အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ပိုင်ဆိုင်တဲ့ Trump Organization ကနေပြီး T1 လို့ အမည်ပေးထားတဲ့ ရွှေရောင် စမတ်ဖုန်းကို ထုတ်လုပ် ရောင်းချသွားမယ်လို့ ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့က ကြေညာခဲ့ပါတယ်။
ကြေညာပြီးစဉ်က ဝက်ဘ်ဆိုက်မှာ “MADE IN THE USA” စာတန်းကို ဝေဝေဆာဆာ ဖော်ပြထားပေမယ့် အခုတော့ “brought to life right here in the USA” နဲ့ “proudly American” ဆိုတဲ့ စာသားတွေနဲ့ အစားထိုးလိုက်ကြောင်း သိရပါတယ်။
ထရမ့်ရဲ့ ဖုန်းတွေက အမေရိကန်ကို ပြန်လည် ကြီးမြတ်စေမယ် ဆိုတဲ့ ကတိကို ဆက်လက် ကိုင်စွဲထားပေမယ့် အမေရိကန်မှာ ထုတ်လုပ်သွားမယ် ဆိုတာ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။
ထုတ်ကုန်တခုကို “အမေရိကန်တွင် ထုတ်လုပ်သည်” လို့ ထည့်သွင်း ကြော်ငြာဖို့ အတွက် တင်းကျပ်တဲ့ စည်းမျဉ်းတွေကို ဗဟို ကုန်သွယ်ရေး ကော်မရှင်က ချမှတ်ထားကြောင်း သိရပါတယ်။
အမေရိကန်တွင်ထုတ်လုပ်သည် လို့ ပြောနိုင်ဖို့ ဆိုရင် အစိတ်အပိုင်း အားလုံး (သို့မဟုတ်) အားလုံးနီးပါး နဲ့ လုပ်သား ရင်းမြစ်က ပြည်တွင်းကပဲ ဖြစ်ရမယ်လို့ ကုန်သွယ်ရေး ကော်မရှင်က ပြောပါတယ်။
Trump Mobile ရဲ့ ပြောရေးဆိုခွင့် ရှိသူ ခရစ် ဝေါ်လ်ကာ ကတော့ T1 ဖုန်းတွေကို အမေရိကန်မှာပဲ ထုတ်လုပ်မယ်လို့ USA Today သတင်းဌာနကို ပြောခဲ့ပါတယ်။
ဝက်ဘ်ဆိုက် ရဲ့ ထုတ်ကုန်တွေ ဖော်ပြထားမှုမှာ စာတန်း ပြောင်းလဲမှုနဲ့ ပတ်သက်လို့ Business Insider သတင်းဌာနက Trump Mobile ကို ဆက်သွယ်ခဲ့ပေမယ့် မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။
Trump Mobile က မျက်နှာပြင် (Screen) ၆ ဒသမ ၈ လက်မ၊ 50 MP ကင်မရာ၊ 5000 mAh ဘက်ထရီ ပါဝင်တဲ့ ရွှေရောင် T1 စမတ်ဖုန်းတွေကို အမေရိကန်မှာ ထုတ်လုပ်ပြီး ၄၉၉ ဒေါ်လာနဲ့ ရောင်းချသွားမယ်လို့ ကနဦး ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။
Ref : Business Insider, The Guardian













