၂၀၁၁ ဇွန်က စတင်၍ ကချင်ပြည်နယ်တွင် ကေအိုင်အေနှင့်တပ်မတော်တို့ ဆင်နွှဲခဲ့ကြသော တိုက်ပွဲမှာ ယခု ၂ နှစ်ပင် ပြည့်တော့မည်။ တပတ်ခန့် ကြာမြင့်မည်ဟု တွေးကာ စစ်ရှောင်ရန် နေရပ်ကို စွန့်ခွာလာခဲ့သူ တသိန်းနည်းပါးမှာ ယခုတိုင် စစ်ဘေးဒုက္ခသည် စခန်းများတွင် သောင်တင်၍ နေဆဲဖြစ်သည်။ စားနပ်ရိက္ခာနှင့် ဆေးဝါးက လုံလောက်မှု မရှိ။ အဆိုးဆုံး က ယခု ကျောင်းတွေ ပြန်ဖွင့်တော့မည်၊ ယင်း စခန်းများရှိ ကျောင်းနေရမည့် အရွယ် ကလေးများ စာသင်ခန်းကို မပြန်နိုင် သေး။
ပြည်တွင်းစစ်။ ကိုယ့်ပြည်တွင်းမှာ တမြေတည်းနေ တရေတည်းသောက် မောင်နှမရင်းချာနှင့် မခြားသူတွေကြား ခင်းရသည့် စစ်။ ဒီစစ်ကား ကြာရှည်လှပြီ။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ၃ လ အကြာတွင် ကွန်မြူနစ် (ဖြူ၊ နီ) တို့ တောခိုကြသည်။ နောက် ပြည်သူ့ရဲဘော် တောခိုခဲ့၏။ နောက် ကေအင်ဒီအို၊ အမ်အင်ဒီအို၊ တိုင်းရင်းသား လူမျိုးစုတွေ တောခို၏။ ပဋိပက္ခ ဖြေရှင်းရန် လက်နက်ကိုင် လမ်းစဉ်ကို ရွှေးချယ်ခဲ့ကြသည်။ ထိုအချိန်ကစ၍ ယနေ့တိုင်အောင် ၆၅ နှစ် လုံးလုံး ကျနော်တို့ ပြည်တွင်းစစ်မီးတောက်ကို မငြိမ်းနိုင်ခဲ့။ ၁၉၄၉ ဖေဖော်ဝါရီ ၂၇ နှစ်တွင် ပြောကြားခဲ့သည့် ဝန်ကြီးချုပ် ဦးနု၏ မိန့်ခွန်းတွင် တနှစ်အတွင်း ပြည်တွင်းစစ်ကြောင့် လူ ၃၀၀၀ ကျော် သေဆုံး၊ လူ ငါးသိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ကာ အရပ်ရပ် တန်ဘိုးငွေ သိန်း ၄၀၀၀ လောက် ဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။ (ထိုစဉ်က ရွှေ တကျပ်သားကို ငွေ ၂၀၀ ကျပ်သာ ပေးရပါသည်။) ၆၅ နှစ် အတွင်း အသက်အိုးအိမ်စည်းစိမ် မည်မျှ ဆုံးရှုံးခဲ့လေသနည်း။ တွေးရဲစရာပင် မရှိ။
ယခု ဆီးရီးယား စစ်မှာ လူတွေ သောင်းနဲ့ချီ သေကြေကာ သန်းနဲ့ချီ၍ အိုးမဲ့အိမ်မဲ့ ဖြစ်ကြရသည်။ ဂျော်ဒန်နိုင်ငံမှာပင် ဆီးရီးယား ဒုက္ခသည် ၅ သိန်းကျော် ရှိ၏။ ယခု ဤ ကိစ္စကို နိုင်ငံတကာက ပါဝင် ဆောင်ရွက်ကြရတော့မည့် အခြေရောက် နေ၏။
သမ္မတကြီး ဦးသိန်းစိန်၏ အစိုးရသစ် လက်ထက်တွင် ပြည်တွင်း ငြိမ်းချမ်းရေးကို အလေးထား ဆောင်ရွက်လာသည်ကို တွေ့ရသည်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ဖွဲ့စည်းကာ ဆောင်ရွက်သဖြင့် လက်နက်ကိုင် အဖွဲ့အစည်း ၁၀ ဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွေ ရယူနိုင်ခဲ့သည်။ ဒါက ပထမ ခြေလှမ်းဖြစ်သည်။ ဒုတိယ ခြေလှမ်း အဖြစ် ငြိမ်းချမ်းရေး တည်တံ့ခိုင်မြဲအောင် တည်ဆောက်ဖို့ တွေ့ဆုံဆွေးနွေးခြင်းဖြင့် အကောင်အထည် ဖော်ရမည်။ သို့သော် ဆင်ပြောင်ကြီး အမြီးကျမှ တစ် ဆိုသလို ကေအိုင်အေနှင့် သဘောတူညီချက် မရ။ မရရုံမက တိုက်ပွဲကြီးငယ် ဆင်နွှဲရသည့် အခြေအနေ ဆိုက်ရောက်လာခဲ့သည်။ ဒီကြားထဲ ကရင်နှင့် သော်လည်းကောင်း၊ ရှမ်းနှင့်သော် လည်းကောင်း ပစ်ခတ်မှုတွေ ဖြစ်သည်။
ယခုတော့ မြွေပူရာ ကင်းမှောင့် “ဝ”က ကိုယ်ပိုင် အုပ်ချုပ်ခွင့်တောင်း၏။ ၀ သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) သည် လက်နက်ကိုင်အင်အား ၃ သောင်းကျော် ရှိသည်။ (အရံတပ် အင်အား ၁ သောင်းကျော် ရှိသေးသည်။) တရုတ်၏ ကူညီပံ့ပိုးမှု ရနေသည်ဟုလည်း သတင်းတွေ ထွက်နေသည်။ ထိုဒေသတွင် ရုံးသုံးက တရုတ်စာ။ ငွေက တရုတ်ငွေ သုံးသည်။ တရုတ်ဘာသာဖြင့် ကိုယ်ပိုင်အသံ လွှင့်စက်ရုံရှိသည်။ သတိထား ကိုင်တွယ်ရမည့် အရေးဖြစ်သည်။
ရှေ့တွင် သင်ခန်းစာ ယူစရာတွေ ရှိသည်။ ၁၉၆၂ စစ်တပ်က အာဏာသိမ်းခဲ့ရခြင်းမှာ ရှမ်းပြည်နယ်မှ စ၍ ပြည်နယ်တွေ ခွဲထွက်ခွင့် တောင်းလာသော အရေးကြောင့် ပြည်ထောင်စု မပြိုကွဲအောင် ထိမ်းသိမ်းလိုက်ရခြင်းဟု အကြောင်းပြသည်။ တကယ်တော့မဟုတ်။ မြန်မာ့အသံတွင် အကြေအလည် ဆွေးနွေးမှု ရရှိခဲ့ပြီးပါလျက် နောက်တရက်တွင် လက်ဦးမှု ရယူကာ အာဏာကို လုယူခဲ့ခြင်းသာ ဖြစ်သည်။ မေ ၁၉ က တော်ဝင်နှင်းဆီ ခန်မတွင် ပြုလုပ်သော “ဖယ်ဒရယ်မူ နှင့် တိုင်းရင်းသားများ အမြင်” ဆွေးနွေးပွဲတွင် (SNLD) အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ၁၉၆၁ က တင်ပြခဲ့သော ရှမ်းမူသည် ခွဲထွက်ရေးမူ မဟုတ်ကြောင်း၊ ခွဲထွက်မည် ဆိုသည့် စကားလုံးလည်း မပါဝင်ခဲ့ကြောင်း ရှင်းလင်းတင်ပြခဲ့သည်။ သူက ပင်လုံစိတ်ဓာတ် အရေးကြီးကြောင်း၊ သူတို့ လိုချင်သည်မှာ တန်းတူညီမျှမှုသာ ဖြစ်ကြောင်း အတိအလင်း ပြောဆိုခဲ့သည်။
အားလုံးကို ၂၀၁၅ ရွေးကောက်ပွဲသစ်က ကြိုဆိုနေသည်။ ထိုအချိန်အထိ လက်ရှိ ၂၀၀၈ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ လွှတ်တော်က ပြင်ဆင်နေပြီး။ ဘယ်လို အချက်တွေပါဝင်မလဲ။ NLD က သူတို့ လိုလားချက်တွေနှင့် တိုင်းရင်းသား အဖွဲ့အစည်းတွေကလည်း သူတို့ လိုလားချက်တွေနှင့် အာဏာရပါတီ (ပြည်ခိုင်ဖြိုး) နှင့် တပ်မတော်မှာလည်း သူတို့ လိုလားချက်တွေ ရှိပေမည်။ ညှိနှိုင်း ဆွေးနွေးကြရမည်။ ထိုအခါ ကိုယ်တဦးတည်း အကျိုးစီးပွား (တဦးတယောက်၏ အကျိုးစီးပွား)၊ အဖွဲ့အစည်း တခုခု၏ အကျိုးစီးပွား၊ လူတန်းစားတရပ်၏ အကျိုးစီးပွားထက် နိုင်ငံတော်၏ အကျိုးစီးပွားကို ဦးစားပေး စဉ်းစားကြရမည်။ နိုင်ငံတော် အကျိုးစီးပွားသည် အမျိုးသား အကျိုးစီးပွားပင် ဖြစ်ကာ အမျိုးသား အကျိုးစီးပွား သည် ဘုံ အကျိုးစီးပွားလည်း ဖြစ်လေသည်။
အရင်ကတည်းက တိုင်းရင်းသားဒေသတွေမှာ ပြည်မလောက် ဖွံ့ဖြိုးမှု မရှိသဖြင့် မကျေနပ်မှုတွေ ရှိခဲ့သည်။ ဗမာ တကျပ်၊ ရှမ်း တမတ်ဟု ဆိုကြသည်။ ကျနော်တို့ ပြည်နယ်ဖွံ့ဖြိုးရေးတွေ တိုးတက်တည်ဆောက်ကြရမှာက သေချာသည်။ အခု တိုင်းရင်းသားတွေ တောင်းဆိုနေတာက ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခွင့်။ ယခု ပြည်နယ်အစိုးရတွေ ရှိနေလေပြီ။ အာဏာ ခွဲဝေမှု ကိစ္စကိုသာ ဆွေးနွေးရတော့မည်။ တခုတော့ ရှိသည်၊ တိုင်းရင်းသား (လူမျိုးစုများ၏) အကျိုးစီးပွားဆိုတာကလည်း အမျိုးသား အကျိုးစီးပွားနှင့် ခွဲထွက်မရအောင် ဆက်စပ်နေတာ သဘောပေါက်ဖို့ လိုသည်။ အမျိုးသား အကျိုးစီးပွား မဖြစ်ထွန်းဘဲ တိုင်းရင်းသား အကျိုးစီးပွားလည်း မဖြစ်ထွန်းနိုင်။
ယခုသော် အကောင်းဘက်က တိုးတက်မှု ရှိနေသည်ဟု ယုံကြည်ပါ၏။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် ကေအိုင်အေတို့ မေ ၂၈ တွင် မြစ်ကြီးနား၌ တွေ့ဆုံဆွေးနွေးမည်ဟု သဘောတူညီချက် ရခဲ့သည်။ ကေအိုင်အေ ဗဟိုဌာနချုပ်မှ ဗဟိုကော်မတီဝင် တဦးဖြစ်သော ဦးစောလှထွန်းက “စစ်မှန်ပြီး ခိုင်မာသည့် ငြိမ်းချမ်းရေး ရရှိသည်အထိ နောက်ကြောင်း ပြန်မလှည့်ဘဲ ဆောင်ရွက်မည်” ဟု ပြောခဲ့သည့် အတွက် အားတက်ဖွယ်ရာ ဖြစ်သည်။ ဦးအောင်မင်းက တော့ ယခုတကြိမ် ကေအိုင်အေနှင့် ဆွေးနွေးပွဲတွင် တရုတ် မပါဝင်လိုဟု ဖွင့်ပြောခဲ့သည်။ ပြည်တွင်းက ကိစ္စကို ပြည်တွင်းက ကာယကံရှင်တွေချင်းသာ ရှင်းကြတာက ပိုကောင်းသည် မဟုတ်လား။
ကချင်ပြည်နယ်တွင် စစ်ဘေးရှောင် ဒုက္ခသည် တသိန်း၊ ကရင်ပြည်နယ်တွင် တသိန်းခွဲ၊ ရှမ်းပြည်နယ်တွင် သုံးသောင်း ကျော် ရှိသည်ကို ထောက်၍ ငြိမ်းချမ်းရေးမှာ အဆောတလျင် ဆောင်ရွက်ရမည့် ကိစ္စဖြစ်၍ လာသည်။ ရှမ်းပါတီ တွေကလည်း တောင်းဆိုနေကြပြီ။ မကြာခင်က ကယားပြည်နယ်နှင့် ကယန်းဒေသ နိုင်ငံရေး အင်အားစု (လက်နက်ကိုင် အဖွဲ့များ အပါအဝင်) ညီလာခံတခု ကျင်းပရန် စီစဉ်နေသည်ဟု သတင်းရသည်။ သူတို့ကလည်း ငြိမ်းချမ်းဖော်ဆောင်မှု ကော်မတီတရပ် ဖွဲ့စည်းထားသည်။ သက်ဆိုင်ရာ ပြည်နယ်များအလိုက် တိုင်းသား ညီလာခံတွေ ပြုလုပ်ဖို့ စီစဉ်နေ ကြသည်။ ထိုညီလာခံများမှ ငြိမ်းချမ်းရေးကို အထောက်အကူပြုသော သဘောထားတွေ ထွက်ပေါ်လာရန် မျှော်လင့်ရ သည်။ အားလုံးက ငြိမ်းချမ်းလိုချင်နေကြတာကိုး။ ဒါဆိုရင် “ရွှေပြည်တော် မျှော်တိုင်း မဝေး” တော့ဟု ထင်သည်။
၂၀၁၅ ရွေးကောက်ပွဲတွင် မြေပြန့်ဒေသများတွင် ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်းဟာ Federal Union Party ဟူသော အမည်ဖြင့် မဟာမိတ် ပါတီဖွဲ့ကာ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ဆိုသည်။ ဒါဆို လွှတ်တော်ထဲတွင် တိုင်းရင်းသား လွှတ်တော် အမတ်တွေကို ထိုက်ထိုက်တန်တန် အရေအတွက် များများ တွေ့ရတော့မည် ထင်သည်။ သူတို့က တိုင်းရင်းသားလူမျိုးများနှင့် ပတ်သက်သော ကိစ္စတွေကို လွှတ်တော်ထဲတွင် ထိထိရောက်ရောက် ဆွေးနွေးတင်ပြနိုင်တော့မည်။ ဒါဆို ကိုယ့်လိုလားချက် ရဖို့၊ လက်နက်ကိုင် တိုက်ပွဲဝင်နေစရာ မလိုတော့။ ဆွေးနွေး ညှိနှိုင်း အဖြေရှာရာတွင် နှစ်ဘက်စလုံးက မျှမျှ တတ ဆင်ခြင်ဉာဏ် သုံးတတ်ကြဖို့ လိုပါသည်။ အကယ်၍ အမျိုးသား အကျိုးစီးပွား ပျက်ပြားလျှင် တိုင်းရင်သား အကျိုး စီးပွားဟူ၍လည်း ရှိမည် မဟုတ်ကြောင်း သဘောပေါက်ထားရမည်။