အကယ်၍ အမေရိကန် လုပ်ငန်းရှင်တဦးက မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်မည်ဆိုပါက အမေရိကန် အစိုးရက ဥပဒေဖြင့် သတ်မှတ်ထားသော ရှောင်ကျဉ်ရမည့် လူပုဂ္ဂိုလ်နှင့် ကုမ္ပဏီများ စာရင်း ရှိပါသည်။
သို့သော် မြောက်ကိုရီးယားနှင့် လက်နက် အရောင်းအဝယ်ကိစ္စတွင် ပွဲစားလုပ်ခဲ့သည်ဟု အမေရိကန် အစိုးရတာဝန်ရှိသူများ က သံသယရှိခဲ့သည့် ဝန်ကြီးဟောင်း တဦး၏သား နှင့် စစ်အစိုးရကို ၁၉ နှစ် ကြာ ဦးဆောင်ခဲ့သူတဦး၏ ဆွေမျိုးသားချင်းများအတွက်မူ အကျုံးမဝင်တော့ပြီ။
ရန်ကုန်မြို့အမေရိကန်သံရုံးမှ မြန်မာ အစိုးရ၏ ရာနှင့်ချီသော ထိပ်ပိုင်းအရာရှိများ၊ ၎င်းတို့နှင့် ပတ်သက်သော လုပ်ငန်းရှင်များ၊ စစ်တပ်ပိုင် လုပ်ငန်းများနှင့် အရပ်သား ကုမ္ပဏီများကို နာမည်ပျက်စာရင်းသွင်းရန် ထောက်ခံတင်ပြခြင်းများ ရှိခဲ့သော်လည်း အိုဘားမား အစိုးရက ပိတ်ဆို့ အရေးယူခံရသူများ စာရင်းကို သုံးနှစ်ခွဲကြာ ကာလအတွင်း ထပ်မံတိုးချဲ့ခြင်းမပြုခဲ့ကြောင်း အေပီ သတင်းဌာနက တွေ့ရှိရသည်။
ထို စာရင်းများနှင့် ပတ်သက်ပြီး အေပီ သတင်းဌာန အနေဖြင့် ရာနှင့်ချီသော အစိုးရ စာရွက်စာတမ်းများကို လေ့လာခဲ့သည့် အပြင် မြန်မာနိုင်ငံနှင့် အမေရိကန် နိုင်ငံမှ အစိုးရတာဝန်ရှိသူများ၊ ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်များ နှင့် တွေ့ဆုံဆွေးနွေးခြင်းများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။
အမေရိကန် အစိုးရကမူ မြန်မာ ထိပ်တန်းခေါင်းဆောင်များ၏ စိတ်ချယုံကြည်မှုကို ရရှိစေရန်နှင့် ဒီမိုကရေစီပြုပြင် ပြောင်းလဲရေး လမ်းကြောင်းပေါ်တွင် ဆက်လက်တည်ရှိနေစေရန်ဟု အကြောင်းပြသည်။ ထို့ကြောင့် ပိတ်ဆို့ဒဏ်ခတ်မှုစာရင်းတွင် ကွက်လပ်များဖြစ် ပေါ် လာစေခဲ့သည်။
အမေရိကန် ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ၍ စီးပွားရေးလုပ်ကိုင်ရာ၌ မျှတခြင်း၊ ပွင့်လင်းမြင်သာမှု ရှိခြင်း စသော အချက်များတွင် အမေရိကန် အစိုးရက တခြားနိုင်ငံများထက် စံနမူနာပြဖြစ်စေချင်သည်။ ဥပဒေပြုအဖွဲ့များက ပိတ်ဆို့ ဒဏ်ခတ်ထားသည့် စာရင်းကို အမေရိကန်အစိုးရက ဆက်လက်ကိုင်စွဲထားလိုသော်လည်း“မကောင်းသူပယ်၍ ကောင်းသူ ကယ် ရမည်” ဆိုသည့် အယူအဆသည် ခေတ်နောက်ကျခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း နိုင်ငံရေးနှင့်ဆက်နွယ်နေသော လုပ်ငန်းရှင်ကြီး များ၏ ပိုင်ဆိုင်မှုဖြင့်သာ လည်ပတ်နေသော ပုံမှန်မဟုတ်သည့် စီးပွားရေးစနစ်တခုကို ထောက်ပံ့အားပေးခြင်းသည် စွန့်စားမှုတရပ် လည်းဖြစ်သည်။
လူ့အခွင့်အရေး ဆောင်ရွက်သူများကမူ အိုဘားမားအစိုးရသည် ပြုပြင်ပြောင်းလဲရေးသမား ဦးသိန်းစိန်၏ အစိုးရအပေါ် လိုက်လျောမှုများက အလျင်စလိုနိုင်လွန်းသည်ဟု စွပ်စွဲကြသည်။
မေလ ၂၀ ရက်နေ့တွင် အိုဘားမားနှင့် တွေ့ဆုံခဲ့သည့် ဦးသိန်းစိန်သည် ၄၇ နှစ်ကြာ ကာလအတွင်း အိမ်ဖြူတော်သို့ ပထမဆုံး ရောက်လာသည့် မြန်မာသမ္မတ ဖြစ်ပြီး အမေရိကန် ထိပ်တန်း လုပ်ငန်းရှင်များနှင့်လည်း တွေ့ဆုံခဲ့သည်။
မြန်မာနိုင်ငံအပေါ်ချမှတ်ထားသည့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုများကို အမေရိကန်က ဆိုင်းငံ့ပေးသော်လည်း မြန်မာနိုင်ငံမှ ပတ္တမြား၊ ကျောက်စိမ်းစသည့် သယံဇာတများ တင်သွင်းခွင့်နှင့် မြန်မာစစ်တပ်ပိုင် ကုမ္ပဏီများ နှင့် စီးပွားရေးလုပ်ခြင်း ကိုမူ ဆက်လက် ကန့်သတ်ထားသည်။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြုစုထားသည့် နာမည်ပျက်စာရင်းဝင် လူပုဂ္ဂိုလ်များ၊ ကုမ္ပဏီများနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင်လည်း အခက်အခဲများ ရှိလာနိုင်သည်။ အဆိုပါစာရင်းတွင် ပိတ်ဆို့ခံ အစိုးရ၊ အကြမ်း ဖက်သမားများ၊ မူးယစ်ဆေးကုန်သည်များနှင့် ပတ်သက် ဆက်နွယ်သူများ ပါဝင်သည်။
ဥရောပသမဂ္ဂ ကလည်း ပိတ်ဆို့ကန့်သတ်မှုများကို ယခင်လက ရုပ်သိမ်းခဲ့ပြီးဖြစ်သည်။ စစ်လက်နက် ပစ္စည်း ရောင်းဝယ်မှုကိုမူ ဆက်လက် ကန့်သတ်ထားခဲ့သည်။ ဥရောပသမဂ္ဂ၏ ရုပ်သိမ်းလိုက်မှုက အမေရိကန်၏ ပိတ်ဆို့မှုသာ မြန်မာအပေါ် အရေးတယူရှိတော့သည့် အခြေအနေကို ဖြစ်ပေါ်စေခဲ့သည်။ အစိုးရနှင့် စီးပွားရေးသမားတို့၏ အမြင်တွင် စင်္ကာပူနှင့် လန်ဒန်သည် အနှောင့် အယှက်မဲ့ ဇုန် ဖြစ်လာတော့မည်။
တိတ်တဆိတ်ညှိနှိုင်း အလုပ်ဖြစ်နေခဲ့သည့် ဆယ်စုနှစ်များသည် အသေးစား စီးပွားရေးလုပ်ငန်းရှင် လူ့မလိုင်များကို ပျိုးထောင်ပေး ခဲ့သည်။ သူတို့က စစ်ခေါင်းဆောင်များနှင့် ဆက်သွယ်၍ တရုတ်ရင်းနှီးမြှုပ်နှံမှု အလုံးအရင်းများနှင့် အကျိုးအမြတ်များကို မသမာ သည့် နည်းလမ်းဖြင့် မရိုးမသား ရရှိခဲ့ကြသည်ကို တွေ့ရှိရသည်။
မြန်မာနိုင်ငံ ၌ လာရောက် ရင်းနှီးမြှုပ်နှံမည့်သူများအတွက် မည်သူက မည်သည်ကို ပိုင်ဆိုင်သည်ဆိုခြင်းအား သိရှိနိုင်ရန် အခွင့် အလမ်း နည်းပါးသည့် အချက်ကလည်း ဖက်စပ်လုပ်ကိုင်မည့် စီးပွားရေးမိတ်ဖက်ကို ရှာဖွေရာတွင် အခက်အခဲများ ရှိလာနိုင်သည်။ ကန့်သတ်ချက်များကို ချိုးဖောက်မိသည့် အမေရိကန်များ အနေဖြင့် ဒဏ်ရိုက်ခံရခြင်း သို့မဟုတ် ထောင်ဒဏ်ကျခံရခြင်းများ ကြုံတွေ့ ရနိုင်သည်။ တမင်လုပ်ဆောင်ခြင်း မဟုတ်သူများ အတွက်မူ သတိပေးခံရခြင်းနှင့် ပြီးဖွယ်ရှိသည်။
“ဒီစာရင်းမှာ လုပ်ငန်းအတူတူ လုပ်ဖို့တားမြစ်ခံရနိုင်တဲ့ လူပုဂ္ဂိုလ် အားလုံးကို ထည့်သွင်းထားတာ မဟုတ်ပါဘူး။ နိုင်ငံရေး သက် သက် လုပ်ကြတာတွေရှိသလို အတည်မပြုနိုင်သေးတဲ့ အကြောင်းပြချက်တွေလည်း ရှိနေပါသေးတယ်”ဟု မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည့် အမေရိကန် ကုမ္ပဏီများကို ကူညီပေးနေသည့် အကြံပေးကုမ္ပဏီ (IHS) မှ Rachel Calvert က ပြောသည်။
ဥပမာ အားဖြင့် အမေရိကန် ကုမ္ပဏီများသည် ယခင်စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ ဇနီး၊ သားသမီး ရှစ်ဦး အပါ အဝင် မြေးများနှင့်လည်း ပူပေါင်း၍ ရင်းနှီးမြှုပ်နှံမှု လုပ်နိုင်ရန် အခွင့်အလမ်းများ ရှိနေဆဲဖြစ်သည်။ ၎င်းတို့ အားလုံးကို ဥရောပ သမဂ္ဂ ကလည်း ယခင်က ပိတ်ဆို့ကန့်သတ် ထားခဲ့သည်။
ထို့နည်းတူ စက်မှုဝန်ကြီးဟောင်း ဦးအောင်သောင်း ၏ သားများနှင့်လည်း ပူးပေါင်းဆောင်ရွက်ခွင့် ရှိနေသေးသည်။ ဦးအောင် သောင်းသည် ၂၀၀၃ ခုနှစ်က အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာသည့် ယာဉ်တန်းကို အကြမ်းဖက် တိုက်ခိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများအား သတ်ဖြတ်ခဲ့ကြသော စစ်တပ်ကို လိုလားသည့် အစုအဖွဲ့တခု၏ အမာခံခေါင်းဆောင် တဦး ဖြစ်သည်ဟုလည်း စွပ်စွဲမှုများ ရှိနေသည်။ ယခုအခါ ဦးအောင်သောင်း သည် အာဏာရပါတီ၏ ထိပ်တန်း ပုဂ္ဂိုလ်တဦး ဖြစ်နေသည်။
၎င်း၏ သားများဖြစ်သော ဦးပြည်အောင်နှင့် ဦးနေအောင်တို့သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးမားဆုံး သစ်လုပ်ငန်း ကုမ္ပဏီကို ပိုင် ဆိုင်ပြီး နိုင်ငံခြားသို့ ဆန်တင်ပို့ခြင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေရေး ကန်ထရိုက်များ ရရှိခြင်းကြောင့် ဒေါ်လာ သန်းပေါင်း များစွာ မြတ်စွန်းခဲ့ကြကြောင်း၊ ထို့ကြောင့် ပိတ်ဆို့ ဒဏ်ခတ်သူများစာရင်းတွင် ထည့်သွင်းပေးရန် ရန်ကုန်မြို့ အမေရိကန်သံရုံးက အကြံ ပေးတင်ပြခဲ့ကြောင်း သရုံး၏ ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့က ပေါက်ကြားခဲ့သည့် အင်တာနက် ကြေးနန်းစာတွင် တွေ့ရှိရသည်။ ဦးအောင်သောင်း သားများသည် Hummerကားများ မောင်းနှင်ပြီး သွားလာနေသည်ကို မြင်တွေ့ရသည်ဟုလည်း ကြေး နန်းစာက ဆိုသည်။
အမေရိကန်သံရုံး၏ အစီရင်ခံ ကြေးနန်းစာ နှင့် ဤဆောင်းပါးတွင် ပါဝင်သော အချက်အလက်များကို Wikileaks ၏ ထုတ်ပြန်ချက်များမှ ရယူထားပါသည်။
ဦးနေအောင်သည် မြောက်ကိုရီးယားနှင့် တရုတ်နိုင်ငံမှ စစ်လက်နက်များဝယ်ယူရာတွင် ပွဲစားအဖြစ်ပတ်သက်ခဲ့သည်ဟု သံသယ ရှိကြောင်း အမေရိကန်သံရုံး၏ ၂၀၀၉ ခုနှစ် ဂျူလိုင်လ ၂ ရက်တွင် ပေးပို့သည့် ကြေးနန်းစာတွင် ဖော်ပြထားသည်။ ဦးပြည်အောင် ကလည်း စစ်အစိုးရ ဒုတိယခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ သမီးဖြစ်သူနှင့် လက်ထပ်ထားသူ ဖြစ်သည်။ ၎င်းတို့ အားလုံးကို ဥရောပသမဂ္ဂနှင့် သြစတြေးလျ နိုင်ငံများကလည်း ပိတ်ဆို့ ဒဏ်ခတ်မှုများ ပြုလုပ်ခဲ့သည်။
ယခုချိန်အထိ အသက်ဝင်နေသေးသော 2008 Jade Act ဥပဒေတွင် ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးများ၊ ၎င်းတို့နှင့် နီးစပ်သောဆွေမျိုးသားချင်းများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် ပါဝင်ပတ်သက်နေသော အစိုးရ အရာရှိများနှင့် စီးပွားရေးသမား ခရိုနီများကို ပိတ်ဆို့ ကန့်သတ်မှုများပြုလုပ်ရန် ကွန်ဂရက် လွှတ်တော်က အခွင့်အာဏာ ပေးခဲ့သည်။ ထို့အပြင် အမေရိကန် သမ္မတ အနေဖြင့် အထောက် အထား အချက်အလက်သစ်များ ထပ်မံရရှိပါက စာရင်းကို ပြုပြင်မွမ်းမံရန်လည်း ပါရှိသည်။
သို့သော်လည်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အွန်လိုင်း အစီရင်ခံစာများကို အေပီ သတင်းဌာနက လေ့လာကြည့်သည့် အခါ အိုဘားမား သမ္မတအဖြစ် စတင် တာဝန်ယူခဲ့သည့် ၂၀၀၉ ခုနှစ်မှ ၂၀၁၂ ခုနှစ် ဇူလိုင်လ အတွင်း၌ ပိတ်ဆို့ကန့်သတ်မှု စာရင်း ပြင်ဆင်မှု အလွန်နည်းပါးခဲ့သည်ကို တွေ့ရှိရသည်။ အမေရိကန် အစိုးရက ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကန့်သတ်မှုများကို ဆိုင်းငံ့ပေးလိုက်ခြင်းနှင့် နာမည်သစ်အနည်းငယ် ဖြည့်စွက်ခြင်းများသာ ရှိခဲ့သည်။
“အခု အကောင်အထည် ဖော်နေတဲ့ ပူးပေါင်းဆောင်ရွက်မှုက နိုင်ငံရေးအရရော၊ သံတမန်ရေးရာ အရပါ သတိကြီးကြီး ထားရပါတယ်” ဟု အမေရိကန်အစိုးရ၏ အကြီးတန်းအရာရှိတဦးက မူဝါဒရွေးချယ်ရေးနှင့် ပတ်သက်၍ ရှင်းပြရင်း ပြောသည်။ ၎င်း၏ ဌာနမှ ချမှတ် ဆောင်ရွက်နေသော မူဝါဒများသည် ထင်သာမြင်သာရှိမနေကြောင်းကိုလည်း ပြောသည်။
“မြန်မာတွေဘက်ကနေ ဒါဟာ အမှန်တရားတခု၊ အခွင့်အရေးတခုလို့ မြင်လာစေဖို့ ကျနော်တို့ စိတ်အား ထက်သန်နေပါတယ်။ လက်ရှိချမှတ်ထားတဲ့ ပိတ်ဆို့ကန့်သတ်မှုတွေကို အတည်ပြုထားဆဲဖြစ်ပေမယ့် ကာလအပိုင်းအခြား တခုရှိပါတယ်။ ရန်လိုမှု နည်း တဲ့ ပုံစံတခု ဒါမှမဟုတ် ပိတ်ဆို့ကန့်သတ်မှု နည်းလမ်းအသစ်တခု ရှိမလာသေးခင် အထိပါပဲ”ဟု သူကဆိုသည်။
ရန်ကုန်မြို့ အမေရိကန်သံရုံးက ၂၀၀၉ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် ပေါက်ကြားခဲ့သော ကြေးနန်းစာတွင် တားမြစ်ကန့်သတ် သင့်သည့် လူ ၄၀၀ ကျော် စာရင်းကို တွေ့ရှိရပြီး“လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အမှန်တကယ်ကျူးလွန်နေတဲ့ တရားခံတွေနဲ့ စစ်အစိုးရရဲ့လုပ်ရပ်တွေကို သိသိသာသာ ပံ့ပိုးကူညီပေးနေတဲ့သူတွေကို ထိရောက်အောင် ပစ်မှတ်ထား ပိတ်ဆို့နိုင်ခြင်း မရှိသေးပါဘူး”ဟုလည်း ပါရှိသည်။ စစ်အစိုးရ ခေါင်းဆောင်များ၏ ဆွေမျိုးသားချင်းများကို အရေးမယူနိုင်သေးခြင်းနှင့် ပတ်သက်၍ လည်း ပိတ်ဆို့ကန့်သတ်မှုများ အောက်မှ လွတ်မြောက်ခွင့်ရစေရန် လမ်းဖွင့်ပေးထားသကဲ့သို့ ဖြစ်နေသည်ဟု ဆိုသည်။
ထို့အပြင် စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းကြီး တခုဖြစ်သော မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်(UMEHL) ၏ လက်အောက်ခံ ကုမ္ပဏီ ၃၈ ခုအနက်မှ ၃၃ ခုသည်လည်း ပိတ်ဆို့ကန့်သတ်မှုမှ ကင်းလွတ်နေသည်။ အမေရိကန်သံရုံး၏ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီ ၆ ရက် ကြေးနန်းတွင် UMEHL ၏ လက်အောက်ခံ ကုမ္ပဏီ ခွဲများသာမက ဒါရိုက်တာအဖွဲ့ဝင်များ၊ ဦးဆောင် ညွှန်ကြားရေးမှုးများ နှင့် အထွေထွေမန်နေဂျာများ ကိုလည်း ပိတ်ဆို့ ကန့်သတ်သည့်စာရင်းတွင် ထည့်သွင်းသင့်ကြောင်း ဖော်ပြထားသည်။
UMEHL ကို နာမည်ပျက်စာရင်းတွင် ထည့်သွင်းထားသော်လည်း ၎င်း၏ လုပ်ငန်းခွဲများနှင့် ပတ်သက်၍ အချက်အလက် အနည်း ငယ်သာ ထုတ်ပြန်ထားသောကြောင့် ပူးပေါင်းဆောင်ရွက်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို လှည့်စားရန် ပြုလုပ်ထားခြင်းဟု ယူဆ ရဖွယ် ရှိသည်။
ပိတ်ဆို့ ကန့်သတ်မှုများတွင် စာရင်းမပေါက်သော ဥပမာတခုအနေဖြင့် ထုတ်ပြရလျှင် UMEHL နှင့် ဒေါ်လာ သန်း တထောင်တန် ဖက်စပ်လုပ်ငန်း လုပ်ကိုင်နေသည့် Wanbao ကုမ္ပဏီသည် တရုတ်နိုင်ငံမှ လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီ Norinco ၏ လက်အောက်ခံ ကုမ္ပဏီတခုဖြစ်ပြီး ပိတ်ဆို့ကန့်သတ်ထားသည့် စာရင်းတွင် ပါဝင်ခြင်း မရှိပေ။ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ဆက်လက် မလုပ်ကိုင်ရန် တောင်းဆိုကြသော ဗုဒ္ဓဘာသာ ဘုန်းကြီးများနှင့် ဆန္ဒပြသူများ ကို အကြမ်းဖက် နှိမ်နင်းခဲ့သည့်အတွက် သတင်းကြီးတခု အနေနှင့် ဖြစ်ပေါ်ခဲ့သည်။
သမ္မတ အိုဘားမား အစိုးရက မြန်မာစစ်ခေါင်းဆောင်များနှင့် ဆွေးနွေးညှိနှိုင်းမှုများ စတင်ချိန်တွင် ဥရောပသမဂ္ဂ နှင့် သြစတြေးလျ က ပြုစုထားသည်ထက် ပိုမိုပြည့်စုံသော စာရင်းတခုပြုစုပြီး ပိတ်ဆို့ကန့်သတ်မှုများကိုလည်း သက်တမ်း ထပ်တိုးရန် တိုက်တွန်း ဆောင်းဆိုမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ အမေရိကန်တို့၏ စာရင်းတွင် နာမည်တုများနှင့် ထပ်နေသည်များကို ဖယ်ထုတ်လိုက်လျှင် လူပုဂ္ဂိုလ် ၃၉ ဦး နှင့် ကုမ္ပဏီ ၆၅ ခု ပါဝင်သည်။
သြစတြေးလျက ပြုစုထားသည့်စာရင်းတွင် ၂၀၁၂ ခုနှစ် ဇွန်လ ပြန်လည်မရုပ်သိမ်းမီ အထိ လူပုဂ္ဂိုလ် ၃၉၂ ဦး ပါဝင်သည်။ ဥရောပ သမဂ္ဂ၏ စာရင်းတွင် လူပုဂ္ဂိုလ်နှင့် ကုမ္ပဏီ စုစုပေါင်း ၆၅၆ ခု ရှိပြီး အခြားသော သစ်လုပ်ငန်း၊ သတ္တုနှင့် ကျောက်မျက် လုပ်ငန်း လုပ်ကိုင်သည့် ကုမ္ပဏီ ၁၂၀၇ ခုကိုလည်း စစ်တပ်အတွက် ငွေရှာပေးသည့် လုပ်ငန်းများအဖြစ် သတ်မှတ်ပြီး ဥရောပ ရင်းနှီးမြှုပ်နှံသူများနှင့် ဆက်သွယ်လုပ်ကိုင်ခြင်းကို တားမြစ်ထားခဲ့သည်။ ဥရောပ သမဂ္ဂသည် လွန်ခဲ့သော တနှစ်က ပိတ်ဆို့ကန့်သတ်ခြင်းများကို ဆိုင်ငံ့ပေးခဲ့ပြီး ယခင်လက လုံး၀ ပယ်ဖျက်ပေးခဲ့သည်။
ဝါရှင်တန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့၏ ညွှန်ကြားရေးမှူး Tom Malinowski က အမေရိကန်၏ စာရင်း သည် အသုံးဝင်သည် မှန်သော်လည်း နောက်ဆုံးပေါ် အချက်အလက်များပါ ဖြည့်သွင်းထားနိုင်ပါက ပိုကောင်းမည်ဟု ဆို သည်။ စာရင်းတွင် ပါဝင်သင့်သူများ ပါဝင်သော်လည်း အိုဘားမား အစိုးရ လက်ထက်တွင် ပြင်ဆင်ဖြည့်စွက်မှု အနည်းငယ်သာရှိသောကြောင့် လက်ရှိအခြေအနေကို ထင်ဟပ်နိုင်ခြင်းမရှိဟုလည်း သူက ပြောသည်။
လူနည်းစု တိုင်းရင်းသား လူမျိုးများအပေါ်တွင် စစ်တပ်၏ အနိုင်အထက်ပြုနေမှုများနှင့် မွတ်စလင်နှင့် ဗုဒ္ဓ ဘာသာဝင်များ အကြား ဖြစ်ပွားသော သွေးထွက်သံယို အဓိကရုဏ်းများကို ရပ်တန့်စေရန် မြန်မာအစိုးရဘက်က ပျက်ကွက်ခြင်းများရှိသည့် အတွက် အမေရိကန် နှင့် မြန်မာ ဆက်ဆံရေး တိုးတက်မှုကို နှေးကွေးစေခဲ့သည်။
အသေးစိတ် အကြောင်းအရာများအပေါ်တွင် မှတ်ချက်ပေးရန်ငြင်းဆန်ခဲ့သော အမေရိကန် အစိုးရ အရာရှိများက ပိတ်ဆို့ ကန့်သတ်မှုစာရင်းသည် ပြည့်စုံခြင်းမရှိဆိုသည့် အချက်ကို ဝန်ခံခဲ့ကြသည်။ သို့သော် လက်ရှိစာရင်းကို ဖြည့်စွက်ခြင်း၊ နုတ်ပယ်ခြင်းများ ပြုလုပ်ရန်အတွက် လေ့လာသုံးသပ်နေကြောင်း ပြောသည်။ ပြုပြင်ပြောင်းလဲရေးကို ဟန့်တား နှောင့်ယှက်သူများကို အပြစ်ပေးမည်ဖြစ်ပြီး မြှင့်တင်ပေးသူများကို ချီးမြှောက်မည်ဖြစ်သည် ဟုလည်း ဆိုသည်။ “ဒါဟာ ဒဏ်ခတ်တဲ့နည်းပါပဲ။ ဒါပေမယ့် ရည်ရွယ်ချက် က တော့ အမူအကျင့်တွေ ပြောင်းလဲရေးကို အားပေးဖို့ပါ”ဟု အမေရိကန် အစိုးရ၏ အကြီးတန်း အရာရှိတဦးက ပြောသည်။
ယနေ့အထိ သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနှင့် ပြုပြင်ပြောင်းလဲရေး ဦးဆောင်သူများတွင် ပါဝင် နေ သည်ဟု ယူဆရသည့် ယခင်စစ်အစိုးရအဖွဲ့ဝင် တချို့ကိုသာ စာရင်းမှ ဖယ်ထုတ်ရသေးသည်။ ထို့အပြင် ပိတ်ဆို့ကန့်သတ်မှု စာရင်း ဝင် ဦးတေဇ၏ စင်္ကာပူနိုင်ငံမှ စီးပွားဖက်တယောက်ကိုလည်း စာရင်းမှ ပယ်ဖျက်ပေးရန် အသနားခံလာသည့်အတွက် ပယ်ဖျက်ပေး ခဲ့သည်။
တချို့ကလည်း ပြုပြင်ပြောင်းလဲရေးကို နားလည်ပေးနိုင်သည့် ခရိုနီလုပ်ငန်းရှင်များကို ခွင့်လွှတ်ပေးသင့်ကြောင်း တောင်းဆိုကြ သည်။ ၎င်းတို့သည် ထက်မြက်မှုရှိပြီး စီးပွားရေးကို ပြန်လည်တည်ဆောက်ရန် အတွက် လုံလောက်သော အရင်းအမြစ်များ ပိုင် ဆိုင်သူများထဲမှ တချို့ဖြစ်နေသောကြောင့်ပင်။ ပိတ်ဆို့ကန့်သတ်မှု စာရင်းထဲတွင် ပါဝင်နေခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှုပြုရန်သူတို့အတွက် ခက်ခဲလိမ့်မည်ဖြစ်သည်။
အမေရိကန် ကုမ္ပဏီများအား မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို ကန့်သတ်ထိန်းချုပ်ထားခြင်း ကလည်း ဈေးကွက်စီးပွားရေး၏ ပြိုင်ဆိုင်မှုတွင် အားနည်းချက်များ ဖြစ်လာနိုင်သည်။
နာမည်ပျက်စာရင်းဝင် လုပ်ငန်းရှင်တဦးဖြစ်သော Max Myanmar Group ကုမ္ပဏီ ဥက္ကဌ ဖြစ်သူ ဦးဇော်ဇော်က ၎င်း၏ ကုမ္ပဏီခွဲတခုကို စာရင်းသွင်းရန် ကြိုးစားလာခြင်းကို Singapore Stock Exchange က ငြင်းပယ်လိုက်သည်။ Max Myanmar Group သည် မြန်မာနိုင်ငံတွင် အကြီးမားဆုံး ကုမ္ပဏီ အုပ်စုများထဲမှ တခုဖြစ်ပြီး ဆောက်လုပ်ရေး လုပ်ငန်း၊ ဟိုတယ် လုပ်ငန်း၊ ဓာတ်ဆီ ဆိုင်များ နှင့် ဘိလပ်မြေ လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံထားသည်။
Singapore Stock Exchange ၏ အဓိကစိုးရိမ်မှုမှာ ဦးဇော်ဇော်က အမေရိကန်အစိုးရ၏ ပိတ်ဆို့ကန့်သတ်မှုစာရင်းတွင် ပါဝင်နေ၍ ဖြစ်ပြီး မည်သည့် အတွက်ကြောင့် ထိုစာရင်းတွင် ပါဝင်နေရခြင်းကိုလည်း တိကျစွာ မသိရှိရ၍ ဖြစ်သည်ဟု ဆိုသည်။ ဦးဇော်ဇော် သည် စစ်အစိုးရနှင့် နီးစပ်သည့် ခရိုနီများထဲတွင် အသန့်ရှင်းဆုံး ဖြစ်သည်ဟု ယူဆထားသူများလည်း ရှိသည်။ မြန်မာနိုင်ငံကို အနီးကပ်လေ့လာနေသော သြစတြေးလျမှ စီးပွားရေးပညာရှင် Sean Turnell ရှောင် တာနဲလ် က ဦးဇော်ဇော်ကို “ပြုပြင်ပြောင်းလဲ ရေးကို လက်တွေ့ကျကျ ထောက်ခံသူ”ဟု မှတ်ချက်ပေးသည်။
ပိတ်ဆို့ကန့်သတ်မှုစာရင်းကို ပြုပြင်မွမ်းမံရန် ပျက်ကွက်မှုသည် ဖေဖော်ဝါရီလတွင် ပိုပြီးမြင်သာလာသည်။ အမေရိကန် ကုန်သည်ကြီးများအသင်းက ကျင်းပသည့်အခမ်းအနားတခုတွင် အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Jose Fernandez နှင့် နာမည်ပျက်စာရင်းဝင် မြန်မာလုပ်ငန်းရှင်ကြီး ဦးဝင်းအောင်တို့ စင်မြင့်ထက်၌ လက်ဆွဲနှုတ်ဆက်ခဲ့ကြသည်။ မြန်မာနိုင်ငံမှ စီးပွားရေး အသင်းအဖွဲ့ ကြီးတခု၏ ဥက္ကဌဖြစ်သော ဦးဝင်းအောင်ကို ရှောင် တာနဲလ် က “တက်ကြွသော ပြုပြင်ပြောင်းလဲရေးသမား” ဟု ညွှန်းဆို၏။
ထို့အပြင် လွန်ခဲ့သော နှစ်များစွာကတည်းက ရာထူးလက်ကိုင်မရှိတော့သော စစ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများကိုလည်း စာရင်းတွင် ဆက်လက် ထည့်သွင်းထားဆဲဖြစ်သည်။ ထိုသို့ အားနည်းချက်များ ရှိနေရခြင်းမှာ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနမှ အကြီး တန်း အရာရှိတဦးက စာရင်းကိုပြင်ဆင်မွမ်းမံရန်အတွက် အမှားအယွင်းကင်းသော စီမံခန့်ခွဲမှု လုပ်ငန်းစဉ်တခု လိုအပ်သည်ဟု မှတ် ယူထားခဲ့၍ဖြစ်သည်။
ဘဏ္ဍာရေးဝန်ကြီးဌာနမှ ချမှတ်ဆောင်ရွက်နေသည့် ထင်သာမြင်သာမရှိသည့် ဥပဒေများကို မူဝါဒအရဖြစ်သည်ဟု သဘောထား ပေးရန် အထက်တွင် မေတ္တာရပ်ခံခဲ့သည့် အမေရိကန်အစိုးရ အရာရှိက ၎င်း၏ ဌာနတွင်ရှိသော အထောက်အထား အချက် အလက် များသည် စာရင်းအသစ် ပြုစုရန် သို့မဟုတ် စာရင်းမှဖယ်ထုတ်ပေးရန် အသနားခံခြင်းများကို တုန့်ပြန်ဆောင်ရွက်ပေးရန် အလွန် အသုံးဝင်ပါသည်ဟု ပြောသည်။ ဘဏ္ဍာရေးဝန်ကြီးဌာနသို့ မည်သူမဆို စာရေးသားပေးပို့ နိုင်ပြီး ရှေ့နေမှတဆင့်လည်း ကန့်ကွက် တောင်းဆိုနိုင်ကြောင်း ပြောသည်။ မြန်မာနိုင်ငံမှ တချို့သည်လည်း ထိုနည်းနှင်နှင် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ မဆောင်ရွက်နိုင်ပါလျှင် အမေရိကန်အစိုးရ၏ ပိတ်ဆို့ကန့်သတ်မှု စာရင်းတွင် ပါဝင်ခဲ့သည်ဆိုသည့် အမည်းစက်က သေလွန် သည်အထိ ကပ်ပါသွားနိုင်သည်။ ကမ္ဘာပေါ်၌ ဘိန်းဖြူအများဆုံးထုတ်လုပ်သူဟု အမေရိကန်နိုင်ငံမှ သတ်မှတ်ထားသော တချိန် က ဘိန်းဘုရင်ဟု ကျော်ကြားသည့် ခွန်ဆာသည်လည်း ပိတ်ဆို့ကန့်သတ်ထားသည့် မြန်မာများ စာရင်းထဲတွင် ပါဝင်နေဆဲဖြစ် သည်။ ခွန်ဆာသည် ၂၀၀၇ ခုနှစ်ကတည်းက ကွယ်လွန်ခဲ့ပြီးဖြစ်သည်။ ။
(United States’ Burma Sanctions List Languishes By ERIKA KINETZ & MATTHEW PENNINGTON ကို ဆီလျော်အောင် ဘာသာပြန်ဆို ဖော်ပြသည်။)