ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင် မြို့နယ်ထဲက ကျေးရွာအချို့မှာ သူတို့ရွာထဲကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့တွေ ဝင်လာပြီး လူငယ်တွေကို ဝင်ဖမ်းမှာ စိုးရိမ်နေကြတယ်လို့ စုံစမ်းသိရှိရပါတယ်။
ပြီးခဲ့တဲ့လ ၂၇ ရက်နေ့က ကွတ်ခိုင်မြို့နယ်ထဲက နမ့်ဖတ်ကာ၊ မန်နိမ်း၊ လွယ်ကန် စတဲ့ကျေးရွာတွေထဲကို တပ်မဟာ (၄) လက်အောက်ခံ KIA တပ်ဖွဲ့တွေ ဝင်လာပြီး လူငယ်တွေကို ဖမ်းဆီးရာမှာ အသက် ၁၂ နှစ် ၁၃ နှစ် အရွယ် မိန်းကလေးတွေပါ ပါဝင်တဲ့အတွက် အမျိုးသားတွေသာမကဘဲ အမျိုးသမီးငယ်တွေပါ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
“KIA တွေက အရင် ဒီလိုတက်လာပြီး ဖမ်းတာ တခါမှတော့ မကြုံဖူးဘူး၊ အခုဟာက ကျနော်တို့ ယောက်ကျားလေးတွေတင် မကဘူး၊ မိန်းကလေးတွေပါဖမ်းတာ” လို့ မန်နိမ်း ရွာခံတစ်ဦးက ပြောပါတယ်။
KIA တပ်ဖွဲ့တွေဟာ အစိုးရစစ်တပ်တွေနဲ့ အလှမ်းဝေးတဲ့ ကျေးရွာတွေထဲကို အလစ်အငိုက်ဝင်ပြီး လူငယ်တွေကို အိမ်တွေပေါ်ထိ တက်ရှာဖမ်းဆီးတဲ့အပြင် အစိုးရ စစ်တပ်တွေရှိတဲ့ မန္တလေး-မူဆယ် ကားလမ်းမကြီးပေါ်မှာရှိတဲ့ နမ့်ဖတ်ကာ ရွာပေါ်အထိ တက်ပြီး လမ်းပေါ်မှာတွေ့တဲ့ လူငယ်တွေနဲ့ အမျိုးသမီးငယ်တွေကိုပါ ဖမ်းဆီးတယ်လို့လည်းသိရပါတယ်။
အဲဒီလို တက်ပြီး ဖမ်းဆီးရာမှာ နမ့်ဖက်ကာရွာသူ၊ ရွာသား ၁၃ ဦးထက်မနည်း ဖမ်းဆီးခေါ်ဆောင်သွားခံခဲ့ရပြီး အသက်ပြည့်တဲ့ အမျိုးသမီးနဲ့ အမျိုးသားတွေ အပြင် အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ် ၃ ဦးပါဝင်တယ်လို့ မျက်မြင်ရွာခံတွေကပြောပါတယ်။
“ဒီ (နမ့်ဖတ်ကာ) မှာ ကျတော့ လမ်းသွားလမ်းလာ တွေ့တဲ့လူတွေကို ဖမ်းသွားတယ်၊ ကလေးမ လေးတွေပါ ဖမ်းသွားတာတော့ တော်တော်ဆိုးတယ်၊ သူတို့မိဘတွေဆို ငိုကြတယ်၊ ဟိုဘက်မှာရှိတဲ့ ရွာတွေမှာလည်း ဖမ်းလို့ တချို့ ဒီနားက အစိုးရ စစ်တပ်ရှိတဲ့ မိုင်းယု ရွာဘက်ကို ပြေးလာကြတယ်” လို့ နမ့်ဖတ်ကာ ရွာက ဈေးဆိုင်ရှင်တဦးကလည်း ပြောပါတယ်။
နမ့်ဖတ်ကာ ကျေးရွာနဲ့ နီးကပ်နေတဲ့ မိုင်းယု ကျေးရွာမှာ အစိုးရစစ်တပ်တွေ အထိုင်ချ တပ်စွဲထားပေမယ့် KIA တပ်ဖွဲ့တွေ ပြန်ထွက်သွားတဲ့ အချိန်မှ လာရောက် သတင်းမေးမြန်း တာပဲ ရှိတယ်လို့သိရပါတယ်။
KIA တပ်ဖွဲ့တွေ ဝင်ရောက်ဖမ်းဆီးရာမှာ ထွက်ပြေးလွတ်မြောက်လာတဲ့ အသက် ၂၂ နှစ်အရွယ် မန်နိမ်း ရွာသား တစ်ဦး က “KIA စစ်သားတွေ အယောက် ၆၀ လောက် ညနေဖက် ရွာထဲကို ဝင်လာပြီး လူငယ်တွေလိုက်ဖမ်းတယ်၊ ကျနော်တို့က လွတ်တယ်၊ ၃ ယောက်အဖမ်းခံလိုက်ရတယ်၊ ယောက်ကျားလေးတစ်ယောက်၊ မိန်းကလေး ၂ ယောက်ပါသွားတယ်၊ တစ်ယောက်က ၁၂ နှစ် နောက်တစ်ယောက်က ၁၃ နှစ်” လို့ သူက ဧရာဝတီကို ပြောပါတယ်။
သူ့အနေနဲ့လည်း လတ်တလော ကာလမှာ မန်နိမ်းရွာကိုပြန်မှာ မဟုတ်ဘဲ မြို့ပြနဲ့ နီးတဲ့ နေရာတွေမှာ ကျဘန်းအလုပ်လုပ်ကိုင်ပြီး ရွာမှာကျန်ခဲ့တဲ့ အမျိုးသမီးနဲ့ ကလေးအတွက် စားရိတ်ထောက်ပံ့တော့မယ်လို့ သူကဆက်ပြောပါတယ်။
KIA အနေနဲ့ ဖမ်းဆီးသွားတဲ့ ဒေသခံ ရွာသူရွာသားတွေကို စစ်သားတွေ၊ စစ်သမီးတွေအဖြစ် မွေးပြီး အသုံးပြုဖွယ်ရှိတယ်လို့ ဒေသခံတွေက ခန့်မှန်းပြောဆို နေကြပါတယ်။
ကွတ်ခိုင်မြို့နယ်အတွင်းမှာ အစိုးရစစ်တပ်အပါအဝင် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ KIA၊ ရှမ်းပြည်မြောက်ပိုင်း တပ်မတော် (SSPP/SSA) နဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ အရွေးချယ်ခံရတဲ့ ဦးခွန်တီမြတ် ရဲ့ အထူးပြည်သူ့စစ် အဖွဲ့တွေ လှုပ်ရှားနေပါတယ်။
KIA က မြန်မာ့တပ်မတော်နဲ့ အပစ်အခတ်ရပ်ဆဲဖို့ ငြိမ်းချမ်းရေးဆွေးနွေးနေပြီး ယခင်အပတ်က ဒုက္ခသည်စခန်းတွေဆီ ကုလသမဂ္ဂက စားနပ်ရိက္ခာ ပို့ဆောင်ထောက်ပံ့မှု ကို နေပြည်တော်က ခွင့်ပြုပေးခဲ့ပါတယ်။