း ကောင်းမည်ဆိုလျှင် Khan Academy နှင့် Coursera အစရှိသောပညာရေး ဝက်ဘ်ဆိုက်များကို အသုံးပြု၍ ကိုယ့်ဖာသာအခမဲ့ သင်ယူလေ့လာနိုင်မည် ဖြစ်သည်။ Google ရှာဖွေရေး စနစ်နှင့် တကမ္ဘာလုံးနှင့် ဆက်သွယ်ထားသည့် ကွန်ရက်က ကျောင်းသားများကို အလွတ်ကျက်မှတ်ခြင်းမှ စွန့်ခွာ၍ စူးစမ်းခြင်း၊ သင်ယူခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း နှင့် အသုံးချခြင်းများကို အလေးပေး ဆောင်ရွက်စေနိုင်မည် ဖြစ်သည်။ သို့သော်လည်း မြန်မာနိုင်ငံ ကျောင်းများတွင် အင်္ဂလိပ် သင်ကြားရေး စနစ်က ကျေနပ်လောက်စရာဖြစ်ရန် များစွာလိုအပ်နေသေးသည်။

အလုပ်လုပ်နေသော မြန်မာလူငယ်များ၏ အင်္ဂလိပ်စာ တတ်မြောက်မှုကို တိုင်းတာရန် အတွက် Consult-Myanmar သို့ အလုပ်လျှောက်ထားလာသူများကို ဖေဖော်ဝါရီလ အတွင်းက ကျနော် စစ်တမ်းကောက်ယူခဲ့ပါသည်။ ဆန်ကာတင် စာ ရင်း ဝင် ၁၁ ဦးထဲမှ ၁၀ ဦးသည် သင်တန်းပြီးဆုံးကြောင်း အသိအမှတ်ပြုလက်မှတ် ထုတ်ပေးသည့် အင်္ဂလိပ်စာ သင်တန်း အနည်းဆုံး ၁ ခု တက်ရောက်ခဲ့သူများ ဖြစ်သည်။ သူတို့ကို ရိုးရှင်းသော အင်္ဂလိပ်စာစစ်ဆေးမှု တခု မပြုလုပ်မီ သူတို့၏ အင်္ဂလိပ်စာ စွမ်းရည်ကို အဆင့် အတန်းသတ်မှတ်ခိုင်းခဲ့ရာ အခြေခံ (basic) ဟု ရွေးချယ်သူ တဦးသာ ရှိခဲ့ပြီး အတော် အသင့် (fair) ဟုရွေးချယ်သူ ၆ ဦး၊ ကောင်း (good) ဟု ရွေးချယ်သူ ၃ ဦး နှင့် အလွန်ကောင်း (excellent) ရွေးချယ်သူ တဦး ရှိခဲ့ပါသည်။ သူတို့က ကိုယ့်ကိုယ်ကို ယုံကြည်မှု အတော်အသင့် ရှိခဲ့သော်လည်း စစ်ဆေးမှုရလဒ်များက အားတက် စရာ မဖြစ်ခဲ့ပါ။ ဖတ်ရှုဖြေဆိုရသည့် စာပိုဒ်က အတော်လေးပင် လွယ်ကူသော်လည်း ကောင်းမွန်စွာ ဖြေဆိုနိုင်ခဲ့သူ တ ယောက်မှ မရှိပါ။ အဖြေကို ရွေးချယ်ရခြင်းမဟုတ်ဘဲ ရေးသားဖြေဆိုရသည့် နေရာများတွင်လည်း သူတို့ အားလုံး အခက် အခဲ တွေ့ခဲ့ကြသည်။ ဝါကျ ၃ ကြောင်း ၄ ကြောင်းထက် ပို၍ မရေးနိုင်ခဲ့ကြပါ။ ဝါကျများမှ သဒ္ဒါ အမှားအယွင်းများကို ထည့် ပြောရန်ပင် လိုမည် မဟုတ်ပါ။

ပုဂ္ဂလိကကျောင်းများ နှင့် ဘာသာစကားသင်ကြားသည့် စန်တာများ အပေါ် အစိုးရက စည်းကမ်းတကျထိန်းချုပ်နိုင် ခြင်း မရှိသည့် အချိန်တွင် မြန်မာနိုင်ငံ အနှံအပြားတွင် ရှိနေသည့် ပုဂ္ဂလိက အင်္ဂလိပ်စာ သင်တန်းများ၏ အရည်အသွေးနှင့် ပတ်သက်၍ ကျနော် အမြဲတမ်း သံသယရှိခဲ့ပါသည်။ သူတို့၏ အင်္ဂလိပ်စာ စွမ်းရည် မည်မျှ ကောင်းကြောင်း၊ ပြင်ပ သင်တန်း ဘယ်လောက်များများ တက်ခဲ့ကြောင်း မြန်မာနိုင်ငံမှ လူငယ်များကပြောနေလင့်ကစား သူတို့၏ အင်္ဂလိပ်စာ အရည်အသွေးက အခြေခံမျှသာ ရှိနေသည်ဆိုသည့် ကျနော့်၏ အယူအဆကို ယခု စမ်းသပ်ချက်က ခိုင်မာစေခဲ့ပါသည်။

ထို့ပြင် ဗီယက်နမ်နှင့် စင်ကာပူတို့ကလည်း သူတို့၏ စက်မှုကဏ္ဍ နှင့် ခေတ်မီတိုးတက်ရေး တို့အတွက် STEM (သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ ပညာ နှင့်သချၤာ) ကို အလေးပေးခဲ့သည်။ ဆက်လက်၍လည်း ဆောင်ရွက်နေသည်။ ထိုနေရာ တွင် မြန်မာနိုင်ငံ နှင့် ကွဲပြားခြားနားမှု မရှိပါ။ STEM စွမ်းရည်များကသာ နိုင်ငံကို စက်မှုလုပ်ငန်းတိုးတက်ရေး၊ ခေတ်မီ ရေး နှင့် လူနေမှု အဆင့်အတန်း မြင့်မားရေးကို အချိန်တခုအတွင်း တွန်းတင်နိုင်မည် ဖြစ်သည်။ အရည်အချင်းမီ အင်ဂျင်နီယာ များက မြန်မာနိုင်ငံ အတွက် အရေးတကြီးလိုအပ်နေသော မြို့သစ်များ၊ အထူးစီးပွားရေးဇုန်များ၊ ဓာတ်အားပေးစက်ရုံများ၊ လမ်းများနှင့် တံတားများ အားလုံးကို တည်ဆောက်ရမည် ဖြစ်သည်။ STEM အားကောင်းသည့် အင်ဂျင်နီယာများကို မွေး ထုတ်ပေးနိုင်မည့် သင်ရိုးညွှန်းတန်း တခုမရှိဘဲနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံကို တိုင်းပြည်က တည်ဆောက် နိုင် မည် မဟုတ်ပါ။

လက်ရှိ အချိန်တွင် မြန်မာနိုင်ငံ၌ ထိုကဲ့သို့သော သင်ရိုးညွှန်းတန်းမျိုး ရှိမနေပါ။ ဥပမာပြရလျှင် မြန်မာနိုင်ငံ တက္ကသိုလ် တခုမှ မြို့ပြအင်ဂျင်နီယာဘွဲ့ ရရှိခဲ့သော ကျနော့် သူငယ်ချင်းတဦးကို လွန်ခဲ့သော ၃ နှစ်က ဂျပန် ဆောက်လုပ်ရေး ကုမ္ပဏီ တခုက စင်ကာပူနိုင်ငံတွင် site engineer ရာထူး ခန့်အပ်ခဲ့ပါသည်။ နိုင်ငံခြားတွင် အလုပ်ရခဲ့သည့် အတွက် သူ၏ ပျော် ရွှင်မှုက ကြာရှည် မခံခဲ့ပါ။ ခေတ်မီမြို့ကြီးများတွင် အသုံးပြုနေသော သံမဏိ ဘောင်များဖြင့် တည်ဆောက်သည့် လုပ်ငန်းခွင်တွင် မြန်မာနိုင်ငံမှ တက္ကသိုလ်တွင် သူသင်ကြားခဲ့ရသည့် အုတ်ဖြင့်တည်ဆောက်သော နည်းပညာ များကို အသုံးချ၍ မရနိုင်ကြောင်း မကြာမီမှာပင် သူနားလည်လာခဲ့သည်။

အရည်အသွေးမြင့် အင်္ဂလိပ်စာ သင်တန်း အမျိုးမျိုး သင်ကြားပေးနေသည့် Impact Skill Development Centre ကို ပူးတွဲ တည်ထောင်သူ တဦးဖြစ်သည့် Neelam Bhusal နှင့် ကျနော်တွေ့ဆုံ မေးမြန်းခဲ့သည့် အခါ STEM စွမ်း ရည်များ နှင့် ပတ် သက်၍ မြန်မာနိုင်ငံ၏ ဆောင်ရွက်မှုများကို အဆင့်မြှင့်ရန် လိုအပ်ကြောင်း သူက သဘောတူပါသည်။ သို့မှာသာလျှင် မြန်မာနိုင်ငံက တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးလာသည် နှင့် အမျှ ဘဏ္ဍာရေး၊ ဆောက်လုပ်ရေး၊ သိပ္ပံသုတေသနနှင့် အခြားသော အလုပ်ကဏ္ဍ အများအပြားတွင် လိုအပ်လာမည့် ပြည်တွင်းဖြစ် ကျွမ်းကျင် လုပ်သားထုကို မှီခို အားထား နိုင် လိမ့်မည်ဟု သူကပြောသည်။

ကောင်းမွန်သော သင်ရိုးညွှန်းတန်းတခု အတွက် အရည်အချင်း ပြည့်ဝပြီး တာဝန်ကျေသည့် ပညာပေးသူ ဆရာများက အင်ဂျင်တခု အတွက် ဘီးများသဖွယ် အရေးပါသည်ကိုလည်း အသိအမှတ်ပြုရမည် ဖြစ်သည်။ စနစ်တကျ လေ့ကျင့် ထားသည့် ဆရာများနှင့် ကောင်းမွန်သော သင်ရိုးညွှန်းတမ်းတခုက အမြဲတမ်းဆက်စပ်နေရမည် ဖြစ်သည်။ ဗီယက်နမ် နိုင်ငံ၏ ပညာရေး ပြုပြင်ပြောင်းလဲမှုတွင် အစိုးရက ဆရာများ၏ စွမ်းရည်မြှင့်တင်ရေး အတွက် နိုင်ငံခြား ပညာသင်ဆုများ ပုံမှန်ပေးခဲ့သည်။ ထိုဆရာများ ပြန်ရောက်လာသည့် အခါ တိုင်းပြည်၏ ပညာရေး အဆင့် အတန်း မြှင့်တင်ရေး အတွက် လိုအပ်သော အသိပညာ ဗဟုသုတများ ဖြင့် အကူအညီပေးနိုင်မည် ဖြစ်သည်။

အလားတူပင် မြန်မာနိုင်ငံ အနေဖြင့်လည်း ပြုပြင်ပြောင်းလဲရေးကို ထောက်ခံသည့် မိတ်ဆွေနိုင်ငံများထံတွင် သင် ကြား ရေး ဆိုင်ရာ ပညာသင်ဆုများ တောင်းခံသင့်ပါသည်။ အစိုးရမှ စေလွှတ်သည့် ပညာရှင်များက နိုင်ငံခြားမှ ပြန်မလာခြင်း မျိုးကို သူတို့၏ မိဘများ သို့မဟုတ် အုပ်ထိန်းသူများက အာမခံချက်ပေးသည့် စာချုပ်စနစ်မျိုး ဖြင့် ဖြေရှင်း နိုင်ပါသည်။ မည်သို့ပင် ဖြစ်စေ ကန့်သတ်မှုက တင်းကျပ်ခြင်း မဟုတ်ဘဲ တိုင်းပြည်ကောင်းစားရေး အတွက်သာ ဖြစ်ပါသည်။ အရေး အကြီးဆုံးမှာ ပြန်ရောက်လာသည့် ပညာရှင်များက ကျေးလက်ဒေသများ၊ စွမ်းဆောင်ရည် မပြည့်ဝသည့် ကျောင်းများ သို့ သွားရောက်၍ လက်ရွေးစင် ထိပ်တန်းကျောင်းများ နှင့် ဆင်းရဲနွမ်းပါးသူတို့၏ ကျောင်းများ၏ ကြားမှ ကွာဟမှုကို လျှော့ ချ နိုင်ရန် ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်သည်။ ထိုသို့ ဆောင်ရွက်ခြင်းက စင်ကာပူနှင့် ဗီယက်နမ် ၂ နိုင်ငံလုံးတွင် အအောင် မြင်ဆုံး ဖြစ်ခဲ့ပြီး ရပ်ကွက်ကျောင်းများ သို့ မဟုတ် ကျေးလက်ကျောင်းများ၏ စွမ်းဆောင်ရည်က ထိပ်တန်း ကျောင်း များကဲ့သို့ပင် ဖြစ်လာသည်။ စင်ကာပူနှင့် ဗီယက်နမ် တို့သည် တနိုင်ငံ က ဒီမို ကရေစီနိုင်ငံ ဖြစ်၍ နောက်တနိုင်ငံက ဆိုရှယ်လစ်နိုင်ငံ ဖြစ်သည်။ သို့သော်လည်း သူတို့ တူညီသည့် တချက်ရှိပါသည်။ သူတို့၏ ပညာရေးစနစ်က ဆင်းရဲ သူ ကိုရောချမ်းသာသူကိုပါ တန်းတူ ဝန်ဆောင်မှု ပေးပြီး လူတိုင်းကို သူတို့၏ အဆင့်အတန်း နှင့် ကိုးကွယ်ရာ ဘာသာ မခွဲခြားဘဲ အရည်အချင်းမီ ပညာရေးကို တန်းတူပေးခြင်း ဖြစ်သည်။

နောက်ဆုံး အနေဖြင့် ဆိုရလျှင် ပညာရေးပြုပြင်ပြောင်းလဲရေးက ပြည်သူလူထု(အထူးသဖြင့်ဆင်းရဲ နွမ်းပါးသူများ) ကို သူတို့၏ ပညာရေး အပေါ်အမြင်ကို ပြောင်းလဲရန် ပညာပေးရန် လိုအပ်ပါသည်။ ဗီယက်နိုင်ငံ ပညာရေးဝန်ကြီး Phung Xuan Hua က “ဗီယက်နမ် ကျောင်းသားမိဘတွေက သူတို့ကလေးတွေရဲ့ ပညာရေးအတွက်ဆိုရင် အားလုံးကို ပေးတယ်။ သူတို့ အိမ်တွေ မြေတွေကိုရောင်းတယ်” ဟု ပြောကြားခဲ့သည်။ မြန်မာနိုင်ငံမှ လူလတ်တန်းစား မိသားစုများ၊ ဝင်ငွေ အသင့်အတင့် ရှိသူများကလည်း အလားတူလုပ်ကြမည်ဆိုသည်ကို ကျနော် သံသယမရှိပါ။ သို့သော်လည်း ဆင်းရဲနွမ်း ပါးသည့် လူတန်းစား အတွင်းတွင်လည်း အလာတူအမြင်မျိုး ရှိရမည် ဖြစ်သည်။

သို့သော်လည်း ယခုအချိန်အထိ မြန်မာနိုင်ငံမှ ဆင်းရဲနွမ်းပါးသည့် မိသားစု အချို့က သူတို့၏ ကလေးငယ်များကို စာချုပ် ဖြင့် အလုပ်လုပ်ရန် ခိုင်းစေကြပြီး စီးပွားရေးုလုပ်ငန်း ရှင်များထံမှ ကလေး၏ လုပ်ခ ၆ လစာကို ကြိုတင်ထုတ်ယူကြသည်။ ရလဒ် အနေဖြင့် ကလေးငယ်များသည် မိသားစုကို ထောက်ပံ့ရန် အတွက် အလုပ်ခွင်သို့ ဝင်ရမည့် စီးပွားရေး အစိတ် အပိုင်း တခု အဖြစ်မြင်လာသည်။ အကျိုးဆက် အနေဖြင့် ကလေးအလုပ်သမားများ ပေါများလာသည်။ လဘက်ရည်ဆိုင် များတွင် အလုပ်လုပ်နေသည့် ကလေးငယ်များကို နေ့ရော ညပါ မြင်တွေ့နေရခြင်းက မြန်မာနိုင်ငံတွင် အထူးအဆန်း မဟုတ်ပါ။ ထိုအလေ့အထသည် ဖျောက်ဖျက်ပစ်ရမည့် အလေ့အထဖြစ်ပြီး ကလေးငယ်များက ကျောင်းသို့သာ သွားရ မည် ဖြစ်သည်။ ထိုသို့ မဟုတ်ခဲ့လျှင် အနာဂါတ်၌ မြန်မာနိုင်ငံရှိ ရုံးများ နှင့် စက်ရုံများတွင် အလုပ်လုပ်၍ မရနိုင်သည့် ပညာ မတတ်သော ကျွမ်းကျင်မှု မပြည့်ဝသော အလုပ်သမားများ ရှိလာမည် ဖြစ်သည်။

အထက်တွင် အကြံပြုထားသော ပြုပြင်ပြောင်းလဲရေးများ အားလုံးကို အကောင်အထည်ဖော်ခဲ့သည် ဆိုလျှင်ပင် မြန်မာ နိုင်ငံ အနေဖြင့် နိုင်ငံသားများ၏ စိတ်ဓာတ် နှင့် အလုပ်ကျင့်ဝတ် နိမ့်ကျ အားနည်းနေသည့် ပြဿနာကို မဖြေရှင်း နိုင်ခဲ့ လျှင် အမြင့်ဆုံးသော အကျိုးကျေးဇူးကို ခံစားရမည် မဟုတ်ပါ။ ဗီယက်နမ်နိုင်ငံမှ ဆရာများ၏ အလုပ်ဆိုင်ရာ ကျင့်ဝတ် လိုက်နာမှုက လေးစားစရာ ဖြစ်သည်ဟု ထိုင်းနိုင်ငံမှ Institute for Promotion of Teaching and Science and Technology ကတွေ့ရှိခဲ့ရသည်။ သူတို့က အားလပ်ရက်ယူခြင်း အလွန်နည်းပါးသည်။ မြန်မာနိုင်ငံတွင်မူ တနှစ်လျှင် အများပြည်သူရုံးပိတ်ရက် ၂၈ ရက်နှင့် ကမ္ဘာပေါ်တွင် ပိတ်ရက်အများဆုံး ရသည့်နိုင်ငံများစာရင်းတွင် ပါဝင်နေဆဲ ဖြစ် သော်လည်း နှစ်သစ်ကူးရုံးပိတ်ရက်ကို ၁၀ ရက်မှ ၅ ရက်သို့ လျှော့ချလိုက်ခြင်း အပေါ် ပြည်သူများက စိတ်ပျက်နေကြ ဆဲ ဖြစ်သည်။

ပြီးခဲ့သည့် စစ်အစိုးရလက်ထက်တွင် အစိုးရက ပြည်သူများကို ပိတ်ရက်များ ပိုမို ပေးခဲ့သလို ဈေးပေါသည့် အရက်များ စီးကရက်များကိုလည်း ပေးခဲ့သည်။ ယခုအခါတွင် မြန်မာနိုင်ငံ အနေဖြင့် ပိုမို၍ သတိထားသင့်ပြီး ဈေးပေါသည့် အရာများ ကို ဖြတ်တောက်ပြောင်းလဲစေခြင်းအားဖြင့် ပြည်သူများ၏ ကိုယ်ကျင့်တရား တိုးတက်လာရန် ဖြည်းဖြည်းချင်း ဆောင်ရွက် သင့်ပါသည်။ မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံသားများ၏ အလုပ်နှင့်ဆိုင်သောကျင့်ဝတ် တိုးတက်ကောင်းမွန်လာနိုင်မည့် နည်း လမ်းကို ရှာဖွေရန် လိုအပ်ပါသည်။ သို့မှလည်း လုပ်သားအင်အားစု၏ ထုတ်လုပ်မှု ပိုမိုမြင့်တက်လာမည် ဖြစ်သည်။ အလုပ်ကြိုးစားလုပ်ကိုင်ရန် အတွက် လှုံဆော်တိုက်တွန်းမှုနိမ့်ကျနေသည့် ပြဿနာကို ဖြေရှင်းနိုင်မှသာ ကမ္ဘာပေါ်တွင် ကုန်ပစ္စည်းထုတ်လုပ်သူများလာရောက်ချင်သည့် နေရာတခု ဖြစ်လာနိုင်ပါလိမ့်မည်။

အချုပ်ဆိုရသော် မြန်မာနိုင်ငံသည် နှစ်ပေါင်း ၅၀ ကြာ ကျဆင်းနေခဲ့ပြီးနောက် ပြန်တက်တော့မည့် နေရာတခုတွင် ရှိနေပါ သည်။ ပြည်သူက ရွေးချယ်တင်မြှောက်သည့် အစိုးရတခုက ပညာရေးနှင့် စီးပွားရေးကို ပြောင်းလဲပေးနိုင်မည့် အခွင့်အရေး လည်း ရှိနေသည်။ တညတည်းနှင့် အရာရာကောင်းမွန်သွားစေမည့် ဖြတ်လမ်းနည်းသို့ မဟုတ် ငွေကျည်ဆန်လည်း ရှိမနေ ပါ။ သို့သော်လည်း ပြသခဲ့သည်မှာ စနစ်တကျ ရေးဆွဲ ထားသော သင်ရိုးညွှန်းတန်း၊ အရည်အချင်းပြည့်ဝ၍ တာဝန်ကျေ သော ဆရာများ၊ အနစ်နာခံသည့် မိဘများ နှင့် ဇွဲလုံလ ရှိသောဆရာများ နှင့် ကျောင်းသားများတို့က မြန်မာနိူင်ငံ၏ ပညာ ရေးကဏ္ဍတွင် သိသာထင်ရှားသော တိုးတက်မှုများ ပေး နိုင်ကြောင်း နှင့် ၎င်းက မြန်မာပြည်သူ အများစုက မျှော်လင့် စောင့်ဆိုင်းနေကြသော မယုံနိုင်စရာ စီးပွားရေး တိုးတက်မှုများဆီသို့ လမ်းခင်းပေးမည် ဖြစ်ကြောင်း ဗီယက်နမ် နှင့် စင်ကာပူတို့၏ ပညာရေးဆိုင်ရာ အောင်မြင်မှုများက ပြသခဲ့ပြီး ဖြစ်ပါသည်။

(Brandon Aung Moe သည် မြန်မာနိုင်ငံတွင် မွေးဖွား၍ စင်ကာပူနိုင်ငံတွင် ပညာသင်ကြားခဲ့သူ ဖြစ်သည်။ စင်ကာပူ အမျိုးသား တက္ကသိုလ်မှ အင်ဂျင်နီယာဘွဲ့ ရရှိခဲ့သူ တဦး ဖြစ်သည်။ ရန်ကုန်မြို့ ရှိ Consult-Myanmar Co Ltd တွင် တာဝန်ထမ်းဆောင်စဉ်အတွင်း ပညာရေးဆိုင်ရာ သုတေသန တခု၏ တစိတ်တပိုင်း အနေဖြင့် အထက်ပါဆောင်းပါးကို Brandon Aung Moe က ရေးသားခဲ့ခြင်းဖြစ်ပြီး Oxford တက္ကသိုလ်မှ မြန်မာ့အရေး ဖိုရမ်တခု ဖြစ်သည့် Tea Circle တွင် အင်္ဂလိပ်စာဖြင့် ရေးသားဖော်ပြထားသည့် Why Education Reform is so Important for Myanmar  အား ဘာသာပြန်ဆိုသည်)

Did you find apk for android? You can find new Free Android Games and apps.
Loading